(၁)ဒီဇင်ဘာလွန်ခဲ့ပြီ။ မြောက်လေပြန်ချိန်မှာ သစ်ကိုင်းပေါ်က စာကလေးတွေရဲ့ ကျလိကျလိ အသံနဲ့အတူ စိတ်က အညာကို လွင့်တယ်။ လွှင့်ချတိုင်းလွှင့်လို့ လွင့်ချင်တိုင်း လွင့်တယ်ရယ်လို့တော့ မအောက်မေ့ပါနဲ့။ စိတ်ထဲမှာ ရွစလိထိုးနေတာ နိုဝင်ဘာလ ကတည်းကပါ။ဟုတ်ကဲ့ ရှင်းပါမယ်။ ဒီဇင်ဘာလဆန်းရဲ့ ပထမဦးဆုံး စနေ၊ တနင်္ဂနွေနေ့တွေဟာ စစ်ကိုင်း အထက(၁)မှာ နှစ်စဉ် အာစရိယပူဇော်ပွဲ ကျင်းပတဲ့ မြတ်ဆရာ ကန်တော့တဲ့ နေ့တွေပါ။ ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ကာလတစ်ခုကို စစ်ကိုင်းမှာ ဖြတ်သန်းခဲ့တာ။ အထက(၁)စစ်ကိုင်းမှာ ပညာသင်ကြားခဲ့ချိန်တွေဟာ မေ့မှာမဟုတ်တဲ့ မမေ့စရာ အချိန်တွေ။ ဒီတော့ ဒီအချိန်ရောက်ရင် အညာပြန်ချင်တာ၊ ဆရာကန်တော့ပွဲသွားပြီ၊ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ချင်တာ၊ ငယ်ဆရာတွေထဲက အသက်ထင်ရှား ရှိနေသေးတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကို ကန်တော့ပြီး သူတို့ရဲ့ ဆိုစကားတွေ နားထောင်ချင်တာ ဘာဆန်းသလဲဗျာ။(၂)အ မ က(၁)ကနေ လေးတန်းအောင်ပြီး အ ထ က(၁)စစ်ကိုင်းမှာ ၁၀ တန်းပညာသင်ခဲ့တာ။ ၁၉၇၀ စွန်းစွန်းနှစ်တွေမှာပါ။ အင်မတန် ပျော်စရာကောင်းတဲ့ အချိန်တွေပေါ့ဗျာ။ ပျော်ဆို စိတ်ဆင်းရဲစရာ သိပ်မှမတွေ့ရတာဗျာ။ ဆင်းရဲချမ်းသာ ကွာဟမှု နည်းတယ်။ အစိုးရဝန်ထမ်းတွေ လစာနဲ့ လောက်ငတယ်။ လစာအနိမ့်ဆုံး ဝန်ထမ်းတောင်မှ လစာသက်သက်နဲ့ ရပ်တည်နိုင်တယ်။ ဝန်ထမ်းလောကမှာ အများစုက အထက်လူကြီးကို ချစ်ခင်လေးစားကြတယ်။ လူကြီးတွေကလည်း လက်အောက်ငယ်သားကို သနားညှာတာတယ်။အာဏာရှိသူက အာဏာမဲ့သူကို မနှိပ်စက်ဘူး။ ပိုက်ဆံရှိသူက ပိုက်ဆံမရှိသူကို နှိမ့်ချဆက်ဆံတာမျိုး မရှိဘူး။ လူကြီးသားသမီးမို့လို့ ဆရာ၊ ဆရာမတွေက အရေးပေးတာမျိုး မရှိဘူး။(၃)လွတ်လပ်ပျော်ပါးစွာ ကစားကြတယ်။ ကျောင်းစာကြည့်တိုက်မှာ စာအုပ်တွေ မွှေကြတယ်။ ငှားကြတယ်။ ဖတ်ကြတယ်။ ကျောင်းနံရံကပ် စာစောင်တွေမှာ ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေ ရေးကြ၊ ကပ်ကြတာကို ဖတ်ကြ ဝေဖန်ကြတယ်။ ကျောင်းရဲ့ နှစ်ပတ်လည် ပန်းချီပြပွဲမှာ ဝါသနာပါသူတွေ ပုံဆွဲပြီးပြကြတယ်။ ငါးတန်းကနေ ရှစ်တန်းအထိ အလယ်တန်းပညာသင်ချိန်မှာ ဖွံ့ဖြိုးရေးအချိန် နှစ်ချိန်ရှိတယ်။ ပန်းချီဝါသနာပါသူက ပန်းချီ၊ စက်မှုလက်မှု ဝါသနာပါသူက စက်မှုလက်မှု၊ အိမ်တွင်းမှု အချုပ်အလုပ် အချက်အပြုတ် ဝါသနာပါသူက အိမ်တွင်းမှု