ငွေကြေးဖောင်းပွမှု မရှိဘဲ ဝန်ထမ်းများ လစာတိုးပေးနိုင်ရန် အခွန်နယ်ပယ် ချဲ့ထွင်ခြင်းနှင့် အစိုးရ၏ အကျိုးမရှိသော စီမံကိန်းအချို့ကို ဖြတ်တောက်မည်ဟု လွှတ်တော်ကော်မတီဝင်များ ပြောကြား

ငွေကြေးဖောင်းပွမှု မရှိဘဲ ဝန်ထမ်းများ လစာတိုးပေးနိုင်ရန် အခွန်နယ်ပယ် ချဲ့ထွင်ခြင်းနှင့် အစိုးရ၏ အကျိုးမရှိသော စီမံကိန်းအချို့ကို ဖြတ်တောက်မည်ဟု လွှတ်တော်ကော်မတီဝင်များ ပြောကြား
Published 2 January 2015
ဝေယံဖြိုးဦး

ငွေကြေးဖောင်ပွမှု မရှိဘဲ ဝန်ထမ်းများ လစာတိုးပေးနိုင်ရန် အခွန်နယ်ပယ် ချဲ့ထွင်ခြင်းနှင့် အစိုးရ၏ အကျိုးမရှိသော စီမံကိန်းအချို့ကို ဖြတ်တောက်မည်ဟု လွှတ်တော်ကော်မတီဝင်များက ပြောကြားသည်။ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က “အစိုးရအနေနဲ့ ငွေကြေးဖောင်းပွမှာ စိုးရိမ်ပြီး လစာနည်းနည်းပဲ တိုးပေးမယ်ဆိုရင် ဝန်ထမ်းတွေ အဆင်ပြေမှာ မဟုတ်ဘူး။ ဝန်ထမ်းတွေ လစာတိုးပေးနိုင်ဖို့ အချက်နှစ်ချက် လုပ်ရမယ်။ နံပါတ်(၁)က နိုင်ငံရဲ့ အဓိကဝင်ငွေက အခွန်ပဲ။ အခွန်နှုန်းထားတွေ တိုးမြှင့်ဖို့ မဟုတ်ဘူး။ အခွန်မဆောင်တဲ့သူတွေ အများကြီး ကျန်နေသေးတယ်။ သူတို့ကို အခွန်ဆောင်လာအောင် လုပ်ခြင်းအားဖြင့် နိုင်ငံတော်ဝင်ငွေ တိုးလာမယ်။ အခွန်နယ်ပယ် ချဲ့ထွင်ရပါမယ်။ နံပါတ်(၂)က ကျွန်တော်တို့ လွှတ်တော်ကနေ အစိုးရရဲ့ စီမံကိန်းတွေထဲက အကျိုးရှိတာတွေကို ခွင့်ပြုပြီး အရှုံးပေါ်ပြီး အကျိုးမရှိတဲ့ စီမံကိန်းတွေကို ဖြတ်တောက်ရပါမယ်။ အဲလိုဖြတ်တောက်ပြီး ထွက်လာတဲ့ငွေကို ဝန်ထမ်းတွေ လစာတိုးပေးရပါမယ်။ အဲဒီနှစ်ချက်ကို ဆောင်ရွက်နိုင်ရင် ငွေကြေးဖောင်ပွမှုမရှိဘဲ ဝန်ထမ်းတွေကို သင့်တင့်တဲ့လစာ တိုးပေးနိုင်မှာပါ” ဟု ဇန်နဝါရီ ၂ ရက်တွင် ပြောကြားသည်။ထို့ပြင် ပြည်ထောင်စုလွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေး ပူးပေါင်းမှုကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စတင်သည့် ကာလမှစ၍ တပ်မတော်သားနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာနှင့် လျော်ညီသည့် သင့်တင့်မျှတသော လစာစရိတ်များ ဖြစ်ပေါ်ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရတို့အား တိုက်တွန်းကြောင်း အဆိုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၈ နှင့်အညီ အစိုးရမှ ဆက်လက် အကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လစာစရိတ် တိုးပေးနိုင်ရန် ဘဏ္ဍာရေး ကျောထောက်နောက်ခံရှိရန် လိုကြောင်း