မဖြူနှင်းထွေးလွတ်မြောက်ရန် မန္တလေးမြို့တွင်ဆုတောင်းပွဲပြုလုပ်ခဲ့သူအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်တစ်လပြစ်ဒဏ်ချမှတ်

မဖြူနှင်းထွေးလွတ်မြောက်ရန် မန္တလေးမြို့တွင်ဆုတောင်းပွဲပြုလုပ်ခဲ့သူအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်တစ်လပြစ်ဒဏ်ချမှတ်
Published 7 January 2015
လဲ့လဲ့အောင်

ဗကသကျောင်းသူ မဖြူနှင်းထွေးလွတ်မြောက်ရေးဝတ်ပြုဆုတောင်းမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသည့် မတင်မာရီအား ချမ်းမြသာစည်မြို့နယ်တရားရုံးတွင်စစ်ဆေးခဲ့ပြီး ဇန်နဝါရီ ၇ ရက် ရုံးချိန်း၌ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ကြောင်း သိရသည်။    မတင်မာရီအား ပုဒ်မ ၁၈ ဖြင့် အောက်တိုဘာ ၃၁ ရက်က ချမ်းမြသာစည်တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၁၈ ဖြင့် ငြိစွန်းမှု ရှိ၊ မရှိ စစ်ဆေးမှုများကို တရားရုံးတွင်အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ဇန်နဝါရီ ၇ ရက် ကိုးကြိမ်မြောက်ရုံးချိန်း၌ မြို့ နယ်တရားသူကြီးကခွင့်ပြုချက်မတင်ဘဲ လူစုဝေးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားသူကြီးအနေနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အခါမှာ ဖြစ်သင့်တာက ဒဏ်ငွေကိုအရင်ပြောပြီးမှ ပေးဆောင်နိုင်ခြင်းမရှိရင် ထောင်ဒဏ်ချမှတ်ရမှာဖြစ်ပေမယ့် မတင်မာရီကို ထောင်ပြစ်ဒဏ်တန်းချမှတ်ခဲ့ပါတယ်

"ဒီနေ့ရုံးချိန်းမှာ မတင်မာရီကို တည်ဆဲဥပဒေထဲမှာပါတဲ့ ခွင့်ပြုမိန့်တင်ခြင်းမရှိဘဲ ဆုတောင်းပွဲပြုလုပ်လို့၊ တည်ဆဲဥပဒေကိုချိုးဖောက်တဲ့အတွက် ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ်တစ်လချမှတ်ခဲ့တာပါ။ တရားသူကြီးအနေနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အခါမှာ ဖြစ်သင့်တာက ဒဏ်ငွေကိုအရင်ပြောပြီးမှ ပေးဆောင်နိုင်ခြင်းမရှိရင် ထောင်ဒဏ်ချမှတ်ရမှာဖြစ်ပေမယ့် မတင်မာရီကို ထောင်ပြစ်ဒဏ်တန်းချမှတ်ခဲ့ပါတယ်။ လူအများဝင်ထွက်သွားလာနိုင်တဲ့ဘုရားပေါ်မှာ အစုအဝေးနဲ့ ဆုတောင်းပွဲပြုလုပ်တိုင်း ခွင့်ပြုချက်မယူလို့ ဥပဒေကိုချိုးဖောက်တယ်ဆိုရင် ရှင်ပြု၊ နားသအလှူအတန်းလူစုလူဝေးတွေလည်း ခွင့်ပြုချက်ယူပြီးမှ ဆောင်ရွက်ရမှာလား။ ကျွန်မတို့အဖွဲ့ခွင့်ပြုချက်မယူလို့ သက်သက်အရေးယူတာလား။ မမျှတတဲ့တရားဥပဒေစိုးမိုးနေသမျှ အခုလိုဖြစ်ရပ်တွေကြုံတွေ့နေရဦးမှာပါ" ဟု တမာရိပ်အမျိုးသမီးအဖွဲ့မှ မနေဆုလှိုင်ကပြောကြားသည်။    တမာရိပ်အဖွဲ့ဦးဆောင်၍ မန္တလေးမြို့ရှိ အမျိုးသမီးအင်အားစုများက ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်က မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ဝတ်ပြုဆုတောင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းဆုတောင်းပွဲနှင့်ပတ်သက်၍ မတင်မာရီအား ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်း ရဲမှူးမြင့်ဇော်က တရားလိုပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် စတင်အမှုဖွင့်ခဲ့ပြီး အမှုအားစစ်ဆေးနိုင်ရန် အောက်တိုဘာ ၂၀ ရက်တွင် ချမ်းမြသာစည်မြို့နယ် တရားရုံးသို့လွှဲပြောင်းခဲ့ရာ အောက်တိုဘာ ၃၁ ရက်၌ တရားရုံးတွင် အမှုအားပထမဆုံးအကြိမ်စစ်ဆေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၇ ရက် ကိုးကြိမ်မြောက်ရုံးချိန်း၌ ပြစ်ဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ တရားရုံးက ပြစ်ဒဏ်အမိန့်ချမှတ်ပြီးပြီးချင်း မတင်မာရီအား အိုးဘိုအကျဉ်းထောင်သို့ခေါ်ဆောင်သွားကြောင်း သိရသည်။

Most Read

Most Recent