လက်ပံတောင်းတောင် စီမံကိန်းမှ နှစ်ပေါင်း ၃၀ အတွင်း ရရှိမည့် အကျိုးအမြတ် ဒေါ်လာသန်း ၆၀၀၀ ခန့်နှင့် နှိုင်းယှဉ်ပါက ဒေသခံများ ရရှိသည့် မြေယာလျော်ကြေး ဒေါ်လာ ၁၀ သန်းကျော်မှာ အဆမတန် နည်းပါး

လက်ပံတောင်းတောင် စီမံကိန်းမှ နှစ်ပေါင်း ၃၀ အတွင်း ရရှိမည့် အကျိုးအမြတ် ဒေါ်လာသန်း ၆၀၀၀ ခန့်နှင့် နှိုင်းယှဉ်ပါက ဒေသခံများ ရရှိသည့် မြေယာလျော်ကြေး ဒေါ်လာ ၁၀ သန်းကျော်မှာ အဆမတန် နည်းပါး
Published 6 January 2015
ဖြိုးဝေ

သတင်းဆောင်းပါးလက်ပံတောင်းတောင် စီမံကိန်းအတွက် မြေယာလျော်ကြေးအဖြစ် ဒေသခံများကို မြန်မာဝမ်ပေါင်က အမေရိကန်ဒေါ်လာ ၁ဝ သန်းကျော် (ကျပ် ၁ဝ၇၉၆၆ ဒသမ ၉၂)  ပေးလျော်ထားမှုမှာ လက်ပံတောင်းတောင် စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ ကျော်ကို နှစ်ပေါင်း ၃ဝ အထိ နှစ်စဉ်ရရှိနေပြီး စီမံကိန်း ပထမကာလတွင်ပင် အမေရိကန်ဒေါ်လာ သန်း ၆ဝဝဝ ခန့် ရရှိနေသည့် အစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့၏ အကျိုးအမြတ်များနှင့် နှိုင်းယှဉ်မည်ဆိုပါက အဆမတန် နည်းပါးနေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာကြောင်း သိရသည်။လက်ပံတောင်းတောင် စီမံကိန်းအတွက် ဝမ်ပေါင်၏ ရင်းနှီးမြှုပ်နှံမှု။လက်ပံတောင်းတောင် စီမံကိန်းအတွက် သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အမှတ် ဝဝဝ၃/၂ဝ၁ဝ ဖြင့် ဓာတ်သတ္တုအကြီးစား တူးဖော်ထုတ်လုပ်ခွင့် ရရှိထားပြီး ၂ဝ၁၂ ခုနှစ် စက်တင်ဘာလမှ စတင်၍ နှစ် ၆ဝ မြေငှားရမ်းခွင့် ရရှိထားပြီးဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အပိုဒ် ၅၂ တွင် ဖော်ပြထားချက်အရ သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂ဝ၁ဝ ပြည့်နှစ် မေ ၅ ရက် ရက်စွဲပါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်အမှတ် ၄၃၈/၂ဝ၁ဝ ကို ရရှိထားသည်။လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်တို့ အကျိုးတူ လုပ်ဆောင်နေသည် ဆိုသော်လည်း အဓိက လုပ်ကိုင်မှုနှင့် ငွေကြေးအားလုံး ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီမှာ မြန်မာဝမ်ပေါင်ကုမ္ပဏီ ဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် ဝမ်ပေါင်သတ္တုတွင်း ကုမ္ပဏီက မြန်မာဝမ်ပေါင် ကုမ္ပဏီသည် စီမံကိန်းအား ရင်းနှီးမြှုပ်နှံရမည့် ပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ပဏ္ဍိတ ဖွံ့ဖြိုးရေး အင်စတီကျု၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါ အမေရိကန်ဒေါ်လာ ၉၉၇ သန်းကို ရာနှုန်းပြည့် မြှုပ်နှံနိုင်ရန် နိုင်ငံခြားဘဏ်မှ တစ်ဆင့် စီမံကိန်း ကုန်ကျစရိတ်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလံျအား ချေးယူထားပြီး လက်ရှိအချိန် စီမံကိန်း မလည်ပတ်နိုင်မီ ကာလတွင် အမေရိကန်ဒေါ်လာ တစ်သန်းအား အတိုးငွေအဖြစ် လစဉ်ပြန်လည် ပေးဆပ်နေရကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi က Eleven Media Group ၏ မေးမြန်းမှုအပေါ် ဖြေကြားထားသည်။လက်ပံတောင်းတောင် စီမံကိန်းမှ မြန်မာအစိုးရ၊ ဦးပိုင်နှင့် ဝမ်ပေါင်က နှစ်စဉ် ရရှိနေမည့် အကျိုးအမြတ်များနှင့် ဒေသခံများ၏ လျော်ကြေး။လက်ပံတောင်းတောင် စီမံကိန်းအား စတင်လုပ်ဆောင်စဉ် အချိန်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ရရှိမှုမှာ နည်းပါးနေသဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အရ စာချုပ်ပြန်လည် ချုပ်ဆိုပြီးနောက် မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း ခွဲဝေရယူမည်ဖြစ်သည်။ စာချုပ်အရ မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်အား ရရှိနေမည်ဖြစ်ကြောင်း Mr.Geng Yi က Eleven Media Group ၏ မေးမြန်းမှုအပေါ် ဖြေကြားထားသည်။အဆိုပါ ပမာဏမှာ ဒေသခံလူထုက နှစ်စဉ် ရရှိနေမည့် အမေရိကန်ဒေါ်လာ သန်း ၂ဝ နှင့် ညီမျှသည့် ပစ္စည်း၊ ဝန်ဆောင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပါဝင်မှု မရှိသေးသည့်အပြင် ကြေးနီသတ္တု ထုတ်လုပ်သည့် ကာလတွင် ဆိုပါက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ခန့် အစိုးရနှင့် ပြည်သူလူထုက ခံစားရမည်ဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြန်မာဝမ်ပေါင်၏ ရွေးချယ်မှုအရ အစီရင်ခံစာ ရေးဆွဲခဲ့သည့် ဩစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold ၏ ‘ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ခြင်း’ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။အဆိုပါ အကျိုးအမြတ်ခွဲဝေ တွက်ချက်မှုအရ မြန်မာဝမ်ပေါင် ကုမ္ပဏီသည် ကြေးနီထုတ်လုပ်မှုမှ အကျိုးအမြတ် ခွဲဝေရာတွင် ၃ဝ ရာခိုင်နှုန်း ရယူမည် ဖြစ်သဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆ဝ ခန့် စီမံကိန်း လုပ်ကိုင်နေသည့် ကာလတစ်လျှောက် (ကနဦး မိုင်းသက်တမ်း နှစ် ၃ဝ သတ်မှတ်ထားသော်လည်း နှစ် ၆ဝ အထိ မြေငှားရမ်းခွင့် ရရှိထား) အကျိုးအမြတ် ရရှိနေမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ အကျိုးအမြတ် ခွဲဝေမှုများအရ မြန်မာ့စီးပွားရေး ဦးပိုင်သည် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၄ဝ ကျော်အား စီမံကိန်း လုပ်ဆောင်နေသည့် ကာလတစ်လျှောက် အကျိုးအမြတ် ရရှိနေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အချိုးကျခွဲဝေမှုများကို စုပေါင်းတွက်ချက်မည် ဆိုပါက စီမံကိန်း စတင်လုပ်ဆောင်သည့် ကနဦး နှစ် ၃ဝ အတွက်ပင် အစိုးရ၊ ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့က အမေရိကန်ဒေါ်လာ သန်း ၆ဝဝဝ ခန့် ရရှိနေမည်ဖြစ်ကာ မြေငှားရမ်းလုပ်ပိုင်ခွင့် သက်တမ်း နှစ် ၆ဝ ခွင့်ပြုချက်အရ သက်တမ်းထပ်မံ တိုးမြှင့်မည် ဆိုပါက အစိုးရ၊ ဦးပိုင်နှင့် ဝမ်ပေါင်တို့အတွက် အမေရိကန်ဒေါ်လာ သန်း ၆ဝဝဝ ၏ နှစ်ဆခန့်ဖြစ်သည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၂ဝဝဝ ခန့်ကိုပင် ရရှိနိုင်မည် ဖြစ်သည်။ထိုသို့ အစိုးရ၊ ဦးပိုင်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့၏ အကျိုးအမြတ် ခွဲဝေမှုများ အများအပြား ရရှိနေသော်လည်း ဒေသခံများမှာမူ တစ်ဧကလျှင် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၃ဝ အကြား ပေးလျော်ထားသည်ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Admin Manager Mr.Dong Yunfei က ပြောကြားသည်။ အဆိုပါ လျော်ကြေးများမှာ ဒေသခံများအား မြန်မာဝမ်ပေါင်က သုံးကြိမ်တိုင် ပေးလျော်ပြီးမှ ရောက်ရှိလာသည့် အနေအထားသာဖြစ်ကြောင်း သိရသည်။ထိုသို့ ဒေသခံများ၏ လယ်မြေများသိမ်းယူမှုအတွက် ပေးလျော်ထားသည့် ပမာဏမှာ စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်နှင့် နှိုင်းယှဉ်ပါက ပြောပလောက်သည့် ပမာဏ မဟုတ်ကြောင်း လက်ပံတောင်းတောင် စီမံကိန်း ဧရိယာနှင့် ထိစပ်နေသည့် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သုံးသပ်သည်။
လက်ပံတောင်း စီမံကိန်းကို ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ ကုမ္ပဏီနှစ်ခု သဘောတူညီပြီး လုပ်ခဲ့ကြတယ်။ ဒီစီမံကိန်းကို ဆောင်ရွက်တဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်က ကုမ္ပဏီတွေသာ ဖြစ်ပါတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက နိုင်ငံကို ကိုယ်စားမပြုပါဘူး။ အဲ့ဒီလို ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်ကို နိုင်ငံတော်က သဘောတူထားတယ်ဆိုပြီး လုပ်ဆောင်တာက ဥပဒေကို လက်တစ်လုံးခြား လုပ်တယ်လို့ မြင်ပါတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ် ဆိုရင်လည်း ပြည်သူသည် နိုင်ငံတော်ရဲ့ အစိတ်အပိုင်း . . . . .

“အကျိုးအမြတ် ခွဲဝေမှုကတော့ အားလုံးကျေနပ်ရင် ကျေနပ်တယ်ပေါ့ဗျာ။ နိုင်ငံတော်က ဘယ်လောက်ရလဲ၊ ဒေသခံက ဘယ်လောက်ရလဲ ဆိုတာနဲ့ နိုင်ငံတကာမှာ ဘယ်လောက်ရလဲဆိုတာ ချိန်ကြည့်မှ ကောင်းတယ်ဆိုးတယ် သိရမယ်။ ဒေသခံက မကျေနပ်ရင်တော့ မကျေနပ်သေးလို့ပေါ့ဗျာ။ လက်ပံတောင်းတောင် စီမံကိန်းမှာဆိုရင် ဆိုးနေတာက မြေယာလျော်ကြေး ကိစ္စပါ။ အဲဒီဟာက တော်တော်လေး ဆိုးနေတာ တွေ့နေရတယ်။“အခု လျော်ပေးထားတဲ့ ကျပ်သိန်း တစ်သိန်းကျော်က ဒေါ်လာနဲ့တွက်ရင် ၁ဝ သန်းကျော်ပဲ ရှိမယ်။ သူတို့ရမယ့် အကျိုးအမြတ်က အမေရိကန်ဒေါ်လာ သန်း ၅ဝဝဝ၊ သန်း ၆ဝဝဝ ဆိုတော့ ရိုးရိုးလေး တွက်ကြည့်ရင်ကို တော်တော်ကြီးကို ကွာဟနေပါတယ်။ ဒေါ်လာ ၁ဝ သန်းလောက် လျော်ပေးရုံနဲ့ တာဝန်ကျေပြီလို့ ပြောလို့ မရပါဘူး” ဟု စိမ်းလန်းအမိမြေမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက သုံးသပ်သည်။လက်ပံတောင်းတောင် စီမံကိန်းမှ မြန်မာနိုင်ငံက ရရှိနိုင်မည့် ဆိုးကျိုးများ။လက်ပံတောင်းတောင် စီမံကိန်း၏ မိုင်းသက်တမ်း နှစ် ၃ဝ အတွင်း ခန့်မှန်းတန်ချိန် ၁ ဘီလျံရှိ ကြေးနီများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စွန့်ပစ်ကျောက်များ ဖယ်ရှားမှု အချိုး ဝ ဒသမ ၉၉ အရ စွန့်ပစ်ကျောက် တစ်ဘီလျံတန်ခန့် ထွက်ရှိလာမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်၏ အကြံပေး ကုမ္ပဏီအဖြစ် ငှားရမ်းထားသည့် knight Pie'sold ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံ အခြေစိုက် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ စွန့်ပစ်ကျောက်များမှ ဖြစ်ပေါ်လာသော သတ္တုဓာတ် ပါဝင်သည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့် မြေအောက်ရေတို့အား ပတ်ဝန်းကျင်ဆိုင်ရာ အလွန်အမင်း ဆိုးရွားသော အန္တရာယ်တစ်ခု ဖြစ်စေနိုင်သည်။ ယင်းအပြင် စီမံကိန်းဧရိယာမှ ထွက်ရှိလာနိုင်ဖွယ်ရှိသော ရေသည်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အက်စစ်ဖြင့် သတ္တုရည် ဖျော်ထုတ်ခြင်းသည် မိုင်းပိတ်သိမ်းပြီးနောက် ထူးထူးခြားခြား စီမံခန့်ခွဲရမည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ အစီရင်ခံစာ၏ အပိုင်း (၈) ပါ လိုရင်းဖော်ပြချက်အတိုင်း သင့်လျော်သော စီမံခန့်ခွဲမှု အတိုင်းအတာများ မဆောင်ရွက်နိုင်ခဲ့လျှင် စီမံကိန်း၏ ပတ်ဝန်းကျင်ဆိုင်ရာ အလွန်ဆိုးရွားသည့် ချို့ယွင်းချက် ဖြစ်လာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။လက်ပံတောင်းတောင် စီမံကိန်း လုပ်ငန်းခွင်အား ၂၀၁၄ ခုနှစ် မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
ထို့ပြင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများနှင့် ဆာလ်ဖျူရစ်အက်ဆစ်ကို ထိန်းချုပ်နိုင်မည့် အာမခံချက်အား အစိုးရ၊ ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့က ပေးအပ်နိုင်မှု မရှိသေးကြောင်းနှင့် အဆိုပါ ဆာလ်ဖျူရစ်အက်ဆစ်များမှာ စီမံကိန်းနှင့် တစ်မိုင်ခန့်သာ ဝေးသည့် ချင်းတွင်းမြစ်ကို စီးဝင်၍ ချင်းတွင်းမြစ်မှတစ်ဆင့် မြန်မာ့ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်သို့ စီးဝင်ပါက မြန်မာတစ်နိုင်ငံလုံး ဒုက္ခဖြစ်လာနိုင်ကြောင်း လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ စာရေးဆရာကြီး ဦးအံ့မောင်က သုံးသပ်ထားည်။ ထိုစီမံကိန်းသည် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့ လုပ်ဆောင်သည့် စီမံကိန်း ဖြစ်သဖြင့် နိုင်ငံတော်ကို ကိုယ်စားမပြုကြောင်းနှင့် ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်ခဲ့သည့် စီမံကိန်း ဖြစ်နေခြင်းကြောင့် ဖျက်သိမ်းသင့်သည့် စီမံကိန်း ဖြစ်နေကြောင်း Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားသည်။“လက်ပံတောင်း စီမံကိန်းကို ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ ကုမ္ပဏီနှစ်ခု သဘောတူညီပြီး လုပ်ခဲ့ကြတယ်။ ဒီစီမံကိန်းကို ဆောင်ရွက်တဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်က ကုမ္ပဏီတွေသာ ဖြစ်ပါတယ်။ ကုမ္ပဏီ နှစ်ခုစလုံးက နိုင်ငံကို ကိုယ်စားမပြုပါဘူး။ အဲ့ဒီလို ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်ကို နိုင်ငံတော်က သဘောတူထားတယ်ဆိုပြီး လုပ်ဆောင်တာက ဥပဒေကို လက်တစ်လုံးခြား လုပ်တယ်လို့ မြင်ပါတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ် ဆိုရင်လည်း ပြည်သူသည် နိုင်ငံတော်ရဲ့ အစိတ်အပိုင်း ဖြစ်နေလို့ စီမံကိန်းစာချုပ်သည် နိုင်ငံတော်မပါဝင်တဲ့ စာချုပ် ဖြစ်နေပါတယ်။ ဒီလို ပြည်သူနဲ့ နိုင်ငံတော်ကို ကိုယ်စားမပြုဘဲ လုပ်ဆောင်နေတဲ့ စီမံကိန်းဟာ ဥပဒေအရ ဆိုရင်လည်း ပျက်ပြယ်နေတဲ့ စာချုပ်၊ စီမံကိန်း လုပ်ဆောင်မှု ဖြစ်နေပါတယ်။ အကျိုးစီးပွား ခွဲဝေမှုကလည်း အများကြီး ကွာဟနေတာကို တွေ့နေရပါတယ်။ ဒီကနေရလာတဲ့ အကျိုးအမြတ်သည် တိုင်းပြည်ဝင်ငွေအပေါ် ဘယ်လိုဝင်လာမယ်ဆိုတာ၊ အခွန်ဘဏ္ဍာကို ဘယ်လိုထမ်းဆောင်မယ် ဆိုတာကို ပြည်သူအပေါ်မှာ ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်မှုလည်း မရှိဘူး ဖြစ်နေတယ်။ အကျိုးစီးပွား ရရှိမှုမှာ ပြည်သူက အနည်းဆုံး အဖိုးအခပဲ ရရှိနေပြီး ဦးပိုင်ဆီကိုပဲ ငွေတွေက သွားပြီးရနေတယ်။ ဒေသခံတွေက အနည်းဆုံးသော အဖိုးအခပဲ ရနေတဲ့အပြင် ပြည်သူကလည်း သဘောတူညီမှု မရှိတဲ့အတွက် အပြီးအပြတ် ရပ်ဆိုင်းသင့်တဲ့ စီမံကိန်းလို့ မြင်ပါတယ်” ဦးဖိုးဖြူက ပြောကြားသည်။လက်ပံတောင်းတောင် စီမံကိန်းမှ ဒေသခံများ၏ မြေယာလျော်ကြေး ရယူမှု အနေအထားနှင့် လက်ရှိအခြေအနေ။လက်ပံတောင်းတောင် စီမံကိန်းအား လုပ်ဆောင်မည့် မြန်မာဝမ်ပေါင် ကုမ္ပဏီ အနေနှင့် ဒေသခံများနှင့် ပြေလည်မှု ရရှိရန် လုပ်ဆောင်သင့်ကြောင်း ‘ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ခြင်း’ အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း လက်ရှိအချိန်အထိ ပြေလည်မှုရရှိရန် လုပ်ဆောင်နိုင်မှု မရှိသေးချေ။ထို့ပြင် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည့် မြေဧက ၆၇ဝဝ ကျော်အတွက် မြေယာလျော်ကြေး ရယူထားမှုများအနက် စီမံကိန်း၏ အချက်အချာ ဖြစ်နေသည့် တုံရွာ၊ မိုးကြိုးပြင်၊ ဆည်တဲ၊ ဝက်မှေး စသည့် ကျေးရွာများက မြေယာလျော်ကြေးယူငင်မှု မပြုဘဲ လယ်ယာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည်။ ထိုသို့ မြေယာလျော်ကြေး