ပြောကြားသည်။ထိုသို့ ဘဏ္ဍာရေးကျောထောက်နောက်ခံ ရှိရန်အတွက် နိုင်ငံတော်၏ အခွန်ကောက်နှင့် စီးပွားရေးဆိုင်ရာ ဝင်ငွေအရပ်ရပ် တောင့်တင်းခြင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို လေလွင့်ပြုန်းတီးစေနိုင်သည့် စီမံကိန်းများကို စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးဝင်းသန်းက ပြောကြားသည်။ဆက်လက်၍ အစိုးရအတွက် အရှုံးများစွာ ဖြစ်ပေါ်နေသည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြီးစီးမည်ဟု ခန့်မှန်းဆောင်ရွက်နေသည့် မရမ်းကုန်း ကုန်တင်ယာဉ်ထုတ်လုပ်ရေး စီမံကိန်း၊ မြိုင်မြို့နယ် မော်တော်ယာဉ် မိုလင်းဒိုင် ထုတ်လုပ်မည့် စီမံကိန်း၊ နဘူးအိုင် ကုန်တင်ယာဉ်ဝင်ရိုး စီမံကိန်း၊ သာဂရဒီဇယ် အင်ဂျင်ထုတ်လုပ်မှု စီမံကိန်းတို့ကိုလည်း အစိုးရအနေဖြင့် ပြန်လည်စိစစ် သုံးသပ်ကာ လိုအပ်ပါက ရပ်နားရန် လိုအပ်မည်ဖြစ်ကြောင်း ဦးဝင်းသန်းက ဆိုသည်။“ဝန်ထမ်းတွေ လစာတိုးဖို့ ကိစ္စက လွှတ်တော်က ဆန္ဒရှိတဲ့အတိုင်း တိုးပေးဖို့ဆိုရင် အစိုးရအဖွဲ့က တင်လာမယ့် စီမံကိန်းဆိုင်ရာ ဘတ်ဂျက်တွေကို မလိုလားအပ်တဲ့ ဖြတ်တောက်မှုတွေ ရှိလာနိုင်တဲ့အတွက် အခက်အခဲတွေ ရှိနိုင်တယ်။ နောက်တစ်ခုက ကုန်ဈေးနှုန်း ကြီးမြင့်လာနိုင်တဲ့ ကိစ္စတွေကိုလည်း အစိုးရဘက်က တင်ပြထားတယ်။ လက်ရှိ အခြေအနေမှာ သင့်တော်တဲ့နှုန်းဖြစ်ဖို့ လွှတ်တော်နဲ့ အစိုးရ ပြန်ညှိပြီး ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းလစာ တိုးရေးအတွက် လွှတ်တော်က အဓိက ဖြစ်စေချင်တာက လူတစ်ယောက် အနိမ့်ဆုံး အသုံးစရိတ်ကို တွက်ချက်ပြီး အနိမ့်ဆုံး အစိုးရဝန်ထမ်းလစာကို ငွေကျပ် ၁၂၀၀၀၀ သတ်မှတ်စေလိုတယ်။ အမြင့်ဆုံးလစာကိုတော့ အနိမ့်ဆုံးလစာဖြစ်တဲ့ ၁၂၀၀၀၀ ရဲ့ ရှစ်ဆလောက် များစေချင်တယ်။ အဲဒီပမာဏလောက် ဖြစ်စေချင်တယ်။ နောက်တစ်ခုက လစာတိုးတဲ့အခါမှာ ပင်စင်လစာတွေ၊ ရှားပါးစရိတ်တွေပါ ထည့်သွင်းစဉ်းစားသင့် မသင့်ကိုလည်း အစိုးရနဲ့ ညှိနေပါတယ်” ဟု လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဦးစိုင်းသီဟကျော်က ပြောကြားသည်။လက်ရှိတွင် နေ့စားဝန်ထမ်းသည် တစ်နေ့ ကျပ် ၃၀၀၀ (စနေ၊ တနင်္ဂနွေမပါ)၊ ရုံးအကူအဆင့်သည် တစ်လ ကျပ် ၇၅၀၀၀ နှင့် စရိတ်ချီးမြှင့်ငွေကျပ် ၃၀၀၀၀ ရရှိလျက်ရှိကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၈၀၀၀၀ ဖြစ်ကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၅၀၀၀၀ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent