ပါရီတိုက်ခိုက်မှုအတွက် သံသယရှိသူ သုံးဦးအနက် အငယ်ဆုံးတစ်ဦး လက်နက်ချအဖမ်းခံပြီး အလိုရှိသော ညီအစ်ကိုနှစ်ဦး၏ ဓာတ်ပုံကို ပြင်သစ်ရဲတပ်ဖွဲ့ ထုတ်ပြန်

ပါရီတိုက်ခိုက်မှုအတွက် သံသယရှိသူ သုံးဦးအနက် အငယ်ဆုံးတစ်ဦး လက်နက်ချအဖမ်းခံပြီး အလိုရှိသော ညီအစ်ကိုနှစ်ဦး၏ ဓာတ်ပုံကို ပြင်သစ်ရဲတပ်ဖွဲ့ ထုတ်ပြန်
Published 9 January 2015

ပြင်သစ်နိုင်ငံကို အံ့ဩတုန်လှုပ်စေခဲ့သော ပါရီရှိ မဂ္ဂဇင်းတစ်စောင်ကို အကြမ်းဖက်တိုက်ခိုက်မှုအတွက် သံသယရှိသူ သုံးဦးအနက် အငယ်ဆုံးသူတစ်ဦးသည် ရဲတပ်ဖွဲ့ထံ လက်နက်ချအဖမ်းခံခဲ့ကြောင်း ယင်းအမှုကို ကိုင်တွယ်ဖြေရှင်းနေသည့် အဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ လူမှုမီဒီယာ၌ ပျံ့နှံ့ခဲ့သော တရားခံဟု မသင်္ကာသူသုံးဦး၏ အမည်များတွင် ၎င်းအမည်ကိုတွေ့ခဲ့ရပြီးနောက် အသက် ၁၈ နှစ်အရွယ် ဟာမစ်မိုရက်သည် ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီတွင် ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့သည်။ပြင်သစ်ရဲတပ်ဖွဲ့သည် တရားခံများဖမ်းဆီးရရှိရေးအတွက် လူထုထံမှ သတင်းအချက်အလက်များ တောင်းဆိုခဲ့ပြီး အလိုရှိနေသော သံသယရှိသူ ညီအစ်ကိုနှစ်ဦး၏ ဓာတ်ပုံများကို ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၃၂ နှစ်အရွယ် ရှရစ်ကီအော်ရှီနှင့် အသက် ၃၄ နှစ်အရွယ် ဆာအိတို့ကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် လက်နက်ကိုင်ထားဖွယ်ရှိပြီး အန္တရာယ်ကြီးကြောင်း ပါရီရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။သေနတ်သမား ညီအစ်ကိုနှစ်ဦးကို ပြင်သစ်မြောက်ပိုင်း Aisne ရှိ ဗေလာကော်တာရက်မြို့အနီးတွင် လောင်စာဆီအရောင်းဆိုင်မန်နေဂျာတစ်ဦးက မြင်တွေ့ခဲ့သည်ဟု ဆိုသည်။မျက်နှာဖုံးစွပ် အနက်ရောင်ဝတ်စုံဝတ် သေနတ်သမားများသည် “အလ္လာဟူအက္ကဘာ”ဟု အော်၍ ပြင်သစ်မဂ္ဂဇင်း Charlie Hebdo ၏ ရုံးကို ဇန်နဝါရီ ၇ ရက်က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ပြင်သစ်တွင် ရာစုနှစ်ဝက်အတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည့် မဂ္ဂဇင်းရုံးတိုက်ခိုက်ခံရမှုတွင် ဂျာနယ်လစ်ရှစ်ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းရှုတ်ချခဲ့ကြပြီး ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လူ၁ဝဝ,ဝဝဝ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ဆန္ဒပြသူများသည် “I am Charlie” ဟု ရေးထားသော နဖူးစည်းစာတန်းများ ကိုင်ဆောင်ထားကြပြီး အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကြသည်။ အွန်လိုင်းတွင်လည်း #JeSuisCharlie ဟု အမှတ်အသားပြုသည့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်က လူသတ်ပွဲတိုက်ခိုက်မှုကို “အဆုံးစွန်သော ရက်စက်မှုလုပ်ရပ်”ဟု ခေါ်ဆိုခဲ့သည်။ သမ္မတအော်လွန်က ဇန်နဝါရီ ၈ ရက်ကို ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်နေ့ ကြေညာခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် အလံများ တိုင်တစ်ဝက် သုံးရက်လွှင့်ထူရန် အမိန့်ထုတ်ခဲ့ကြသည်။ ပြင်သစ်တွင် လွန်ခဲ့သည့် နှစ် ၅ဝ အတွင်း ယင်းကဲ့သို့ အလံတိုင်တစ်ဝက်လွှင့်ထူမှု ငါးကြိမ်သာ ရှိခဲ့သည်။

