ယနေ့ ရင်ဆိုင်နေရသည့် နိုင်ငံရေးဖိအားနှင့် စိန်ခေါ်မှုများအား တွေ့ဆုံ၊ ညှိနှိုင်းသွားမည်ဟု လွတ်လပ်ရေးနေ့တွင် NLD ထုတ်ပြန်

ယနေ့ ရင်ဆိုင်နေရသည့် နိုင်ငံရေးဖိအားနှင့် စိန်ခေါ်မှုများအား တွေ့ဆုံ၊ ညှိနှိုင်းသွားမည်ဟု လွတ်လပ်ရေးနေ့တွင် NLD ထုတ်ပြန်
Published 4 January 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ယနေ့ ကြုံတွေ့နေရသည့် နိုင်ငံရေးဖိအားနှင့် စိန်ခေါ်မှုများအား ယခင်ကတည်းက စွဲကိုင်လာသည့် အထွေထွေ သဟဇာတဖြစ်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မူများအပေါ် အခြေခံပြီး တွေ့ဆုံ၊ ဆွေးနွေး ညှိနှိုင်း အဖြေရှာလျက်၊ ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၆၇) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားတွင် ထုတ်ပြန်ခဲ့သော ကြေညာစာတမ်း၌ ထည့်သွင်းဖော်ပြခဲ့သည်။အဖွဲ့ချုပ်၏ ကြေညာစာတမ်းတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ပြောကြားခဲ့သည့် စကားများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ထည့်သွင်းထုတ်ပြန်ခဲ့သည်။‘ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး၊ တိုင်းပြည်တည်ထောင်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ် အရမှပဲ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံပဲ’ ဟူသော လမ်းညွှန်ချက်အား ထည့်သွင်းဖော်ပြခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်း၏ မျှော်မှန်းချက်ကိုလည်း စူးစိုက်တိကျစွာ လိုက်နာကြရမည်ဖြစ်ကြောင်း ထည့်သွင်းခဲ့သည်။ထို့အပြင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသော “တပ်မတော်နဲ့ ပတ်သက်လို့ရှိရင် နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ လည်းကောင်း၊ ပြည်သူတွေရဲ့ တောင့်တချက်အရ လည်းကောင်း၊ နောက်ပြီးတော့ ကျွန်မကိုယ်တိုင်ကလည်း ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုပြီးတော့ သံယောဇဉ်ကြောင့် လည်းကောင်း၊ ကျွန်မဟာ ဖြူစင်တဲ့ စေတနာကို အခြေခံပြီး တပ်မတော်နဲ့ နိုင်ငံအတွက် ဆောင်ရွက်ဖို့ ဘယ်တော့မှ ဝန်မလေးပါဘူး။ ဒီလို ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြည်သူတွေ လိုလားတယ်ဆိုတာ ကျွန်မ သိနေပါတယ်။ ကျွန်မတို့ဟာ ပြည်သူလူထုရဲ့ တစ်မျက်နှာကိုပဲ ကြည့်ရပါမယ်။ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ကျွန်မတို့က ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုကို အကာအကွယ်ပေးသော စောင့်ရှောက်ဖို့ တာဝန်၊ ပြည်သူလူထုရဲ့ ချစ်ခင်လေးစားမှုကို ရယူနိုင်တဲ့ တပ်မတော်ဆိုတာ တိုင်းပြည်အတွက် အများကြီး တန်ဖိုးရှိပါတယ်” ဟူ၍ ထည့်သွင်းထုတ်ပြန်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သဘောထားကို ဖော်ပြခဲ့သည်။

Most Read

Most Recent