ဘတ်ဂျက်သုံးစွဲမှုများနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ ကန့်ကွက်ထားသည့် ပြန်ကြားရေး အပါအဝင် ဝန်ကြီးဌာန ၁၀ ခုကို လွှတ်တော်က ခေါ်တွေ့

ဘတ်ဂျက်သုံးစွဲမှုများနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ ကန့်ကွက်ထားသည့် ပြန်ကြားရေး အပါအဝင် ဝန်ကြီးဌာန ၁၀ ခုကို လွှတ်တော်က ခေါ်တွေ့
Published 9 January 2015
ဝေယံဖြိုးဦး

ဘတ်ဂျက်သုံးစွဲမှုများနှင့် ပတ်သက်၍ စာရင်းစစ်ချုပ်ရုံးမှ ကန့်ကွက်ထားသည့် ပြန်ကြားရေးအပါအဝင် ဝန်ကြီးဌာန ၁ဝ ခု ကို လွှတ်တော်က ဇန်နဝါရီ ၉ ရက်တွင်ခေါ် ယူတွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက်များကို ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ စီမံကိန်းအလိုက် သုံးစွဲပြီးနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးပြီးနောက် ဝန်ကြီးဌာနအချို့ကို စာရင်းစစ်ချုပ်ရုံးက ကန့်ကွက်ထားမှုများ ရှိခဲ့ကြောင်း၊ ထိုသို့ စာရင်းစစ်ချုပ်ရုံးက ကန့်ကွက်ထားမှု များပြားသည့် ဝန်ကြီးဌာနများအား လွှတ်တော်က ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “ကျွန်တော်တို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ကနေပြီးတော့ ဝန်ကြီးဌာန ၁ဝ ခု ဖိတ်ကြားပြီးတော့ ကြားနာခြင်းတွေ ဆောင်ရွက်ပါတယ်။ နံနက် ၉ နာရီကနေပြီးတော့ ညနေ ၄ နာရီကျော်အထိ ဖြစ်ပါတယ်။ အဲဒီမှာ စာရင်းစစ်ချုပ်ရုံး ကန့်ကွက်ချက်တွေထဲက မရှင်းလင်းတာတွေကို ကျွန်တော်တို့ ပြန်ပြီး မေးမြန်းပါတယ်။ ဒါကိုကျွန်တော်တို့ ပြည်သူ့ငွေစာရင်း ကော်မတီကနေ လွှတ်တော်ကို အစီရင်ခံစာပြန်တင်ဖို့ ဖြစ်ပါတယ်။ အမြင့်ဆုံး ဒုဝန်ကြီးလာပါတယ်။ ကျန်တာ ညွန်ကြားရေးမှူးချုပ်တွေ လာပါတယ်” ဟု ပြောကြားသည်။
စာရင်းစစ်ချုပ်ရုံးက ကန့်ကွက်ထားသည့် ဝန်ကြီးဌာနများတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန စသည်တို့ ဖြစ်ကြကြောင်း သတင်းရရှိသည်။
“စာရင်းစစ်ချုပ်ရုံးကနေ အဓိက ကန့်ကွက်တဲ့ကိစ္စကတော့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ ကိစ္စတွေ အများကြီး ရှိနေတာကြောင့်ပါ။ ဘတ်ဂျက်ပြန်လည်ပေးသွင်းမှု နည်းပါးတာတော့ အနည်းအကျဉ်းပေါ့။ ကျွန်တော်တို့ ဘဏ္ဍာရေးစည်းမျဉ်းတွေအရ လုပ်ထုံးလုပ်နည်းမညီတာတို့ လွဲမှားတာတို့ အများဆုံး တွေ့ရပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။
တွေ့ဆုံရာတွင် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား စာရင်းစစ်ချုပ်ရုံး ကန့်ကွက်ချက်များနှင့် ပတ်သက်၍ မည်သို့ကြောင့် ဖြစ်ပွားခဲ့သည်ကို ဖြေရှင်းနိုင်ရန် ကြားနာမှုများပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာနများ၏ တင်ပြချက်များကို လွှတ်တော်သို့ အစီရင်ခံစာအဖြစ် ပြန်လည်တင်ပြရန်ရှိကြောင်း သိရသည်။
အလားတူ ခေါ်ယူတွေ့ဆုံရန် ကျန်ရှိနေသေးသည့် စာရင်းစစ်ချုပ်ရုံးက ကန့်ကွက်ထားသော ကျန်ဝန်ကြီးဌာနများကို ဇန်နဝါရီ ၁ဝ ရက်တွင် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက် လွှတ်တော်အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများအပေါ် သုံးစွဲမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေများနှင့် ပတ်သက်၍ “ပွဲဈေးတန်းမှာ ဆီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စား ဆီးသီးက တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ ဘတ်ဂျက်က အဲဒီလိုဖြစ်နေတယ်” ဟု ပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနများ၏ ဆီးသီးဗန်းမှောက်သည့် ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း လေ့လာစုံစမ်းမှုများ ပြုလုပ်ကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားထားသည်။
ဦးခင်အောင်မြင့်၏ ညွှန်ကြားချက်အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့သည် လေ့လာစုံစမ်းမှုများပြုလုပ်ကာ ဝန်ကြီးဌာနအချို့၏ စီမံကိန်းတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်နေခြင်းမရှိသည့် အချက်အလက် အချို့ကို ရရှိနေကြောင်း၊ ရရှိထားသည့် ဝန်ကြီးဌာန အချို့နှင့် ပတ်သက်သည့် အချက်အလက်များကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားထားသည်။