၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးတို့အတွက် ဆွေးနွေးရန်ဟုဆိုကာ သမ္မတက နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့အား ရွေးချယ်ဖိတ်ကြား

၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးတို့အတွက် ဆွေးနွေးရန်ဟုဆိုကာ သမ္မတက နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့အား ရွေးချယ်ဖိတ်ကြား
Published 9 January 2015
ကျော်ဇင်ဝင်း

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အပါအဝင် ဒီမိုကရေစီ ဆက်လက်ရှင်သန်ဖြစ်ထွန်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးတို့အတွက် သမ္မတနှင့်နိုင်ငံရေး ပါတီခေါင်းဆောင်အချို့ ဇန်နဝါရီ ၁၂ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့တွေ့ဆုံရာတွင် ပါဝင်မည့်ပုဂ္ဂိုလ်များထံသို့ နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက်ဖိတ်ကြားစာများ ပေးပို့ထားပြီး လူဦးရေအရေအတွက် မည်မျှဖိတ်ကြားထားသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။
အဆိုပါတွေ့ဆုံမှုအား “တွေ့ဆုံဆွေးနွေးရေး အစည်းအဝေး” ဟု ခေါင်းစဉ်တပ် ဖိတ်ကြားခြင်းဖြစ်ပြီး အကြောင်းအရာသုံးခု ဖြစ်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး သက်ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော ၂ဝ၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ပြီး ညင်သာစွာ အသွင်ကူးပြောင်းသော နိုင်ငံရေးဖြစ်စဉ်များ ပေါ်ပေါက်ရေးတို့အတွက် ဆွေးနွေးရန် ဖြစ်ကြောင်း သိရသည်။
“လက်ရှိမြန်မာနိုင်ငံက အကျပ်အတည်းတစ်ခုကို ဆိုက်ရောက်နေတယ်။ အထူးသဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဲဒီကိစ္စတွေက အဓိကအားဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ မူတည်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကလည်း လွှတ်တော်တွင်းမှာ ပြင်ဖို့ဆိုတာက မရေရာမသေချာတဲ့ သဘောမှာရှိတယ်။ အဲဒီတော့ တွေ့ဆုံဆွေးနွေးပွဲဆိုရင် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဆွေးနွေးသင့်တယ်။ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးပွဲကလည်း ရပ်တန့်ရုံသာမက နောက်ပြန်ဆုတ်နေတယ်။ ဒါတွေကို ဘယ်လိုဘယ်ပုံ ဖော်ဆောင်မလဲ။ အခုတွေ့ဆုံဆွေးနွေးပွဲ ဆိုတာက တွေ့ရုံသက်သက် ဆွေးနွေးရုံသက်သက်ဆိုရင်တော့ အဆင်မပြေဘူး။ ဆွေးနွေးမှု ဘုံသဘောတူညီချက်တွေ ဘာရနိုင်မလဲ။ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် လုပ်ငန်းစဉ်တွေ ဘယ်လိုပုံဖော်လာမလဲ။ ဒါတွေကိုဘယ် လိုဖြေရှင်းဖို့ရှေ့ကို ရည်ရွယ်မလဲစီစဉ်မလဲဆိုတဲ့ ကိစ္စတွေကို ပြောဖို့ရည်ရွယ်ထားတယ်”  ဟု ဖိတ်ကြားခံရသည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်အား ဖိတ်ကြားစာတွင် အမည်ဖြင့် တိုက်ရိုက်ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ရခိုင်အမျိုးသားပါတီရုံးချုပ်သို့ တိုက်ရိုက်ဖိတ်ကြားသည့်စာ ရောက်ရှိမလာကြောင်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအတွက် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။
“ဘယ်လိုဖိတ်လည်းတော့ မပြောတတ်ဘူး။ ဖိတ်ရင်လည်း စာတော့ရောက်မှာပေါ့။ လူရွေးပြီး ဖိတ်တယ်ဆိုရင် ကေအိုင်အို/ကေအိုင်အေကို ဘာညာဆိုပြီး ဖိတ်တယ်လေ။ အဲဒီမှာ ကေအိုင်အေက မတက်ဘူးလေ။ ကိုယ်စားပြုမှုဆိုရင် ဒီဘက်ကအမြင့်ဆုံးကို ပြန်မေးရမှာပေါ့။ ရုံးချုပ်ကို မေးရမှာပေါ့။ မဟုတ်ရင်တော့ အမည်နဲ့ တိုက်ရိုက်ဖိတ်တာ ဖြစ်သွားမှာပေါ့။ ပါတီကိုယ်စားပြုမှုဆိုရင် ပါတီဘက်ကို မေးရမှာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ထို့ပြင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) ပြောရေးဆိုခွင့်ရှိသူ ဦးဇိုဇမ်က ၎င်းအား ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အနေဖြင့် ဖိတ်ကြားထားပြီး အဖွဲ့ဝင် အခြားပါတီများမှ ခေါင်းဆောင်များ ပါဝင်ခြင်းရှိ၊ မရှိ မသိရှိရသေးကြောင်းနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီနှင့် လူပုဂ္ဂိုလ်နှစ်မျိုးစလုံးအား ဖိတ်ကြားထားခြင်း မရှိကြောင်း ဦးသိန်းညွန့်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။
ကရင်တိုင်းရင်းသား ပါတီတစ်ခုဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ အနေဖြင့်လည်း ဖိတ်ကြားထားမှု မရှိသေးကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။
ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား ဖိတ်ကြားထားကြောင်း သိရသည်။
“ကျွန်တော်ကတော့ တိုင်းဒေသကြီးဝန်ကြီးနဲ့ အောက်ကနေ ပါတီဥက္ကဋ္ဌဆိုပြီး နှစ်မျိုးဖိတ်ထားတယ်။ ဘယ်ဟာကို ဖိတ်တာလဲတော့မသိဘူး” ဟု ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။            
အလားတူ အတိုက်အခံအင်အားကြီး ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား တွေ့ဆုံပွဲသို့တက်ရောက်ရန် ဖိတ်ကြားထားခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က အဆိုပါကိစ္စအား မသိရှိကြောင်း ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်မီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်၌ နေပြည်တော် သမ္မတအိမ်တော်တွင် သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ UNA ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ FDA ကိုယ်စားပြုအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးသိန်းထွန်းတို့ ပါဝင်သော တွေ့ဆုံမှုကို အစိုးရဘက်မှ ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံမှု၌လည်း အချိန်ကပ်၍ ဖိတ်ကြားခဲ့သည့်အပြင် ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီခေါင်းဆောင်များအား အမည်နှင့် တိုက်ရိုက်ဖိတ်ကြား ခဲ့သည့်အတွက် ၎င်းတို့ကိုယ်စားပြုသည့်ပါတီ၊ မဟာမိတ် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်နိုင်ခဲ့ခြင်းမရှိဘဲ ဆွေးနွေးပွဲ၌တစ်ဦးလျှင် ၁ဝ မိနစ်ခန့်သာ ပြောကြားခွင့်ရရှိခဲ့ပြီး လက်ဖက်ရည်သောက် တွေ့ဆုံပွဲပုံစံသာ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်တွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး အရေးကြီးအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက တင်သွင်းခဲ့ပြီး အဆိုအား ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကာ သမ္မတထံသို့ အကြောင်းကြားစာ ပေးပို့ထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားသေးခြင်း မရှိသေးကြောင်းသည်။
ယင်းအပြင် သမ္မတသည် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးပါတီ ၆ဝ ကျော်မှ ခေါင်းဆောင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် သီးသန့်ထပ်မံ တွေ့ဆုံခဲ့ပြီး နေပြည်တော်၌ တွေ့ဆုံခဲ့သည့် တွေ့ဆုံမှုထက် ကျယ်ပြန့်သည့် တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဟု ပြောကြားထားကာ ယခုကဲ့သို့ တွေ့ဆုံမှုထပ်မံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။