နိုင်ငံ သာယာဝပြောအောင် လုပ်မည်ဟု ကတိပေးသည့် ပုဂ္ဂိုလ်နှင့် အဖွဲ့များကို သတိထားကြရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံ သာယာဝပြောအောင် လုပ်မည်ဟု ကတိပေးသည့် ပုဂ္ဂိုလ်နှင့် အဖွဲ့များကို သတိထားကြရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 4 January 2015
ဝေယံဖြိုးဦး၊ ကျော်ဇင်ဝင်း

နိုင်ငံ သာယာဝပြောအောင် လုပ်မည်ဟု ကတိပေးသည့် ပုဂ္ဂိုလ်နှင့် အဖွဲ့များကို သတိထားကြရန်လိုပြီး ပြည်သူကို ကတိပေးပြီးမှ ချိုးဖောက်ခြင်းသည် ခေါင်းဆောင် မပီသသူများ၏ လုပ်ရပ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်ဓော စေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ရှိ ဗုဒ္ဓအသံ ဓမ္မဗိမာန်၏ နောက်ဘက်ကွင်းအတွင်း ဇန်နဝါရီ ၃ ရက်က ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်း ဖြစ်သည်။    ဒီမိုကရေစီ ဆိုသည်မှာ လွတ်လပ်မှုနှင့် လုံခြုံမှုကြားထဲတွင် ချိန်ခွင်လျှာညီမျှရန် ထားသည့် စနစ်သာ ဖြစ်ကြောင်း၊ အချို့ ပုဂ္ဂိုလ်များသည် လုံခြုံမှုအား အကြောင်းပြ၍ ပြည်သူလူထုများ၏ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ကြကြောင်း၊ အချို့ ပုဂ္ဂိုလ်များသည် လွတ်လပ်မှုကို အကြောင်းပြ၍ ပြည်သူလူထု၏ လုံခြုံမှုကို ထိခိုက်စေမည့် အပြုအမူများကို ပြုလုပ်ကြကြောင်း၊ အဆိုပါ နှစ်ချက်စလုံးသည် အရေးကြီးသဖြင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် မြန်မာနိုင်ငံအတွက် လိုလားခဲ့ပြီး ပြည်သူပြည်သားများအား အဆင့်မြင့်သည့် နိုင်ငံသူ နိုင်ငံသားများ ဖြစ်စေချင်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အကယ်၍သာ မိမိအား မြန်မာနိုင်ငံအတွက် ဆုတစ်ဆု တောင်းဆိုပါဟု ပြောကြားပါက မြန်မာပြည်သူ ပြည်သားများ အဆင့်မြင့်သည့် လူသားများ ဖြစ်စေလိုသည့် ဆုတစ်ခုကိုသာ တောင်းမည်ဖြစ်ကာ အဆိုပါဆုသည် လုံလောက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ပြည်သူကို ကတိတစ်ခု ပေးပြီးပြီဆိုရင် ချိုးဖောက်တယ် ဆိုတာဟာ ခေါင်းဆောင်မပီသတဲ့ ပုဂ္ဂိုလ်တွေမှ လုပ်တဲ့ ကိစ္စပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား . . . . .

“အဆင့်မြင့်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ ပြောတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အရ။ ဒါပေမဲ့ အတွေးအခေါ် စိတ်နေစိတ်ထား မြင့်လို့ရှိရင် ရုပ်ပိုင်းဆိုင်ရာ အရလည်း မြင့်လာမှာပါ။ ကျွန်မတို့ရဲ့ နိုင်ငံကို ချမ်းသာအောင်လို့ လုပ်နိုင်မှာပါ။ တကယ်ကို အဆင့်မြင့်တဲ့ အရည်အချင်းပြည့်ဝတဲ့ ပြည်သူလူထုသာလျှင် သာယာဝပြော ညီညွတ်တိုးတက်တဲ့ နိုင်ငံတစ်ခု ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့လည်း မထူထောင်ပေးနိုင်ဘူး။ တခြား ဘယ်နိုင်ငံရေး အဖွဲ့မှလည်း မထူထောင်ပေးနိုင်ဘူး။ ကျွန်တော်တို့၊ ကျွန်မတို့ဟာ ဒီနိုင်ငံ သာယာဝပြောအောင် လုပ်ပေးပါမယ်လို့ ကတိပေးတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေကိုတော့ သတိထားကြပါလို့ ကျွန်မ ပြောချင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ကျွန်မလည်း လုပ်ပေးလို့ မရဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လည်း လုပ်ပေးလို့ မရဘူး။ ပြည်သူလူထုကိုယ်တိုင် လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ပြည်သူကို ကတိတစ်ခု ပေးပြီးပြီဆိုရင် ချိုးဖောက်တယ် ဆိုတာဟာ ခေါင်းဆောင်မပီသတဲ့ ပုဂ္ဂိုလ်တွေမှ လုပ်တဲ့ ကိစ္စပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ထို့ပြင် ပြည်သူလူထုများ တိုင်းပြည်သာယာဝပြောရေး လုပ်ဆောင်ရန်အတွက် လုပ်နိုင်ကိုင်နိုင်ရန် အခွင့်အလမ်းများအား မိမိတို့ ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ဖန်တီးပေးရန်မှာ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးသမား တာဝန်ပင် ဖြစ်ကြောင်း၊ နိုင်ငံရေးသမား ဆိုသည်မှာ မည်သို့လဲဟု မေးခွန်းထုတ်သူများ ရှိကြောင်း၊ နိုင်ငံရေး နားမလည်ကြောင်းကို ပြည်သူအချို့မှ ခဏခဏ မိမိအား ပြောကြားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“နိုင်ငံရေးသမားတွေကပဲ နိုင်ငံရေး နားလည်ရမလိုလို ဖြစ်နေတယ်။ တကယ့်ပြဿနာက နိုင်ငံရေး နားမလည်ဘဲ နိုင်ငံရေးလုပ်နေတဲ့ သူတွေကြောင့်သာ ပြဿနာ ဖြစ်တာပါ။ နားမလည်ပါဘူးလို့ ရိုးရိုးသားသား ပြောတဲ့ ပြည်သူဟာ ပြဿနာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် နားမလည်ဘူး ထင်လို့ရှိရင် သင်ယူချင်တဲ့စိတ်က ဒွန်တွဲပြီး ပါလာလိမ့်မည်လို့ ကျွန်မ ဒီလိုပဲ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။နိုင်ငံရေး နားမလည်သူများ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အားမငယ်သင့်ကြောင်း၊ နိုင်ငံရေးဆိုသည်မှာ နိုင်ငံနှင့် ပတ်သက်သည့် အရေး၊ နိုင်ငံသူ၊ နိုင်ငံသား အားလုံး ပတ်သက်သည့် အရေးဟုသာ ရိုးရိုး စဉ်းစားသင့်ကြောင်း၊ နိုင်ငံရေး ဆိုသည်မှာ မီးဖိုချောင် အိမ်ရှင်မများ ကုန်ဈေးနှုန်း စတွက်ချိန်မှစ၍ နိုင်ငံရေးနှင့် သက်ဆိုင်နေကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အခြေအနေသည် အဆိုပါ နိုင်ငံ၏ နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပြည်သူတိုင်းနှင့် ဆိုင်ကြောင်း ခေါင်းထဲ၌ စွဲစွဲမြဲမြဲ မှတ်ထားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။