စာပေ ကင်ပေတိုင်နှင့် အလိုတော်ရိ လက်သစ်များကာတွန်းဆရာ အော်ပီကျယ်၏ ကျော်ကြားခဲ့သော ကာတွန်းတစ်ကွက်ကို သတိရသည်။ အဆိုပါ ကာတွန်းတွင် လယ်သမားတစ်ဦးသည် ထော့နင်းထော့နင်းဖြင့် လျှောက်လာသော နွားတစ်ကောင်ကို ဆွဲလာသည်။ တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် တွေ့သည့်အခါ သူ၏နွားကို ဆေးကုပေးရန် ပြောသည်။ ဆရာဝန်က “ဘာဖြစ်တာလဲ” ဟု မေးသည်။ လယ်သမားက သူ၏နွားသည် ကျပ်ခိုးစင်ပေါ်တက်ကာ ကြွက်ခုတ်သောကြောင့် ခြေထောက်ကျိုးသွားကြောင်း ပြောပြသည်။ ထိုအခါ ဆရာဝန်က “နွားက နွားအလုပ်မလုပ်ဘဲ ကြောင်အလုပ် သွားလုပ်တာကိုး၊ ကျိုးတာတောင် နည်းသေးတယ်” ဟုဆိုကာ အခု သူမအားသေးကြောင်း ပြောသည်။ လယ်သမားက “ဆရာ ဘာဖြစ်လို့ မအားတာလဲ” ဟု မေးသည့်အခါ ဆရာဝန်က “ငါ တံတားဖွင့်ပွဲ သွားရဦးမယ်” ဟု ပြန်ဖြေသည်။အဆိုပါ ကာတွန်းကို အမှတ်ရမိခြင်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) က အခကြေးငွေပေးကာ စာနယ်ဇင်းများတွင် လိုက်လံထည့်သွင်း ဖော်ပြနေသော ကြော်ငြာကို တွေ့မိသောကြောင့် ဖြစ်သည်။ အဆိုပါ ကြော်ငြာတွင် “သင်ဖတ်နေသော သတင်းများသည် မှားယွင်းသော ဖော်ပြချက်တွေလား၊ သင်ဖတ်နေသော သတင်းများသည် မခိုင်မာသော ကိုးကားချက်တွေ ထည့်သွင်းထားသလား၊ မီဒီယာမှာ ဖော်ပြမှုကြောင့် သင်၏ဂုဏ်သိက္ခာ ထိခိုက်နေပါသလား၊ စာဖတ်သူများက နစ်နာမှုနှင့် မကျေနပ်မှု တစ်စုံတစ်ရာ ရှိပါက သက်ဆိုင်ရာ သတင်းဌာန (သို့မဟုတ်) မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ထံသို့ တိုက်ရိုက်တိုင်ကြားနိုင်ပါသည်” အစရှိသော ရေးသားချက်များ ပါဝင်ပြီး ကြော်ငြာ၌ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ လိပ်စာကိုလည်း တွဲလျက် ဖော်ပြထားသည်။မဆလခေတ်နှင့် စစ်အစိုးရခေတ် တစ်လျှောက်လုံး စာနယ်ဇင်းများသည် စာပေစိစစ်ရေးကို ဖြတ်သန်းပြီးမှသာ ထုတ်ဝေခွင့်ရခဲ့ပြီး စာနယ်ဇင်းများသည် စာပေစိစစ်ရေး၏ အမျိုးမျိုး ဖိနှိပ်ကန့်သတ်မှုများ အောက်၌သာ အလုပ်လုပ်ခဲ့ရသည်။ စာနယ်ဇင်း လွတ်လပ်ခွင့် (Freedom of Press) ကို ထိန်းချုပ်ရန် ထားရှိသည့် စာပေစိစစ်ရေး အဖွဲ့သည် စာပေကင်ပေတိုင်ဟု နာမည်ကြီးခဲ့သည်။ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေပါသည်ဟု ဆိုသော ယခုအခါတွင် အဆိုပါ စာပေကင်ပေတိုင် အဖွဲ့သည် နိုင်ငံတကာ အမြင်၌ မတင့်တယ်တော့သောကြောင့် ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်သည်။ သို့သော် အာဏာရှင်စိတ် မကုန်သေးသော သက်ဆိုင်ရာ အာဏာပိုင် အချို့သည် စာနယ်ဇင်းများကို တခြားနည်းလမ်းဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းလာကြပြန်သည်။ အချို့ကလည်း ‘မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ’ ဟူသည့်အတိုင်း စာနယ်ဇင်းများကို လွတ်လပ်ခွင့် အပြည့်အဝ ပေးလိုက်ပါက မိမိတို့၏ မကောင်းမှုများအတွက် ဆိတ်ကွယ်ရာမရှိ ဖြစ်သွားမည်ကို စိုးရိမ်ကြသည်ကလည်း တစ်ကြောင်းကြောင့် ဖြစ်သည်။စာနယ်ဇင်းကောင်စီ(ယာယီ)ကလည်း စာနယ်ဇင်းများကို ထိန်းချုပ်ရန် ကြိုးပမ်းလာပြန်သည်။ စာနယ်ဇင်းကောင်စီဟူသည် စာနယ်ဇင်းများ၏ အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်လျက် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် စာနယ်ဇင်းကောင်စီသည် Freedom of Press ကို ကာကွယ်ရမည်ဖြစ်သည်။ မိမိအလုပ်ကို မလုပ်ဘဲ အဘယ့်ကြောင့် စာနယ်ဇင်းများအား တစ်ဖက်လှည့်ဖြင့် ထိန်းချုပ်ရန် ကြိုးပမ်းခြင်း၌ တက်ကြွစွာ ပါဝင်နေရသနည်း။ စာနယ်ဇင်းများကို ကာကွယ်ရန် ထည့်ဝင်ထားကြသော ရန်ပုံငွေများကို အဘယ့်ကြောင့် စာနယ်ဇင်းများကို နှိပ်ကွပ်ရန် သုံးစွဲနေရပါသနည်း။စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် မိမိ၏ အလုပ်အမှန်ကို အမြန်ဆုံး ပြန်လည်သိရှိလျက် အချိန်မီ ထိန်းသိမ်းခြင်းဖြင့် စာပေကင်ပေတိုင်၏ အလိုတော်ရိအဖြစ် သမိုင်းဆိုး မကျန်ရစ်ပါစေနှင့်ဟုသာ The Daily Eleven သတင်းစာက ဆုတောင်းလိုက်ရပါသည်။
၂၀၁၅ ဇန်နဝါရီလ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Most Read
Most Recent
6 hours ago








