အငြင်းပွားဖွယ်နိုင်ငံရေး သရော်ကာတွန်းများ ဖော်ပြသော ပြင်သစ်မဂ္ဂဇင်း၏ရုံးကို သေနတ်သမားများ ပစ်ခတ်မှုကြောင့် အယ်ဒီတာချုပ်နှင့် ထင်ရှားသော ကာတွန်းဆရာသုံးဦး အပါအဝင် ၁၂ ဦး သေဆုံး

အငြင်းပွားဖွယ်နိုင်ငံရေး သရော်ကာတွန်းများ ဖော်ပြသော ပြင်သစ်မဂ္ဂဇင်း၏ရုံးကို သေနတ်သမားများ ပစ်ခတ်မှုကြောင့် အယ်ဒီတာချုပ်နှင့် ထင်ရှားသော ကာတွန်းဆရာသုံးဦး အပါအဝင် ၁၂ ဦး သေဆုံး
Published 8 January 2015

အငြင်းပွားဖွယ်နိုင်ငံရေး သရော်ကာတွန်းများ ဖော်ပြလေ့ရှိသော အပတ်စဉ်ထုတ် ပြင်သစ်မဂ္ဂဇင်းတစ်စောင်၏ ရုံးခန်းများကို သေနတ်သမားများက ဇန်နဝါရီ ၇ ရက်တွင် ဝင်ရောက်ပစ်ခတ်မှုကြောင့် မဂ္ဂဇင်းအယ်ဒီတာချုပ်နှင့် ထင်ရှားသော ကာတွန်းဆရာ သုံးဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဆိတ်ငြိမ်သောအရပ်တွင် တည်ရှိသော ယင်းမဂ္ဂဇင်း Charlie Hebdo ရုံးချုပ်ကိုတိုက်ခိုက်မှုသည် ပြင်သစ်တွင် ဆယ်စုနှစ် လေးခုထက်မနည်းအတွင်း သေဆုံးထိခိုက်မှုအများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။ လက်နက်ကြီးများ ကိုင်ဆောင်ထားသည့် သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ချိန်တွင် ရုံးခန်းထဲ၌ မဂ္ဂဇင်းတာဝန်ရှိသူများ နံနက်ပိုင်းအစည်းအဝေး ပြုလုပ်နေချိန်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သေနတ်သမားများသည် အလ္လာဟူအက္ကဘာဟု အော်ဟစ်ခဲ့ကြကြောင်း မျက်မြင်သက်သေများက ကြားခဲ့ရသည်ဟု ရဲများက ပြောကြားခဲ့သည်။

သေနတ်သမားများ အသုံးပြုခဲ့သောကားကို သိမ်းဆည်းနေစဉ်
သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာသို့ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းက ချက်ချင်းရောက်လာခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်ကို သံသယဖြစ်စရာမလိုကြောင်း ပြောကြားခဲ့သည်။ မျက်နှာဖုံးစွပ်ထားပြီး အနက်ရောင်စစ်ဘက်ဝတ်စုံများ ဝတ်ဆင်ထားသည့် ယင်းသေနတ်သမား နှစ်ဦးသည် ရုံးထဲ၌ပစ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံအပြင်ဘက်သို့ ရောက်ရှိချိန်တွင် လမ်းပေါ်၌ရဲများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ၎င်းတို့သည် လဲကျနေသော ရဲတစ်ဦးကိုလည်း သွေးအေးစွာ ပစ်သတ်ခဲ့မှုအား အပျော်တမ်း ဗီဒီယိုရိုက်ကူးသူတစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်းသေနတ် သမားများသည် အနက်ရောင်ကားတစ်စီး ပေါ်သို့တက်၍ မောင်းထွက်သွားခဲ့ပြီးနောက် ပါရီမြောက်ပိုင်းရှိ Rue de Meaux ဒေသတွင် ကားကိုထားပစ်ခဲ့ကြောင်း သိရသည်။
သေနတ်သမားများသည် ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း တာဝန်ခံထုတ်ပြန်သည့်အဖွဲ့ မထွက်ပေါ်သေးပေ။ ပစ်ခတ်မှုများတွင် သေနတ်သမားသုံးဦးအထိ ပါဝင်သည်ဟု ပြင်သစ်ပြည်ထဲရေး ဝန်ကြီးက ပြောကြားခဲ့သည်။ သေဆုံးသူများတွင် ရဲနှစ်ဦးလည်း ပါဝင်ခဲ့ပြီး အခြားလေးဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပါရီတွင်တပ်လှန့်မှုကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ခဲ့သည်။ 

 သေနတ်သမားများ၏ ပစ်ခတ်ခြင်းခံခဲ့ရသော ရဲကားတစ်စီး
အမေရိကန်သမ္မတ ဘာရက်အိုဘားမားကလည်း ယင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး ယင်းတိုက်ခိုက်သူများကို ဖမ်းမိနိုင်စေရန်အတွက် အကူအညီပေးမည်ဟု ကတိပြုခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ အာရပ်အဖွဲ့ချုပ်ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။
Charlie Hebdo မဂ္ဂဇင်းသည် ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီတွင်လည်း ဒိန်းမတ်နေ့စဉ် သတင်းစာ Jyllands-Posten က မူလဖော်ပြခဲ့သည်ဟု ယူဆရသော တမန်တော်မိုဟာမက် ကာတွန်းများကို ပြန်လည်ပုံနှိပ်ဖော်ပြခဲ့၍ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာတွင်လည်း Sharia Hebdo ခေါင်းစဉ်အောက်တွင် တမန်တော် မိုဟာမက် ကာတွန်းတစ်ခု ပုံနှိပ်ဖော်ပြခဲ့၍ ရုံးခန်းများကို မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ယင်းမဂ္ဂဇင်း အယ်ဒီတာချုပ်ဖြစ်သော အသက် ၄၇ နှစ်ရှိ စတီဖနီချားဘွန်နီယားသည် ယခင်က အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် နေထိုင်နေရခြင်းဖြစ်သည်။ စတီဖနီချားဘွန်နီယားသည် Charb အမည်ဖြင့်လည်း ကာတွန်းများရေးဆွဲခဲ့ပြီး Cabu၊ Tignous နှင့် Wolinski စသည့် ကာတွန်း ဆရာသုံးဦးလည်း ယင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်။               
Ref:AFP
 

Most Read

Most Recent