ပြည်သူများအား စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတောပိုင်ခွင့် မပေးဘဲ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မည်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသည့် အတွေးအခေါ်မျိုးဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူများအား စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာ တွေးတောပိုင်ခွင့် မပေးဘဲ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မည်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသည့် အတွေးအခေါ်မျိုးဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 10 January 2015
ဇာလီမြင့်ဦး

ပြည်သူများအား စဉ်းစားပိုင်ခွင့်၊ လွတ်လပ်စွာတွေးတောပိုင်ခွင့် မပေးဘဲ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မည်ဆိုခြင်းသည် အဓိပ္ပာယ်မရှိသည့် အတွေးအခေါ်မျိုးဖြစ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဇန်နဝါရီ ၁ဝ ရက်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၏ လေးနှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်ပွဲအခမ်းအနား၌ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတွင်း လူငယ်များသည် ကမ္ဘာ့အလယ်တွင် ပညာရေးနိမ့်ကျခြင်းကြောင့် ပန်းတိုင်သည်လည်း နိမ့်ကျခဲ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံ နိမ့်ကျခြင်းသည် မည်သည်ကို ဆိုလိုသည်ကိုလည်း အားလုံးလေးလေးနက်နက် တွေးစေချင်ကြောင်းနှင့် ပြည်သူများဆင်းရဲ ဒုက္ခရောက်သည့်အခါတွင် နိုင်ငံနိမ့်ကျသည်ကို လွယ်လွယ်နှင့် တွေး၍ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
“အခုဆိုလို့ရှိရင် ဆင်းရဲမွဲတေမှုပပျောက်ခြင်း ဆိုပြီးတော့ ပြောကြတယ်ပေါ့လေ။ ဆင်းရဲမွဲတေမှု ကျဆင်းအောင်လုပ်မယ်။ ပပျောက်အောင်လုပ်မယ်။ အဲဒါဟာ ဘယ်လိုလုပ်မှာလဲ။ တချို့ကတော့ ဒါအစိုးရက လုပ်ပေးရမယ့်ကိစ္စလို့ ဒီလိုပဲထင်ကြပါတယ်။ အစိုးရက လုပ်ရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ အစိုးရက လုပ်ထားတာတွေ အများကြီးရှိပါတယ်။ တာဝန်ယူ ထမ်းဆောင်ရမှာတွေ ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ပြည်သူလူထုကသာလျှင် မိမိတို့ရဲ့ စွမ်းဆောင်မှုနဲ့ ကိုယ့်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်နိုင်မယ်ဆိုတာကို ကျွန်မတို့အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ပြီးတော့ ဆင်းရဲမွဲတေမှု ဘယ်လိုပပျောက်အောင် လုပ်မလဲဆိုတာ စဉ်းစားတဲ့နေရာမှာ ကျွန်မတို့ဟာ ဉာဏ်ပညာ လိုပါတယ်။ ပညာရှိမှကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ပညာအဆင့်မြင့်မှ ဒီနိုင်ငံဟာ အဆင့်မြင့်နိုင်မှာပါ။ ပြီးတော့ ပညာမရှိဘဲနဲ့ ကျွန်မတို့ ဆင်းရဲမွဲတေမှု ပျောက်အောင် လုပ်နိုင်မယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ပြည်သူတွေကို စဉ်းစားပိုင်ခွင့်မပေးဘူး။ ပြည်သူတွေကို လွတ်လွတ်လပ်လပ် တွေးတောပိုင်ခွင့်မပေးဘဲနဲ့ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မယ်ဆိုတာဟာ ဒါအဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်မျိုးဖြစ်ပါတယ်။ ပြည်သူတွေ အတွေးအခေါ် အဆင့်မြင့်မှ ကျွန်မတို့နိုင်ငံဟာ အဆင့်မြင့်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် လက်ရှိနိုင်ငံသည် ဆင်းရဲသည်ကို မည်သို့မျှငြင်း၍ မရကြောင်း၊ ဆင်းရဲသည့် နိုင်ငံတစ်ခု၏ လိုအပ်ချက်နှင့် ချမ်းသာသည့် နိုင်ငံတစ်ခု၏ လိုအပ်ချက်များသည် မတူညီနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်မူ ဆင်းရဲသည့်အတွက် ထူထောင်သည့်အလုပ်ကို စတင်ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် လူငယ်များတွင် မှန်ကန်သည့် အရည်အချင်းများရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်းတွေမှာ လွတ်လပ်တဲ့ အတွေးအခေါ်တွေရှိတယ်ဆို တာအမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်းမှာ ဆိုလို့ရှိရင် လွတ်လွတ်လပ်လပ် လေ့လာဆည်းပူးပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်ပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်ရှိတယ်။ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ရှိတယ်လို့ ပြောတဲ့နေရာမှာ ကျွန်မက သတိပေးချင်တဲ့ အချက်ကလေးတော့ ထပ်ပြီး ပြောပါရစေ။ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ရှိတယ်ဆိုတာ လွတ်လွတ်လပ်လပ် မုသားပြောဆိုပိုင်ခွင့်ကို ပြောတာမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ် သူတစ်ပါးကို တိုက်ခိုက်ပိုင်ခွင့်ကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်ချက်ကို လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိတာကို ပြောတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ အင်မတန်မှ ဆင်ခြင်တုံတရားရှိရန် လိုအပ်ကြောင်းနှင့် မှန်ကန်၍ အကျိုးရှိမည်ဆိုပါက တစ်ဖက်လူမခံသာပါကလည်း တစ်ခါတစ်ရံ ပြောသင့်ပါက ပြောရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ဒါပေမဲ့လည်း ခံသာအောင် ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ အဲတော့ သူခံသာအောင် တစ်ခါတလေပြောလို့ မဖြစ်ဘူးဆိုတာဟာ အခြေအနေတွေက သိပ်ဆိုးနေတဲ့ အခါကျလို့ရှိရင် ခံသာအောင် ပြောလို့ရှိရင် မသိချင်ယောင်ဆောင် နေတာလည်း ရှိတတ်ပါတယ်။ မသိချင်ယောင် ဆောင်နေမှာစိုးလို့ နားမလည်သလို လုပ်နေမှာစိုးလို့ ပြတ်ပြတ်သားသား ပြောတဲ့အခါကျရင် မခံသာတဲ့ စကားမျိုး ဖြစ်သွားပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ရက်မှ ထူထောင်ထားသည့် ကျောင်းများတွင် ကလေးများကို အတန်းပညာအပြင် စိတ်ဓာတ်ရေးရာနှင့်ဆိုင်သည့် ပညာများကိုပါ သင်ပေးရန် ကြိုးစားလျက်ရှိကြောင်းနှင့် ထိုသို့ပြုလုပ်ခြင်းသည် နိုင်ငံ၏ ပစ္စုပ္ပန်အတွက်သာမက အနာဂတ်အတွက်လည်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၏ လေးနှစ်ပြည့်အဖြစ် အခမဲ့ ပညာဒါနကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ကို ဇန်နဝါရီ ၁ဝ ရက်နှင့် ၁၁ ရက် တို့တွင် ပြည်သူ့ရင်ပြင်၌ နှစ်ရက်ကြာပြုလုပ် သွားမည်ဖြစ်သည်။
NLD ပညာရေးကွန်ရက်မှ ဖွင့်လှစ်ထားသည့် ပညာဒါနကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသား ၂ဝ,ဝဝဝ ခန့် ပညာသင်ကြား လျက်ရှိသည်။         
 

Most Read

Most Recent