သင်ရတယ်။(၄)တစ်ခါတလေ စာသင်ခန်းထဲမှာ လှောင်ကြပ်နေတဲ့ ကျောင်းသားတွေကို ကျောင်းဝင်းထဲက သစ်ပင်ရိပ်တစ်ခုအောက် ခေါ်သွားပြီး စာသင်တယ်။ တစ်ခါတုန်းက ပထဝီဆရာမ စာသင်တာ သတိရမိတယ်။ စာသင်ခန်းအပြင်ထွက်ပြီး စာသင်ကြတဲ့ တစ်ချိန်ပေါ့။ပူတဲ့ဒေသမို့ အပြင်မှာ ပူနေတာ မဆန်းပါဘူး။ စာအုပ်လေးတွေယူပြီး ကျောင်းခန်းကနေ သစ်ပင်ရိပ်ဆီကို သွားကြတယ်။ သစ်ရိပ်အောက်မှာ အေးနေတယ်။ ဆရာမက သစ်တောတွေ သစ်ပင်တွေအကြောင်း ပြောပြတယ်။ မြေကြီးပြောင်ပြောင်ကို ရေလောင်းချလိုက်တယ်။ ရေက မြေကြီးကို တိုက်စားပြီး ရေကြည်ကြည်ဟာ ရေနောက်နောက်ဘ၀ ပြောင်းသွားတယ်။ နိမ့်တဲ့ဘက်ကို စီးသွားတယ်။ နောက်တစ်ခါ သစ်ပင်ငယ်တစ်ပင်ပေါ်ကို ရေလောင်းလိုက်တယ်။ သစ်ပင်ပေါ်ကတစ်ဆင့် ပြန်ကျတဲ့ရေက အလွတ်ကျတဲ့ရေလောက် မပြင်းတော့ဘူး။ တိုက်စားတာ သက်သာသွားတယ်။ မြေသားပြောင်ပြောင်ဟာ ရေတိုက်စားရလွယ်ပြီး သစ်ပင်တွေနဲ့ ကုပ်ထားထိန်းထားတဲ့မြေဟာ တိုက်စားရ ခက်ခဲတာကို လက်တွေ့ရေလောင်းပြီး ပြတယ်။အဲဒီလို ရေတိုက်စားရာက ဖြစ်လာတဲ့ နုန်းတွေအနယ်တွေဟာ ရေစီးကြောင်းနဲ့ ပါသွားပြီး ရေစီးအားနည်းသွားချိန်မှာ အောက်ကို ပို့ချတော့တာပဲ။ ဧရာဝတီမြစ်ကြီး သယ်ဆောင်လာတဲ့ နုန်းအနယ်တွေ၊ အနှစ်တွေ ပို့ချရာကနေ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဖြစ်လာတာ။ဆရာမက ဆက်ပြောပါတယ်။
အာဏာရှိသူက အာဏာမဲ့သူကို မနှိပ်စက်ဘူး။ ပိုက်ဆံရှိသူက ပိုက်ဆံမရှိသူကို နှိမ့်ချဆက်ဆံတာမျိုး မရှိဘူး။ လူကြီးသားသမီးမို့လို့ ဆရာ၊ ဆရာမတွေက အရေးပေးတာမျိုး မရှိဘူး
ဒါကလည်း ဧရာဝတီမြစ်ကြီး ရေစီးအားကောင်းနေပါမှ မြစ်ထဲကို ဝင်လာတဲ့ အနယ်တွေနည်းပါမှ ဖြစ်မှာ။ သူသယ်နိုင်တာထက်ပိုပြီး အနယ်တွေဝင်လာရင် မြစ်က တဖြည်းဖြည်း ကောလာမယ်။ သောင်ပြင်ကြီးတွေ ဖြစ်လာမယ်”“ဒါဆို ဘောလုံးကန်လို့ သိပ်ကောင်းမှာပဲ ဆရာမ”“အမယ်လေးလေ။ မင်းဘောလုံးကန်ဖို့အတွက် ငါတို့မြစ်ကြီး မကောပါရစေနဲ့ကွယ်”ရယ်မောသံလေးတွေ ထွက်လာတယ်။“တောတွေပြုန်း တောင်တွေပြောင်ရင် လွင်တီးခေါင်ဖြစ်မယ်။ ရာသီဥတုတွေ ဖောက်ပြန်မယ်”“ဟုတ်ကဲ့ ဆရာမ၊ ဥတုရာသီ တောကိုမှီ၏ဆိုတဲ့ ဆိုင်းဘုတ် မေမြို့သွားတဲ့ ကားလမ်းနံဘေးက သစ်ပင်ကြီးတွေမှာ ကျွန်တော်တွေ့ဖူးတယ်”“သဘာဝတရားကို ဖျက်ဆီးမယ့်အထဲမှာ ဆရာမတပည့်တွေ မပါပါစေနဲ့ကွယ်။ မပါဘူးလို့လည်း ယုံကြည်မျှော်လင့်ပါတယ်။”(၅)“အလှတရားကို နားလည်ခံစားတတ်တဲ့သူဟာ အလှတရား မဖျက်ဆီးဘူး။ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်တဲ့သူဟာ သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးဘူး။ဧရာဝတီမြစ်ကမ်းနံဘေး ရွှေတောင်ဦးမှော်ဘက် ပန်းချီဆွဲထွက်ရင်း ဆရာကြီးက ပြောတယ်။“ငါတို့ရဲ့ စစ်ကိုင်းတောင်ကြီးမှာ သစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ မရှိတော့ဘဲ ကတုံးပြောင်ကြီး ဖြစ်သွားရင် အခုလို လှပါဦးမလား။ မြင်ရတာ အေးနေပါဦးမလား”“မလှတော့ပါဘူး ဆရာကြီး”“ငါတို့ အခုပန်းချီဆွဲနေတဲ့ စစ်ကိုင်းတံတားကြီး၊ အောက်က မြစ်ရေပြာပြာနေရာမှာ သဲသောင်ပြင်ကြီးတွေ ဖြစ်သွားမယ်ဆိုရင်ရောကွာ။ လှပါဦးမလား။ ဘယ်လှတော့မှာလဲကွာ။ ဒီအလှတွေဆိုတာ ငါတို့ရထားတဲ့ အမွေ၊ ဒီအမွေကို မပျောက်ပျက်ရအောင် ငါတို့ ဆက်စောင့်ရှောက်ရမှာ”(၆)ပထဝီသင်တဲ့ ဆရာမလို၊ ပန်းချီသင်တဲ့ ဆရာကြီးလို ကျန်တဲ့ ဆရာ၊ ဆရာမတွေကလည်း စေတနာအပြည့်နဲ့ သင်ကြားပေးကြတယ်။ သူ့သက်ဆိုင်ရာ ဘာသာရပ်တွေမှာ ထူးချွန်ကြတဲ့သူတွေ ဖြစ်ကြတယ်။ နေ့စဉ်သင်ရမယ့် သင်ခန်းစာတွေကိုလည်း စနစ်တကျ ပြင်ဆင်တယ်။စာမလိုက်နိုင်တဲ့ သူတွေအတွက် သီးခြားအချိန် ပိုသင်ပေးသလို တော်တဲ့သူတွေ လူရည်ချွန်ဖြေဖို့ သီးသန့်အိမ်မှာ သင်ပေးတယ်။ ငွေကြေး တစ်ပြားတစ်ချပ်မှ မယူတဲ့အပြင် မုန့်ကျွေးတယ်။ ထမင်းကျွေးတယ်။ လူရည်ချွန်ရလို့ အပန်းဖြေစခန်းသွားတော့ မုန့်ဖိုးပေးသေးတယ်။ကျူရှင်တွေဆိုတာ သိပ်ခေတ်မစားသေးဘူး။ ကျောင်းမှာ စာသင်နေရင်းနဲ့ ကျူ ရှင်ပေးတာ မရှိဘူး။ မပေးဘဲနေလို့ရအောင် လစာနဲ့ လုံလောက်တယ်။ စုတတ်ဆောင်းတတ်ရင် စုဆောင်းနိုင်သေးတယ်။လွတ်လွတ်လပ်လပ် စာသင်ချင်လို့ လူမှုရေး၊ အသင်းအဖွဲ့အစည်း ကိစ္စတွေအတွက် အချိန်ပိုပေးနိုင်အောင်လို့ ကျောင်းဆရာအလုပ်က လုံးဝနုတ်ထွက်ပြီး ကျူရှင်ဆရာဘဝကို ပြောင်းလဲခံယူသွားတဲ့ ဆရာကြီးတွေလည်း ရှိခဲ့ဖူးပါတယ်။(၇)ငယ်သူငယ်ချင်းတချို့နဲ့ ဆရာကန်တော့ပွဲမှာ တွေ့ဖြစ်တယ်။ ကျောင်းဆရာမလုပ်နေတဲ့ သူငယ်ချင်းတွေလည်း ပါတယ်။ အတိတ်အကြောင်းတွေ ပြောကြဆိုကြရင်း ပျော်စရာ အချိန်ကလေး ခဏပြန်ရတယ်။ ပစ္စုပ္ပန်ကို ပြန်ရောက်တယ်။ သူငယ်ချင်း ကျောင်းဆရာမတစ်ယောက်က ပြောတယ်။“ငါဟယ် ငါတို့ကို စာသင်ပေးခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေ ငါတို့ကို စာသင်ပေးတဲ့ အချိန်တုန်းက အခြေအနေမျိုးမှာ စာသင်ရတဲ့ ဆရာမ ဖြစ်ချင်လိုက်တာဟယ်” တဲ့။သူဘာကို ပြောချင်တာလဲဆိုတာ သူ အသိဆုံး ဖြစ်မှာပါ။