ရွေးကောက်ပွဲအမီ ခြောက်လအတွင်း အထူးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမည်ဖြစ်သောကြောင့် လျှောက်ထားရန် ထုတ်ပြန်

ရွေးကောက်ပွဲအမီ ခြောက်လအတွင်း အထူးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမည်ဖြစ်သောကြောင့် လျှောက်ထားရန် ထုတ်ပြန်
Published 4 January 2015
ဇာလီမြင့်ဦး

၂ဝ၁၅ ခုနှစ် အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းအတွင်းပြုလုပ်မည့် ရွေးကောက်ပွဲ အမီ ခြောက်လအတွင်း မိုးပွင့်(အထူး) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိရာ အများပြည်သူများအနေဖြင့် မဲပေးခွင့်ရရှိနိုင်ရန်အတွက် သွားရောက်လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇန်နဝါရီ ၃ရက် သတင်းထုတ်ပြန်ချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်နေသူများအတွက် မိုးပွင့် (အထူး) စီမံချက်အဖြစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်ကုန်အထိ ခြောက်လကြာ နိုင်ငံတစ်ဝန်း ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဆောင်ရွက်ဆဲ မိုးပွင့်စီမံချက်များအတိုင်း နှစ်လကွင်းဆင်း၊ တစ်လရုံးတွင် ပြန်လည်စိစစ်ခြင်းနှင့် လက်ခံဆောင်ရွက်ခြင်းစနစ်ဖြင့်  ဆောင်ရွက်ပေးမည်ဖြစ်ကာ ရရှိသော စာရင်းဇယားပေါ် မူတည်၍ ဗဟိုကျသောနေရာတွင် အခြေပြုပြီး ဝန်းကျင်ကျေးရွာ၊ ရပ်ကွက်များမှ လာရောက်စုစည်းလုပ်ကိုင်သည့်ပုံစံမျိုးဖြင့် ကွင်းဆင်းပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထိုသို့ဆောင်ရွက်ပေးရာတွင် တိုင်းရင်းသားမဟုတ်သော သွေးနှောများအတွက် ရုံးမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ချက်ကြောင့် မြို့နယ်ရုံးများတွင်သာ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်လိုသော အသက် (၁ဝ) နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် တိုင်းရင်းသားများသည် မိမိနေထိုင်သော ရပ်ကွက်၊ ကျေးရွာရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများထံ လျှောက်ထားလိုကြောင်း စာရင်းပေးသွင်းရမည်ဖြစ်ကာ ကြိုတင်ဖြန့်ဝေထားသော ရှေ့ပြေးလျှောက်လွှာပုံစံများတွင် အချက်အလက်များ ဖြည့်စွက်ရမည်ဖြစ်ကြောင်း သိရသည်။ထို့နောက် တင်ပြရမည့် အထောက်အထားများ တစ်ပါတည်းပါရှိရမည်ဖြစ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် တရားဝင်အိမ်ထောင်စု လူဦးရေစာရင်းရှိသူများကိုသာ ဆောင်ရွက်ပေးနိုင်သဖြင့် အိမ်ထောင်စုလူဦးရေစာရင်းရှိသောနေရာများတွင်သာ လျှောက်ထားရမည်ဖြစ်ပါကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နှိင်ငံသားစိစစ်ရေးကတ်ပြားများ နိုင်ငံတစ်ဝန်းကွင်းဆင်းဆောင်ရွက်ပေးခြင်း လုပ်ငန်း(မိုးပွင့်စီမံကိန်း)အရ တိုင်းရင်းသားများအား နိုင်ငံတစ်ဝန်းတွင် ၂ဝ၁၁ ခုနှစ် ဇူလိုင်မှ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စတင်ပြုလုပ်ခဲ့ချိန်မှ ၂ဝ၁၄ ဒီဇင်ဘာ ၃၁ ရက်အထိ သုံးနှစ်ခွဲအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၄ ဒသမ ဝ၆ သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပေါင်း ခြောက်သိန်းကျော် ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။လက်ရှိတွင် နိုင်ငံတွင်းနေထိုင်သူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိပြီး သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကိုမူ ၂ဝ၁၅ မေတွင် ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။လာမည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းမှာ ၂ဝ၁၅ နှစ်လယ်ပိုင်းတွင် ထွက်ရှိနိုင်မည်ဟု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ခန့်မှန်းပြောကြားထားပြီး ကော်မရှင်အနေဖြင့် ဆန္ဒမဲပေးခွင့်ရှိသူစာရင်းကို ၂ဝ၁၄ နိုဝင်ဘာမှ စတင်ကာ၂ဝ၁၅ မေအထိ စာရင်းပြုစုလျက်ရှိသည်။ထို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်းပြုစုရန် သတ်မှတ်ထားသည့်အချိန်မှာ လဝကဝန်ကြီးဌာန၏ မိုးပွင့်အထူးစီမံချက်ထက်စော၍ ပြီးစီးမည်ဖြစ်သောကြောင့် မေလနောက်ပိုင်းတွင်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သည့်သူများမှာ မဲဆန္ဒရှင်စာရင်း ကြေညာသည့်အခါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မပါဝင်နိုင်သဖြင့် ထိုအချိန်တွင်မှ ပုံစံ (၃) ပြန်လည်တောင်းခံရမည် ဖြစ်သည်။၂ဝ၁ဝ တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၉ ဒသမ ဝ၂၁ သန်းကျော် ရှိခဲ့သည်။