ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီက ယခုနှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လွှတ်တော်ပြင်ပ ပြည်ထောင်စုညီလာခံတစ်ရပ်ပေါ်ပေါက်လာရေးတို့အတွက် လူထုလှုံ့ဆော်မှုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီဝင် ဦးမြင့်အောင်က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားသည်။ ဦးမြင့်အောင်က "ကျွန်တော်တို့ ၂၀၁၄ ခုနှစ်အတွင်းကတော့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတယ်။ အဓိက ရှစ်လေးလုံးငွေရတုကြေညာချက်တွေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးတို့ နယ်ပယ်ပေါင်းစုံပါဝင်တဲ့ လွှတ်တော်ပြင်ပပြည်ထောင်စုညီလာခံပေါ်ပေါက်ရေး ဒါတွေနဲ့ပတ်သက်လို့ ဆွေးနွေးအဖြေရှာခဲ့တယ်။ ဒီနှစ်ထဲမှာတော့ အဓိကလူထုလှုံ့ဆော်မှုတွေလုပ်သွားမယ်။ ကျွန်တော်တို့ကြေညာချက်ပါ အချက်တွေနဲ့ပတ်သက်လို့ လူထုသိအောင်မျှဝေမယ်။ ဒီနေရာမှာ လွှတ်တော်တွင်းကကိုယ်စားလှယ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်မယ်" ဟုပြောကြားသည်။ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ၏အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါအစည်းအဝေးမှ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကော်မတီအနေဖြင့် လူထုလှုံ့ဆော်မှုများကို ယခင်နှစ်များထက် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထို့အတွက်လည်း လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ခြုံငုံအကောင်အထည်ဖော်နိုင်ရန် ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးမြင့်အောင်ကဆိုသည်။ သို့သော် မည်သည့်ပါတီမှ မည်သူဖြင့်ချိတ်ဆက်ဆောင်ရွက်စီစဉ်ထားခြင်းမရှိသေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားတွေ့ဆုံဆွေးနွေးဖူးသည့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များပါဝင်နိုင်ကြောင်း ဦးမြင့်အောင်က ခန့်မှန်းပြောကြားသည်။ "လက်ရှိတော့ ဘယ်ပါတီက ဘယ်ပုဂ္ဂိုလ်နဲ့ ပူးပေါင်းလုပ်နေတယ်ဆိုပြီးတော့ ပြောလို့မရသေးဘူး။ လိုအပ်ရင်လိုအပ်သလို အကြံဉာဏ်များရယူဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။ အဆိုပါကော်မတီအနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ တိုင်းရင်းသားပါတီများဖြင့်ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) တို့နှင့်လည်း မကြာခဏတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ထားပြီးဖြစ်သည်။ ထို့ပြင် လက်ရှိအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တွေ့ဆုံခွင့်ရရေး ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားထားမှုများလည်းရှိသည်။ ၂၀၁၃ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ကျင်းပခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ (၂၅) နှစ်မြောက် ငွေရတုအခမ်းအနားမှချမှတ်ခဲ့သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရန် (သို့မဟုတ်) အသစ်ရေးဆွဲရန်၊ အမျိုးသားအင်အားစုများအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန် စသည်တို့ကို အကောင်အထည်ဖော်ရန်ရည်ရွယ်ချက်ဖြင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ် ၃၅ ဦးပါ ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပပြီးသည်မှာ နှစ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း ငွေရတုအခမ်းအနားကြေညာချက်ပါအချက်များအား အကောင်အထည်ဖော်နိုင်မှုမရှိသေးသည်ကိုလည်း ဝေဖန်မှုများရှိနေသည်။
ယခုနှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် လွှတ်တော်ပြင်ပ ပြည်ထောင်စုညီလာခံပေါ်ပေါက်ရေးတို့အတွက် လူထုလှုံ့ဆော်မှုများပြုလုပ်မည်