ပြင်သစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ တွေ့ရသည့်  ရှရစ်ကီအော်ရှီနှင့် ဆာအိအီရတ်နှင့်ဆီးရီးယားတွင် အစ္စလာမ္မစ်အစွန်းရောက် အိုင်အက်စ်တို့နှင့်အတူ သွားရောက်တိုက်ခိုက်နေကြသည့် ပြင်သစ်နိုင်ငံသားများရှိနေသောကြောင့် ပါရီတွင် အခြားဥရောပမြို့တော်များနည်းတူ အကြမ်းဖက်မှုအတွက် တပ်လှန့်ထားခဲ့သည်။ အိုင်အက်စ်တို့က အနောက်နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်ရန် တောင်းဆိုခဲ့စဉ်က ဥရောပတွင် မွတ်စလင်အများဆုံးနေထိုင်သည့် ပြင်သစ်ကို ရွေး၍ ပြောကြားခဲ့ဖူးသည်။စနစ်တကျတွက်ချက်၍ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သော သတ်ဖြတ်တိုက်ခိုက်မှုက လူသတ်သမားများသည် လေ့ကျင့်ရည်မြင့်မားသူများဖြစ်ကြောင်း ဖော်ပြနေသည်ဟု လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူများ က ပြောကြားခဲ့သည်။ပါရီမြို့လယ်ရှိ Charlie Hebdo ၏ ရုံးကို ဇန်နဝါရီ ၇ ရက်က ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် သေနတ်သမားများ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြင်သစ်၏ အထင်ရှားဆုံးကာတွန်းဆရာများကို ရွေး၍ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။လူသတ်ပွဲဖြစ်ပွားသည့် မဂ္ဂဇင်းရုံးအပြင်ဘက်တွင် ရိုက်ကူးရရှိခဲ့သည့် ဗီဒီယို၌ သေနတ်သမားများသည် လူသွားလမ်းပေါ်တွင် ဒဏ်ရာရပြီး လဲကျနေသည့်ရဲကို အနီးကပ်ပစ်ခတ်ခဲ့ကြောင်း တွေ့မြင်ခဲ့ရသည်။လူသတ်ပွဲမြင်ကွင်းသည် ရုပ်ရှင်သဖွယ်ဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပြီး ပါရီမြို့လယ်တွင် သွေးချောင်းစီးခဲ့ကြောင်း မျက်မြင်သက်သေအချို့က ပြောကြားခဲ့ကြသည်။ Charlie Hebdo မဂ္ဂဇင်းသည် အငြင်းပွားမှုများကို ယခင်ကလည်း ဖြစ်စေခဲ့ပြီး မွတ်စလင်တို့၏ ပရောဖက်မိုဟာမက်ကို သရော်သည့်ကာတွန်းများ ဖော်ပြခဲ့သည်။ Charlie Hebdo သည် ဒိန်းမတ်သတင်းစာ Jyllands-Posten တွင် ဖော်ပြခဲ့သော မိုဟာမက်ကာတွန်းကို ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်ဖော်ပြခဲ့ခြင်း ဖြင့် မွတ်စလင်တို့၏ ရှုတ်ချမှုကို ခံခဲ့ရသည်။၂ဝ၁၁ ခုနှစ်တွင်လည်း Sharia Hebdo ခေါင်းစဉ်ဖြင့် မိုဟာမက်ကာတွန်းကို ဖော်ပြခဲ့ပြီး ထိုစဉ်က မဂ္ဂဇင်းရုံးကို မီးဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ လူမျိုးရေးခွဲခြားမှုဥပဒေများဖြင့် တရားရုံးသို့ ရောက်ရှိခဲ့သည့်တိုင် Charlie Hebdo သည် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတွင် မိုဟာမက်ကို ဝတ်လစ်စားလစ်ဖြင့် ကာတွန်းရေးဆွဲဖော်ပြခဲ့သည်။ဇန်နဝါရီ ၇ ရက်တိုက်ခိုက်မှုတွင် လူသတ်သမားများက “တမန်တော်အတွက် ကျွန်တော်တို့ ကလဲ့စားချေလိုက်ပါပြီ။ Charlie Hebdo ကို ကျွန်တော်တို့ သတ်ခဲ့ပါတယ်”ဟု အော်ဟစ်ခဲ့ကြကြောင်း အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။လက်နက်ကိုင်စစ်သွေးကြွတစ်ဦးက  “ပြင်သစ်မှာ တိုက်ခိုက်မှုတွေ မရှိသေးပါဘူး။ စောင့်ပါဦး။ နှစ်သစ်ကူးနှုတ်ခွန်းဆက်ဖို့ ဇန်နဝါရီမကုန်ခင်အထိ ကျွန်တော်တို့မှာ အချိန်ရှိပါတယ်”ဟု ပြောကြားနေသည့် ကာတွန်းပါရှိသည့် နောက်ဆုံးထုတ် မဂ္ဂဇင်းထုတ်ဝေသည့်နေ့မှာပင် လူသတ်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။                         Ref:AFP

Most Read

Most Recent