ပြည်ခိုင်ဖြိုးနှင့် NLD ပါတီ နှစ်ပါတီစလုံး ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားခြင်း မရှိသေး

ပြည်ခိုင်ဖြိုးနှင့် NLD ပါတီ နှစ်ပါတီစလုံး ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားခြင်း မရှိသေး
Published 2 January 2015

မြန်မာနိုင်ငံ၏ အဓိကပါတီကြီး နှစ်ခုဖြစ်သည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နှစ်ပါတီစလုံးသည် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားခြင်း မရှိသေးဟု ပါတီအသီးသီး၏ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလုပ်အမှုဆောင်ဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဟန်လင်းက “၂ဝ၁၅ အတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တာကိုတော့ လက်ရှိအချိန်အထိ မလုပ်ကြသေးပါဘူး။ အချိန် လိုပါသေးတယ်။ ပြိုင်တာတော့ မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်မှာပါ” ဟု ပြောကြားသည်။ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းရာထူးကြီး ပါတီဝင်အချို့လည်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ထပ်မံပါဝင် ယှဉ်ပြိုင်ခြင်း ပြုမည်၊ မပြုမည်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကလည်း လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ထပ်မံပါဝင် ယှဉ်ပြိုင်ခြင်း ပြုမည်၊ မပြုမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားထားသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကလည်း ပြည်ခိုင်ဖြိုးပါတီသည် ပါတီတစ်ခုဖြစ်သည့်အတွက် ပြည်သူများအား မဲဆွယ်စည်းရုံးမှုများကို အချိန်တိုင်း ပြုလုပ်လျက်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတနေရာ အတွက်ကိုမူ ပြည်ခိုင်ဖြိုးပါတီမှ လျာထားမှုများ မပြုလုပ်ရသေးကြောင်း လွှတ်တော်တွင် သတင်းထောက်များအား ပြောကြားထားသည်။ ပြီးခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။မြန်မာတစ်နိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာရှိသော မဲဆန္ဒနယ် ၅၄ နေရာ ရှိခဲ့ပြီး ယင်းအနက် ၅၂ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖြစ်သည်။အလားတူ အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှလည်း ၂ဝ၁၅ ခုနှစ်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။၂ဝ၁၅ ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် ကြေညာပြီးမှသာ NLD ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက “ကျွန်တော်တို့ အခုအချိန်အထိတော့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်တွေ ရွေးချယ်ထားခြင်း မရှိသေးဘူး။ အရင်ပြောထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက် တရားဝင်ထုတ်ပြန်ပြီး နောက်မှသာ ဆုံးဖြတ်မယ်ဆိုတဲ့အတိုင်း ပြီးခဲ့တဲ့ရက်က ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်ကို ကျွန်တော်တို့ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို တင်ပြ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ကြမှာပါ” ဟု ပြောကြားသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာ ရှိခဲ့သော်လည်း ကချင်ပြည်နယ်အတွင်းမှ မဲဆန္ဒနယ် သုံးခုကို လုံခြုံရေး အခြေအနေအရ ကျင်းပနိုင်ခြင်း မရှိခဲ့သောကြောင့် ၄၅ နေရာသာ ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၂ ဦး အပါအဝင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။

Most Read

Most Recent