ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အလံတိုင်တွင် နိုင်ငံတော်အလံအစား သုံးရောင်ခြယ်ဒေါင်းအလံ လွှင့်တင်သူအား အရေးယူရန် အမှုဖွင့်စုံစမ်း

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အလံတိုင်တွင် နိုင်ငံတော်အလံအစား သုံးရောင်ခြယ်ဒေါင်းအလံ လွှင့်တင်သူအား အရေးယူရန် အမှုဖွင့်စုံစမ်း
Published 2 January 2015
ကြည်နိုင်

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အလံတိုင်တွင် မြန်မာနိုင်ငံ အလံအစား သုံးရောင်ခြယ် ဒေါင်းအလံ လွှင့်တင်သူအား အရေးယူရန် အမှုဖွင့် စုံစမ်းနေပြီဖြစ်ကြောင်း ကျောက်တံတား မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ပြောကြားသည်။  အဆိုပါ အလံပြောင်းလဲ လွှင့်တင်မှုသည် ၂၀၁၅ ခုနှစ်၏ နှစ်သစ်ကူး ပထမရက် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လမ်းပေါ်သွားလာနေသော ပြည်သူများက အလံလွှင့်တင်ထားမှုအား စတင်သိရှိ၍ ဖုန်းများ၊ ကင်မရာများဖြင့် မှတ်တမ်းတင်ရိုက်ကူးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ဆီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး လာတိုင်ကြားထားလို့ နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ နဲ့ အမှုဖွင့်ထားပါတယ်။ စုံစမ်းပြီး အရေးယူသွားမှာပါ။ ဘယ်သူလုပ်သွားလဲ ဆိုတာလဲ မသိသေးဘူး” ဟု ကျောက်တံတားမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းတင်က ဇန်နဝါရီ ၂ ရက်က ပြောကြားသည်။အဆိုပါ တိုင်းဒေသကြီး တရားလွှတ်တော်ထိပ် အလံတိုင်တွင် အလံလဲလှယ်တပ်ဆင်ခြင်း ပြုလုပ်သူအား ရန်ကုန်တိုင်းဒေသကြီး တရားရေးဦးစီးမှူးရုံး၊ စီမံ/ထောက်ပံ့ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းရွှေမြင့်က ကျောက်တံတားမြို့မ ရဲစခန်းတွင် ဥပဒေအရ အရေးယူပေးရန် ဇန်နဝါရီ ၁ ရက်က လာရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ သုံးရောင်ခြယ် ဒေါင်းအလံ လွှင့်တင်ထားမှုအား နာရီဝက်ခန့် အကြာတွင် တရားလွှတ်တော်ရုံး တာဝန်ရှိသူများက ဖြုတ်ချခဲ့သည်။အလံပြောင်းလဲ လွှင့်တင်ထားမှုအား အများပြည်သူများ မသိရှိခင် တစ်နာရီခန့် အလိုတွင် ရန်ကုန်မြို့တော် ခန်းမရှေ့၌  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀ ဦးခန့်က လက်ပံတောင်းတောင် ပဋိပက္ခတွင် သေနတ်မှန် သေဆုံးသွားသော တောင်သူဒေါ်ခင်ဝင်းကိစ္စ အမှုမှန် ဖော်ထုတ်ပေးရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချက်ချင်းရပ်ပေးရန် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent