ငြိမ်းချမ်းရေးကို မျှော်လင့်နေကြသည်
၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ (၆၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ်၊ ဂျပန်ခေတ်များကို ဖြတ်သန်းကာ ခါးသီးသော သမိုင်းနေ့ရက်ဆိုးများကို ဖြတ်ကျော်ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းမငြိမ်မသက်မှုများနှင့်အတူ အယူအဆအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကြောင့် ပြည်တွင်းစစ်မီး မငြိမ်းနိုင်ခဲ့ပေ။ အကျိုးဆက်မှာ တည်ငြိမ်အေးချမ်းမှုမရှိသော ဒေသများမှာ အဘက်ဘက်က နိမ့်ကျမှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အသက်သေဆုံးခဲ့ကြရသည်။ ထိခိုက်ဒဏ်ရာများဖြင့် ဒုက္ခိတဖြစ်သွားသူများလည်း ရှိသည်။ မိသားစု ပြိုကွဲသွားသူများ၊ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်အိုးကိုယ့်အိမ်ကို စွန့်ခွာခဲ့ကြရသူများ ရှိနေသည်။ ထို့ပြင် စစ်ပွဲများ၏ဒဏ်ကို ကိုယ်တွေ့ကြုံရသော လူမမည် တိုင်းရင်းသားကလေးငယ်များ၏ ရင်ထဲတွင် မည်သို့သော အလိုမကျမကျေနပ်မှုနှင့် နာကြည်းမှုစိတ်ဒဏ်ရာများ ကိန်းအောင်းသွားမည်ဆိုသည်ကိုလည်း သတိပြုစရာအခြေအနေများ ရှိနေသည်။
၂ဝ၁၁ ခုနှစ်အတွင်း အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဒေသများတွင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ ပေါ်ပေါက်ခဲ့ရာ အများစုမှာ ယနေ့တိုင် ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်အိုး ကိုယ့်အိမ်သို့ ပြန်လည်အခြေချနိုင်ခြင်း မရှိကြသေးပေ။ စစ်ရှောင်ဒုက္ခသည် တစ်သိန်းကျော်မှာ ဒုက္ခသည် စခန်းအသီးသီးတွင် ယနေ့ထိ ခိုလှုံနေကြရဆဲဖြစ်သည်။
ထို့ပြင် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များမှာလည်း လိပ်ခဲတည်းလည်းအခြေအနေမျိုးတွင် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်သည် နောင်တစ်ချိန်သမိုင်းတွင် မှတ်မှတ်ထင်ထင်ရှိမည့် နေ့တစ်နေ့ ဖြစ်လာပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သီးခြားစီတွေ့ဆုံခဲ့ကြရာ သဘောထားများ အပြန်အလှန် တင်ပြခြင်းများ ပြုလုပ်ခဲ့ကြသလို အပစ်အခတ်ရပ်စဲရေးအတွက်လည်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သလို အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအကြား ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ရသည့် စကားလုံးပိုင်းဆိုင်ရာကိစ္စများအပါအဝင် နှစ်ဖက်သဘောထားများကို အပြန်အလှန် တင်ပြခဲ့ကြကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရှိသည့်အနက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနားသို့ တက်ရောက်သည့် အဖွဲ့ ၁၂ ဖွဲ့နှင့် ထိုကဲ့သို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မှာမူ တက်ရောက်နိုင်ခြင်း မရှိပေ။
သို့ပါ၍ ရှောင်လွှဲ၍မရနိုင်သော အကြောင်းအကျိုး၊ အကောင်းအဆိုးများကြားတွင် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးသည် ငြိမ်းချမ်းရေးကိုမျှော်လင့်နေကြပြီဆိုသည်ကို အဓိကသက်ဆိုင်သူအားလုံး သတိပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
၂၀၁၅ ဇန်နဝါရီလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Most Read
Most Recent
6 hours ago