ရယူထားမှု မရှိသည့် လယ်ယာမြေများအပေါ် မြန်မာဝမ်ပေါင်ဘက်မှ သွပ်ဆူးကြိုးခတ်ခြင်းနှင့် စီမံကိန်း လုပ်ဆောင်ခြင်းများ ပြုလုပ်နေသဖြင့် ဒေသခံများနှင့် မြန်မာဝမ်ပေါင်တို့အကြား ပြဿနာများ ဖြစ်ပွားနေသည်။ မြန်မာဝမ်ပေါင်ဘက်မှ စီမံကိန်းမြေ အပြည့်အဝ လုပ်ပိုင်ခွင့် ရရှိရေး လုပ်ဆောင်နေသကဲ့သို့ ကျေးရွာများကလည်း ကျိန်စာတိုက်ပွဲများ ပြုလုပ်နေသည်။ ၂ဝ၁၄ ခုနှစ် မေ ၁၈ ရက်က မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်မှ တရုတ်လုပ်သားနှစ်ဦးက ဆည်တည်းရွာအနီးသို့ ရဲအစောင့်အရှောက် ပါဝင်မှု မရှိဘဲ သွားရောက်သဖြင့် ဒေသခံများက ခေါ်ယူဆွေးနွေးသည် ဆိုသော်လည်း အစိုးရဘက်က ပြန်ပေးဆွဲမှုဆိုကာ မြန်မာဝမ်ပေါင်က အမှုဖွင့်ခဲ့သဖြင့် ဆည်တည်းရွာမှ ဒေသခံများနှင့် မဖြူနှင်းထွေးတို့ ခုနစ်ဦးအား အရေးယူခဲ့သည်။လက်ရှိ အချိန်တွင်လည်း မြန်မာဝမ်ပေါင်တွင် လုပ်ကိုင်နေသည့် ဒေသခံပြည်သူများက လစာတိုးမြင့် တောင်းခံမှုများနှင့် လယ်သိမ်းခံ ပြည်သူများအား အလုပ်အကိုင် အပြည့်အဝ ပေးအပ်နိုင်မှု မရှိသည့် ပြဿနာများကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ထို့ပြင် လက်ပံတောင်းတောင် စီမံကိန်းတွင် ပါဝင်သည့် မြေဧက ၆၇ဝဝ ကျော်အတွက် မြေယာလျော်ကြေး ပေးအပ်ရာတွင် တစ်ဧကအတွက် သတ်မှတ်ချက်မှာ နည်းပါးနေသဖြင့် မြေသိမ်းခံတောင်သူ ရာခိုင်နှုန်း ၄ဝ  ခန့်က ဝမ်ပေါင်က ပေးအပ်သည့် မြေယာလျော်ကြေးအား လက်ခံရယူထားမှု မရှိသေးချေ။ ထိုသို့ မြေယာလျော်ကြေး ရယူထားမှု မရှိသေးသည့် မြေယာများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီက ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ခြံစည်းရိုးများ တိုးမြှင့်ခတ်သည့် အချိန်တိုင်း ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် ရင်ဆိုင်နေရသည်။လက်ပံတောင်းတောင် စီမံကိန်းဒေသတွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ်၍ ၂ဝ၁၆ ခုနှစ်တွင် ကြေးနီစတင် ထုတ်လုပ်နိုင်ရန် ခြံစည်းရိုး ဆက်လက်ခတ်နေကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Admin Manager Mr.Dong Yunfei က ပြောကြားသည်။“၂ဝ၁၅ ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ အပြီးသတ်ပြီးရင် ၂ဝ၁၆ မှာ ကြေးနီ စတင်ထုတ်နိုင်ပြီ။ အခုလက်ရှိမှာ ကျွန်တော်တို့ ခြံစည်းရိုးတွေ ဆက်ခတ်နေမှုကို ရပ်ဆိုင်းထားတယ်” ဟု Mr.Dong Yunfei က ပြောကြားသည်။ပဋိပက္ခကြောင့် သေဆုံးခဲ့သူ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းအတွက် ဝမ်ပေါင်အနေနှင့် လူမှုရေးကူညီမှုများ ပေးအပ်လိုပြီး ခြံစည်းရိုး တိုးမြှင့်ခတ်ခြင်းမှာ ဒေသခံ ၇၁ ရာခိုင်နှုန်း၏ သဘောတူညီမှုကြောင့်ဖြစ်ကြောင်း Doung Yunfei က ဆိုသည်။လက်ရှိအချိန်တွင် ဒေသခံဒေါ်ခင်ဝင်း