(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိ ဒီမိုကရေစီ လမ်းကြောင်း အပေါ်သို့ မည်မျှလျှောက်နိုင်ခဲ့ပြီးသည်ကို အားလုံး ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“အခု ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ကျွန်မတို့ ဒီမိုကရေစီလမ်းပေါ်ကို ဘယ်လောက်ထိ လျှောက်နိုင်ခဲ့ပြီးလည်းလို့ အားလုံးကနေပြီးတော့ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ဖို့ လိုပါတယ်။ ဖြစ်စေချင်တာက တစ်မျိုးပါ။ တကယ့်အဖြစ်ကို အဖြစ်အတိုင်းမြင်ဖို့ လိုပါတယ်။ စိတ်ကူးယဉ်ပြီးတော့ မဖြစ်သေးတာကိုလည်း ဖြစ်နေပြီလို့ ထင်လို့ရှိရင် ကျွန်မတို့အတွက် ဘာမှ အမြတ်မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။(၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “ဖေဖေကလည်း ပြောခဲ့ပါတယ်။ ဒီမိုကရေစီစနစ်သာ လွတ်လပ်တဲ့နိုင်ငံနဲ့ တန်တယ်။ လွတ်လပ်တဲ့နိုင်ငံမှာ ဆိုလို့ရှိရင် ပြည်သူလူထု အုပ်စိုးတဲ့၊ ပြည်သူလူထုရဲ့ သြဇာသာလွှမ်းမိုးတဲ့ စနစ်ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံမှာ ဆိုလို့ရှိရင် ပြည်သူကို အခြားလူတစ်စု တစ်ဖွဲ့ကနေပြီးတော့ ချုပ်ကိုင်ထားမယ် ဆိုလို့ရှိရင် ဒါဟာလွတ်လပ်ရာ မရောက်ပါဘူး။ ပြည်သူမလွတ်လပ်ရင် နိုင်ငံလည်း လွတ်လပ်ရာ မရောက်ပါဘူး” ဟု ဆက်လက်ပြောကြားသည်။“ဒါကြောင့်မို့လို ကျွန်မတို့ အဖွဲ့ချုပ်က ပြည်သူကိုပါ လွတ်လပ်စေမယ့် ဒီမိုကရေစီစနစ်ကို ဦးတည်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အခု ကျွန်မတို့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဒီနိုင်ငံဟာ လွတ်လပ်ရေးဖခင်ကြီးများ မျှော်မှန်းချက်နဲ့ ဘယ်လောက်အထိ ကိုက်ညီသလဲဆိုတာကို သုံးသပ်ကြပါ။ စဉ်းစာကြပါ။ မကိုက်ညီတာတွေရှိရင် ဘာကြောင့် မကိုက်ညီတာလဲ။ ဒီမကိုက်ညီတဲ့ ကိစ္စတွေကို ကိုက်ညီသွားအောင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“တစ်နှစ်တစ်ခါ လွတ်လပ်ရေးနေ့မှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တစ်ယောက်ကနေ ဖတ်ပြလိုက်လို့ နားထောင်ပြီး လိုက်ရွတ်ဆိုတာလောက်နဲ့ မပြီးဘူး။ သေသေချာချာ လေ့လာရမယ်။ ကျွန်မတို့ကို သွင်းပေးချင်တဲ့ စိတ်ဓာတ်တွေကို ကျွန်မတို့ မွေးမြူရမယ်။ ဒီလို စာတမ်းမျိုး၊ ဒီလို အဓိဋ္ဌာန်မျိုးဆိုတာဟာ ရေးတဲ့လူတွေကတော့ ရေးခဲ့ပြီးတော့ နားထောင်တဲ့သူတွေ၊ လိုက်ရွက်ဆိုတဲ့လူတွေက ကျင့်ကြံမှ အဓိပ္ပာယ် ရှိမှာပါ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“အခု ၂၀၁၅ ခုနှစ်က ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံအတွက် အထူးအရေးကြီးတဲ့နှစ် ဆိုတာဟာ မပြောလည်း အားလုံးသိမယ်လို့ ထင်ပါတယ်။ ဒီလို အရေးကြီးတဲ့နှစ်မို့လည်း ကျွန်မတို့အဖွဲ့ချုပ်ဟာ ပိုပြီးတော့ ကြိုးစားရမယ်။ ပိုပြီးတော့ ဝီရိယရှိရမယ်။ ပိုပြီးတော့ ဉာဏ်ပညာ အမြော်အမြင် ရှိအောင်လို့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ယူရမယ်။ လေ့ကျင့်ယူရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “လွတ်လပ်ရေးကတော့ ရသွားပါပြီ။ လွတ်လပ်ရေးရအောင်လုပ်ဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ ဒီလွတ်လပ်ရေးဟာ ပြည်သူတွေ မျှော်လင့်ခဲ့တဲ့ လွတ်လပ်ရေးမျိုး ဟုတ်ရဲ့လားဆိုတာဟာ ကျွန်မတို့ စဉ်းစားရပါမယ်” ဟု ပြောကြားသည်။“ဒီကြေညာစာတမ်းကို အခုအချိန်မှာ ဖတ်ရင်တောင်မှ ကျွန်မတို့ ဘာမှ မျက်နှာပူစရာ မရှိပါဘူး။ ကျွန်မတို့ ဂုဏ်ယူနိုင်ပါတယ်။ တို့က ဒီလို စိတ်ဓာတ်တွေနဲ့ လွတ်လပ်ရေးကို ရခဲ့ပါလားဆိုပြီး ဂုဏ်ယူဝင့်ကြွားနိုင်ပါတယ်။ တစ်ခုပဲ ကျွန်မ နည်းနည်းစဉ်းစားပါတယ်။ သယံဇာတပစ္စည်းတွေ သုံးမကုန်နိုင်လောက်အောင် ပုံစံနဲ့ ပြောထားတာတော့ ကျွန်မ လုံး၀ သဘောမတူဘူး။ အဲဒီလိုစိတ်နဲ့ လုပ်နေလို့လည်း ကုန်တော့မယ်။ ဒါကြောင့် ကျွန်မတို့ဟာ အမြဲတမ်းပဲ အရင်တုန်းက အတိတ်က ရေးခဲ့လို့ မှန်တယ်။ အမြဲတမ်းပဲ ဒီအတိုင်းပဲ အမြဲရှိတယ်လို့ ခံယူဖို့တော့ မဟုတ်ပါဘူး။ သုံးသပ်သွားရမှာပေါ့” ဟု ၎င်းက ပြောကြားသည်။
(၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မည်မျှလျှောက်နိုင်ခဲ့ပြီးသည်ကို အားလုံး ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား