IRI အဖွဲ့အနေဖြင့် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့အသိပေးရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောကြား

IRI အဖွဲ့အနေဖြင့် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့အသိပေးရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောကြား
Published 7 January 2015

နိုင်ငံရေးပါတီများ စွမ်းရည်မြှင့်တင်ရေးနှင့် မဲဆွယ်စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးသင်တန်းများပို့ချနေသည့် International Republican Institute (IRI) အဖွဲ့အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့အသိပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇန်နဝါရီ  ၇ ရက်တွင် IRI အဖွဲ့တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ကော်မရှင်ရုံး၌တွေ့ဆုံစဉ် သတိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါတွေ့ဆုံပွဲ၌ IRI အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရာ၌ နိုင်ငံရေးပါတီများအားလုံးပါဝင်စေလိုပြီး တန်းတူညီမျှပါဝင်နိုင်ဖို့ဆန္ဒရှိကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင်ပညာပေးခြင်းကိုဆောင်ရွက်ရာတွင် ထိရောက်သောပညာပေးမှုဖြစ်စေရေး၊ လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုကောင်းမွန်ရေးနှင့် မဲဆန္ဒရှင်များ ပညာပေးခြင်းဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများ မျှဝေပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း IRI အဖွဲ့၏ ဌာနေညွှန်ကြားရေးမှူး Mr.Stephen Cima ကပြောကြားသည်။ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက IRI အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက်ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအား ပွင့်လင်းမြင်သာစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရာတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များအားသိရှိရန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ CSO များထိတွေ့မှုများပါက ခင်မင်ရင်းနှီးမှုရှိလာမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုနားလည်မှုရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။ထို့ပြင် ကော်မရှင်အဖွဲ့ခွဲများကိုလည်း နိုင်ငံရေးပါတီများ၊ CSO များနှင့် မကြာခဏတွေ့ဆုံနိုင်ရေးဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ IRI မှပြုလုပ်သည့်သင်တန်းများသို့ ကော်မရှင်ဝန်ထမ်းများကိုလည်း တက်ရောက်စေခြင်းဖြင့် နိုင်ငံရေးပါတီများ၊ CSO များနှင့်ထိတွေ့မှုရရှိပြီး လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ IRI အနေဖြင့် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့ အသိပေးဆောင်ရွက်ရန်လိုကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။ယခုကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် IRI အဖွဲ့တာဝန်ရှိသူများမတွေ့ဆုံမီ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က IRI အဖွဲ့က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး၌ ပါတီဝင်များအား မဲဆွယ်စည်းရုံးရေးဆိုင်ရာကိစ္စရပ်များသင်တန်းပို့ချခဲ့သဖြင့် ပါတီတစ်ခုတည်းသို့ သင်တန်းပို့ချခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ငြိစွန်းနိုင်ကြောင်း IRI အဖွဲ့အား ကော်မရှင်မှ နိုဝင်ဘာ ၂၈ ရက်တွင် အကြောင်းကြားစာပေးပို့သတိပေးခဲ့သည်။သို့ရာတွင် IRI အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သင်တန်းမပို့ချမီ အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အလားတူသင်တန်းမျိုးပို့ချခဲ့သော်လည်း သတိပေးခံရခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent