လွတ်လပ်ရေးဟူသည်တိုင်းတစ်ပါးသားတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိသည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အထွတ်အမြတ်ထားတတ်ကြသည်။ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် (မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်) တနင်္ဂနွေနေ့သည်ကား မြန်မာနိုင်ငံ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သောနေ့ တစ်နေ့ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် လွတ်လပ်ရေးနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူထားကြသည်။မြန်မာနိုင်ငံအောက်ပိုင်းသည် နှစ်ပေါင်း ၁ဝဝ နီးပါးမျှ လည်းကောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်းသည် နှစ်ပေါင်း ၆ဝ နီးပါးမျှ လည်းကောင်း တိုင်းတစ်ပါးသားတို့၏ စိုးမိုးအုပ်ချုပ်မှုခံခဲ့ကြရပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသောကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေး တည်တံ့ခိုင်မြဲစေရန်နှင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးစေရန်သည် နိုင်ငံသားအားလုံးတို့၏ တာဝန်ဖြစ်ကြောင်း မမေ့မလျော့ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပကြခြင်းဖြစ်သည်။အမှန်တကယ်၌ လွတ်လပ်ရေးဟူသည် လွတ်လပ်ခွင့် မဟုတ်ပါ။ လွတ်လပ်ရေးရရုံဖြင့် အရာရာမှနေ၍ လွတ်မြောက်ခွင့်ရရှိသွားသည် မဟုတ်ပါ။ လွတ်လပ်ရေးရယူလိုက်ခြင်းသည် တာဝန်ယူမှုပေါင်းများစွာကို လက်ခံလိုက်ရခြင်းသာ ဖြစ်သည်။ လွတ်လပ်ရေးကို ရွေးချယ်လိုက်ခြင်းသည် ခက်ခဲသောလမ်းကြောင်းတစ်ရပ်ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ လွတ်လပ်ရေးရယူလိုက်သည်နှင့် မိမိကိုယ်တိုင်၏ အောင်မြင်မှု သို့မဟုတ် ကျဆုံးမှုရင်းမြစ်ကို မိမိဘာသာ ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ မိမိတို့သည် မိမိကိုယ်တိုင်၏ လားရာအတွက် အထောက်အကူပြုစေမည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သဘောတရားရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံပေါင်းများစွာကို မိမိတို့ဘာသာ တည်ဆောက်ရမည် ဖြစ်သည်။လွတ်လပ်ရေးဟူသည် မိမိတို့ကိုယ်တိုင်ကို မိမိတို့ဘာသာအုပ်ချုပ်သည့် အချုပ်အခြာအာဏာပိုင်သော အနေအထားတစ်ရပ် ဖြစ်သည်။ မိမိကိုယ်မိမိ အပြည့်အဝ တာဝန်ယူလိုက်ရခြင်းဖြစ်သည်။ လွတ်လပ်ရေးရရုံဖြင့် စိုးရိမ်ကြောင့်ကြနေရမှုများမှ လွတ်ကင်းနိုင်မည် မဟုတ်ပါ။ တာဝန်ယူမှုများမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ စိန်ခေါ်မှုများ သို့မဟုတ် အခက်အခဲများ သို့မဟုတ် ကျဆုံးနိုင်ခြေရှိမှုများမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ လွတ်လပ်ရေးသည် များစွာသောအရာများမှ လွတ်ကင်းစေနိုင်သောအရာ မဟုတ်ပါ။လွတ်လပ်ရေးရယူလိုက်ခြင်းသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိမိတည်းဟူသော သင်္ဘော၏ အဆုံးအစွန်သော ပန်းတိုင်သို့သွားရာလမ်းကြောင်းအတိုင်း ခုတ်မောင်းရန် မိမိကိုယ်တိုင် ပဲ့ကိုင်မည်ဟု ကတိပြုလက်မှတ်ရေးထိုးလိုက်ခြင်းသာ ဖြစ်သည်။ထို့ကြောင့် လွတ်လပ်ရေးဟူသည် အခွင့်အရေး သို့မဟုတ် အခွင့်အလမ်းတစ်ရပ် မဟုတ်ဘဲ တာဝန်ယူမှုသာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
၂၀၁၅ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Most Read
Most Recent
6 hours ago