သေဆုံးမှုအတွက် အမှုမှန် ပေါ်ပေါက်ရန် ဒေသခံများက တောင်းဆိုထားပြီး မြေယာလျော်ကြေး ရယူမှုမရှိဘဲ ဝမ်ပေါင်က သိမ်းယူသွားသည့် မြေများအား အမြန်ဆုံးပြန်လည် ပေးအပ်ရန် တောင်းဆိုထားကြောင်း မိုးကြိုးပြင်အလယ်ရွာမှ ကိုဖိုးလပြည့်က ဆိုသည်။ ထို့ပြင် အဆိုပါမြေများသည် ဒေသခံများ၏ အသက်သွေးကြောနှင့် အဆိုပါ လယ်မြေများအား မှီခိုနေရသူ လယ်လုပ်သားများအတွက် ဖြစ်နေသဖြင့် မည်သည့်လျော်ကြေးမျှ ရယူမည် မဟုတ်ကြောင်းနှင့် မြန်မာဝမ်ပေါင်က အလုပ်အကိုင် ဖန်တီးပေးမည် ဆိုသော်လည်း အမှန်တကယ် ပေးအပ်နိုင်မှု မရှိကြောင်း ကိုဖိုးလပြည့်က ဆိုသည်။“၃၂ သိန်းမကလို့ သိန်း ၃ဝဝ ပဲ ပေးပေး ကျွန်တော်တို့ လယ်ယာမြေတွေကို သူတို့ကို ပေးအပ်မှာ မဟုတ်ဘူး။ လယ်သိမ်းပြီး သူတို့ဆီမှာ အလုပ်ပေးဖို့ ဆိုတာလည်း တကယ်မဖြစ်လာဘူး။ ကျွန်တော်တို့ မြေတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်” ဟု ကိုဖိုးလပြည့်က ဆိုသည်။“လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီက သတင်းထုတ်ပြန်တဲ့ အထဲမှာ ၂ဝ၁၁ ခုနှစ် မြေသိမ်းဥပဒေနဲ့အညီ မြေခွန်၏ ၂ဝ ဆနှုန်းဖြင့် မြေယာလျော်ကြေး ပေးထားတယ်ဆိုပြီး ပါလာတယ်။ ဒီလို ထုတ်ပြန်လိုက်တာက စီမံကိန်းနယ်မြေမှာ မြေပိုင်ရှင် သဘောမတူဘဲနဲ့ ခြံခတ်တာတွေ မြေသိမ်းတာတွေကို ဥပဒေနဲ့ညီအောင် လုပ်ခဲ့တယ်လို့ ထုတ်ပြန်တာ ဖြစ်နေတယ်။ အဲဒါက တော်တော်ဆိုးတဲ့အချက် ဖြစ်နေတယ်။ အစိုးရက မိဘပြည်သူကို အလေးထားတယ်ဆိုပြီး ဖြစ်ကို မဖြစ်သင့်တဲ့ အချက်နဲ့ ကြေညာတယ်။ အရင် ဥပဒေတုန်းက မြေခွန်ရဲ့ အဆ ၂ဝ ဆိုတာ ရာဂဏန်းပဲ ရှိတယ်။ ဒီလို အချက်အလက်ကိုသုံးပြီး တရားပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ထုတ်ပြန်တာက တော်တော့်ကို မရိုးဖြောင့်တဲ့ပုံစံ ဖြစ်နေတယ်။ အစိုးရက သူ့ကိုယ်သူ တရားတယ်လို့ သတ်မှတ်တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အမြင်အရ မတရားဘူးလို့ သတ်မှတ်တယ်။ ဒီလို အငြင်းပွားရင် ဘယ်လို ရှင်းမှာလဲ။ အစိုးရနဲ့ အငြင်းပွားရင် တရားရေးကလည်း အစိုးရဘက်က လိုက်မယ်။ ဘယ်မှာလည်း သမာသမတ်ကျတဲ့ ကြားနေ။ အစိုးရက တာဝန်ယူ၊ တာဝန်ခံမှု ဆိုတာကို တချိန်လုံး အော်နေတယ်။ ဘယ်မှာလဲ တာဝန်ခံမှု။ ကိုယ့်ဘက်ကို လုံအောင်လုပ်တယ်။ ပြည်သူကို အပြစ်ပြောတယ်။ တာဝန်ယူ၊ တာဝန်ခံမှု ရှိကို မရှိတာဗျ။ ကျွန်တော်ကတော့ ကော်မတီက သတင်းထုတ်ပြန်တာကိုဖတ်ပြီး တော်တော့်ကို စိတ်ပျက်သွားတာဗျ။ အညာခံနေရတယ်လို့ကို ထင်နေတာ” ဟု တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) တွင် မရှိမဖြစ် ပါဝင်ရသည့် ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် Eco-Dev မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက သုံးသပ်သည်။

Most Read

Most Recent