၂၀၁၅ ဇန်နဝါရီလ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

၂၀၁၅ ဇန်နဝါရီလ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 7 January 2015

လူသတ်မှု၊ ခိုးမှုများနှင့် အစိုးရသစ်လက်ထက်
တရားဥပဒေစိုးမိုးမှုရှိသော လူမှုအသိုင်းအဝိုင်းတွင် သာမန်ပြည်သူများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများအတွက် တရားဥပဒေ၏ အကာအကွယ်ကိုရရှိရန် လိုအပ်ပါသည်။ ထို့အပြင် ၎င်းတို့တွေ့ကြုံနေရသော မတရားမှုများကိုလည်း ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် တရားရေး အဖွဲ့အစည်း အဆင့်ဆင့်မှတစ်ဆင့် ဖြေရှင်းခွင့်ရရှိမည်ဖြစ်သည်။ ကောင်းမွန်ခိုင်မာသည့် တရားစီရင်ရေး စနစ်ရှိသော လူမှုအသိုင်းအဝိုင်းတွင် အစိုးရနှင့် နိုင်ငံရေးပါတီများအပါအဝင် အခြားသော ဩဇာကြီးမားသူများက သာမန်ပြည်သူများ၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းမပြုလုပ်နိုင်ရန် တားမြစ်ပေးထားကြောင်း The World Justic Project ၏စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု အနေအထားကို မည်သို့တိုင်းတာနိုင်မည်နည်း။ အများပြည်သူများအကြား ဖြစ်ပွားနေသော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်များအရ ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း မှုခင်းဖြစ်စဉ်များတွင် လူသတ်မှု၊ ခိုးမှုအပါအဝင် မှုခင်းဖြစ်စဉ်များ ပိုမိုဖြစ်ပွားလာကြောင်း တွေ့ရသည်။  နှစ်အလိုက် မှုခင်းဖြစ်စဉ်များတွင် လူသတ်မှု၊ ခိုးမှုများက အခြားမှုခင်းဖြစ်စဉ်များနှင့် သာမန်အမှုများထက် ပိုများနေသည်။ ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်အတွင်း မှုခင်းဖြစ်စဉ် စာရင်းများတွင် လူသတ်မှု (၁၃၃၃ မှု)၊ ခိုးမှု (၅၂၂၉ မှု)၊ မုဒိမ်းမှု (၇၄၁ မှု) နှင့် ယာဉ်တိုက်မှု (၁၄၇၉၈ မှု) တို့ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ပစ္စည်းလု၊ လူသတ် ဖြစ်စဉ်သတင်းများ အတွေ့ရ များလာပြီး လူသတ်မှုဖြစ်စဉ်အချို့မှာ ရက်ရက်စက်စက် သတ်ဖြတ်သည့် ပုံစံမျိုးများဖြစ်ရာ တရားဥပဒေစိုးမိုးမှုနှင့် အဘယ့်ကြောင့် ယခုကဲ့သို့ ရက်စက်သော ဖြစ်စဉ်များ ပေါ်ပေါက်ရသနည်းဟု မေးခွန်းထုတ်မှုများ ရှိလာသည်။
မှုခင်းဖြစ်စဉ်များ၏ သဘောတရားအရ ကျူးလွန်သူများ၏ စိတ်အခြေခံနှင့် ပတ်ဝန်းကျင်အဝန်းအဝိုင်း အနေအထားများက ဆက်စပ်မှုရှိနေကြောင်း ပညာရှင်အချို့က သုံးသပ်သည်။ ပုံမှန်မဟုတ်သော စိတ်အခြေအနေများက ရက်စက်သော လူသတ်မှုဖြစ်စဉ်များကို ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ အချို့မှာ မူးယစ်ဆေးဝါးများ သုံးစွဲထားခြင်း၊ အလိုမကျမှု အငြိုးအတေးနှင့် အမုန်းတရား ကြီးထွားမှု၊ အထွေထွေ အဆင်မပြေမှုနှင့် ဖိစီးလွန်းမှုများက လူတစ်ဦးချင်းစီ၏ ဆင်ခြင်တုံတရားအား အနိုင်ယူသွားခြင်းမျိုးကြောင့်လည်း ရက်စက်သော လူသတ်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များအနက် ၂ဝ၁၄ ဒီဇင်ဘာ ၂၉ တွင် ရန်ကုန်မြို့ သာကေတမြို့နယ်တွင် တစ်ဦးတည်းဆေးခန်းဖွင့် နေထိုင်သော အသက် ၅၇ နှစ်အရွယ် ဆရာဝန်တစ်ဦး အသတ်ခံရမှုနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂ဝ၁၅ ဇန်နဝါရီ ၅ ရက်က အသက် ၇ဝ အရွယ် အမျိုးသမီးကြီးတစ်ဦး အသတ်ခံရမှုတို့သည် အများစိတ်ဝင်စားသော မှုခင်းဖြစ်စဉ်များဖြစ်သည်။ ပထမဖြစ်စဉ်တွင် အသတ်ခံရသည့် ဆရာဝန်သည် နေအိမ်အိပ်ခန်း မီးခံသေတ္တာဖွင့်လျက် သေဆုံးနေခြင်းဖြစ်ပြီး ဒုတိယဖြစ်စဉ်တွင် အသက် ၇ဝ အရွယ် အမျိုးသမီးကြီးသည် လက်နှစ်ဖက်အား ကြိုးတုပ်၍ ပါးစပ်တွင် အဝတ်ဆို့လျက် သေဆုံးနေခြင်းဖြစ်သည်။
မှုခင်းဖြစ်စဉ်များကြောင့် အမြင်အမျိုးမျိုး ဝေဖန်မှုအဖုံဖုံရှိရာ အချို့က အစိုးရသစ်လက်ထက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက် လာသူများတွင် ခိုးမှုနှင့် လုယက်မှုကြောင့် ပြစ်ဒဏ်ကျခံရသူများ ပါဝင်လာမှုအပေါ် ထောက်ပြနေကြသည်။ ထို့အပြင် တရားဥပဒေ စိုးမိုးရေးအတွက် စိုးရိမ်မှုများရှိနေပြီး သက်ဆိုင်ရာတာ ဝန်ရှိသူများက ပြစ်ဒဏ်ကျူးလွန်၍ ပြန်လွတ်လာသူများအား စောင့်ကြည့်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ The World Justic Project ၏ စစ်တမ်း (၂ဝ၁၄ ညွှန်းကိန်း) တွင် မြန်မာနိုင်ငံက ဒေသတွင်း ၁၅ နိုင်ငံအနက် အဆင့် ၁၄ နှင့် စစ်တမ်းကောက်ယူသည့် နိုင်ငံပေါင်း ၉၉ နိုင်ငံအနက် အဆင့် ၈၉ ဖြစ်ကြောင်း ဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ လူသတ်မှု၊ ခိုးမှုများ အစိုးရသစ်လက်ထက်တွင် ပိုများလာသည် ဆိုသောကြောင့် ယခင်ထက် ပိုမိုအလေးထား ဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
 
 

Most Read

Most Recent