တစ်ခါတုန်းက တနင်္ဂနွေ

တစ်ခါတုန်းက တနင်္ဂနွေ
Published 2 January 2015
နရီမင်း

ကားတိုက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်က ဟင်းလင်းပွင့်နေတဲ့ သူ့ဗိုက်ထဲက အူတွေ လျှာနဲ့ ပြန်လျက်နေပုံမျိုး၊ ကျွန်တော့်အတိတ်ကို ကျွန်တော့်ဘာသာ မကြာခဏ ပွတ်သပ်ကြည့်နေမိတယ်။ မှန်ထဲက ကိုယ့်ပုံရိပ် ကိုယ်ပြန်ကြည့်ရင်း “မင်းထိုးရက်တဲ့ဓားကို ငါမနမ်းပါဘူး” လို့ စိမ်းစိမ်းကားကား ပြောလိုက်ရဲ့။ ဘဝက ကျွန်တော့်ဘယ်ဘက်ပါးကိုနမ်းပြီး ညာဘက်ပါးကို ရိုက်သွားတယ်။ အပန်းဖြေပန်းခြံထဲမှာ တနင်္ဂနွေနေ့ တစ်နေ့တည်း အသက်ရှင်တဲ့ လိပ်ပြာလေးတစ်ကောင် ကျွန်တော် ဖြစ်ချင်တယ်။ ဘဝသာ စီဒီတစ်ခွေဆိုရင် ကြည့်ချင်တဲ့ အပိုင်းတွေချည်း ရစ်ကြည့်လို့ရမှာပဲ။‘ဘာပြောပြော မယုံဘူး’ လို့ ချစ်သူက ပြောတယ်။ ရေနီဒေးကားကို မင်းသိလား။ ခေါင်းကို ခါတယ်။ ဆံပင်တွေ လေထဲလွင့်လို့။ (Beauty ခေါင်းလျှော်ရည်က အကောင်းဆုံးရှင့်) လေထဲမှာ လွင့်နေတဲ့ ချစ်သူ့ဆံပင်တွေက ဒေးကားကိုရော၊ ကျွန်တော့်ကိုရော ယုံကြည်ပုံ မရဘူး။ “မယုံကြည်ခြင်းကို တတ်မြောက်ဖို့ တို့အနှစ်သုံးဆယ်လုံးလုံး သင်ကြားလို့ မဆုံးဘူး” လို့ ကျွန်တော်ကပြောတော့ ချစ်သူက ကလေးတစ်ယောက်လို တခစ်ခစ်ရယ်တယ်။ (ယုံကြည်ပုံ မရဘူး။)ဘတ်စ်ကားက ရှစ်မိုင်မှတ်တိုင်ကို ကျော်လာတယ်။ ‘စိတ်ကူးယဉ်’ ပါသလားလို့ စပယ်ယာက မေးတယ်။ “ရှင်ဆင်းရမယ့် မှတ်တိုင် ရောက်ပြီ” တဲ့။ ပုထုဇနော ဥမ္မတကော။ “စာလုံးပေါင်း မှန်ရဲ့လား” တဲ့။ သတ်ပုံက အရေးမကြီးပါဘူး။ (စာပြင်ဆရာ ပြင်လိမ့်မယ်)။ “ဒါဖြင့် ဘယ်သင်းက အရေးကြီးသလဲ” တဲ့။ “တို့အနားမှာသာ မင်းရှိရင် ဘယ်အရာမှ အရေးမကြီးပါဘူး” လို့ ကျွန်တော်ကပြောတော့ “ဘယ်စာအုပ်ထဲက အလွတ်ကျက်ထားတာလဲ” တဲ့။ “တို့ဘယ်စာကိုမှ အလွတ်မကျက်တတ်ဘူး” လို့ပြောတော့ “ဘယ်လိုလုပ် စာမေးပွဲတွေ အောင်လာသလဲ” တဲ့။ သိက္ခာနည်းနည်း ပွန်းသွားတယ်။ ရွှေဝယ်မယ်ဆိုရင်  . . . မှာမှ စိတ်ချရတယ်တဲ့။ ဦးထုံကို အထူးယုံလိုက်ပါ။ ချစ်သူ့လည်တိုင် လှလှလေးပေါ်က ရွှေဆွဲကြိုးကလေးကို ငေးကြည့်မိတယ်။ “ဘာကြည့်တာလဲ” တဲ့။ ကျွန်တော် နည်းနည်းရှက်သွားတယ်။ ‘ခါးပိုက်နှိုက် သတိပြု’ တဲ့။ မြို့ပတ်ရထားပေါ်က စာတန်းကို သတိရတယ်။ မြောက်ဒဂုံ ကြိုးတံတားပေါ်မှာ ခလုတ်တိုက်မိတဲ့ မိန်းမကြီးတစ်ယောက် သူ့သမီးလေးကို ပြောတယ်။ “နောက်တစ်ခါ ဒီနားကို ရောက်ရင် ခလုတ်မတိုက်မိအောင် သတိထားရမယ်” တဲ့။“မင်းတို့ကို ခလုတ်တိုက်မိတာတော့ မဟုတ်ပါဘူးနော်” လို့ပြောတော့ ချစ်သူက “ရှင်ဆင်းရမယ့် မှတ်တိုင်ကျော်လာပြီ” တဲ့။ “မင်းနံဘေးက ထိုင်ခုံလေးကို ဆုံးရှုံးသွားမှာ နှမြောလို့ပါကွာ” လို့ ပြောတော့ “သေလိုက်ပါလား” တဲ့။ ချစ်သူ့မျက်စောင်းက တအားလှတယ်။ “ငါသေတော့ ဘယ်သူငိုမှာလဲ” တဲ့။ ဇော်ဝင်းထွဋ်က ဆောင်းဘောက်စ်ထဲကနေ ထအော်တယ်။ (တိုက်ဆိုင်ပုံက ဇာတ်ဆန်တယ်) ဘဝဆိုတာ နှစ်ခါပြန် လျှောက်လို့မရဘူး။ “မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးလို့ မရဘူး” တဲ့။ ဟေရာက လိုက်တပ်က ပြောတယ်။ လွယ်အိတ်က တအားလေးတယ်။ ဟေရာက လိုက်တပ်ကို ဆွဲထုတ်ပြီး လွှင့်ပစ်လိုက်တယ်။ အချစ်.... ခလုတ်တိုက်မိမယ် မငေးနဲ့။“မချစ်ရင် မနေနိုင်တာကလွဲလို့” လက်ဖက်ရည်ဆိုင်ထဲကို အဝင်မှာ ထွန်းအိန္ဒြာဗိုလ်ရဲ့ အသံတွေ ရေညှိတက်နေတယ်။ ချစ်သူ့လက်ကို လှမ်းကိုင်လိုက်မိတယ်။ ချော်လဲသွားမှာစိုးလို့။ တစ်ဆိုင်လုံးကလူတွေ ကျွန်တော်တို့နှစ်ယောက်ကို ဝိုင်းကြည့်ကြတယ်။ “အားနာလိုက်တာဗျာ။ တို့ကြောင့် သူတို့ အနှောင့်အယှက် ဖြစ်သွားပြီ” လို့ပြောတော့ သူက “ကမ္ဘာပေါ်မှာ အားအနာတတ်ဆုံး လူနှစ်ယောက် တွေ့ဖူးတယ်။ ရှင်ရယ် ကျွန်မအစ်ကိုရယ်” တဲ့။ ဘောလုံးပွဲစည်းကြပ်ဒိုင်လို ကျွန်တော် အလံထောင်လိုက်တယ်။ “ဒီတစ်ခါ တို့စကားကို ဘာလို့ယုံတာလဲ” သူက ရယ်ကျဲကျဲနဲ့ ပြောတယ်။ ကျွန်မပြောချင်တာက ကျွန်မအစ်ကို အားနာတတ်တဲ့ အကြောင်းပါ။ ရှင်က မလွှဲမရှောင်သာ ပါလာရတာတဲ့။ဣတ္ထိဝင်္က နဒီဝင်္က။ “ကျွန်တော့်အမေ မပါဘူး။ အမေက တောသူ။ စကားကို တဲ့တိုးကြီး နားမခံသာအောင် ပြောတတ်တယ်။ “အမေက တို့ကို သိပ်ယုံတာပဲ” လို့ပြောတော့ “ဘာလဲ ပိုက်ဆံတွေ ညာညာတောင်းတိုင်း ပေးလို့ မဟုတ်လား” တဲ့။ ပိုက်ဆံရှာရတာက တို့အဖေပါ။ “အော် ယောက်ျားက ပိုက်ဆံံရှာရမှာပေါ့” တဲ့။ စာရေးဆရာမ ဆီမွန်ဒီဗူးဗွားသာ ရှိသေးရင် “Feminism ထဲမှာ မိန်းမတွေ ပိုက်ဆံရှာပြီး ယောက်ျားတွေကို လုပ်ကျွေးတာရော ပါမှာပေါ့နော်” လို့ မေးလိုက်ချင်တယ်။ သူငယ်ချင်း ကဗျာဆရာကတော့ “မင်းတို့ ငါ့ကို ထမီနား ခိုစားတယ် ပြောမှာစိုးလို့ မိန်းမကို ဂါဝန်ပဲ ဝတ်ခိုင်းထားတယ်” လို့ မူးမူးနဲ့ ပြောဖူးတယ်။ (ဘေထုပ်သည်တွေရဲ့ ကျေးဇူးကြောင့် တောကအမျိုးသမီးတွေတောင် အတော်ခေတ်မီလာပြီ)
ဘဝက ကျွန်တော့် ဘယ်ဘက်ပါးကို နမ်းပြီး ညာဘက်ပါးကို ရိုက်သွားတယ်။ အပန်းဖြေပန်းခြံထဲမှာ တနင်္ဂနွေနေ့ တစ်နေ့တည်း အသက်ရှင်တဲ့ လိပ်ပြာလေးတစ်ကောင် ကျွန်တော်ဖြစ်ချင်တယ်။ ဘဝသာ စီဒီတစ်ခွေဆိုရင် ကြည့်ချင်တဲ့ အပိုင်းတွေချည်း ရစ်ကြည့်လို့ ရမှာပဲ . . . . .

ယောက်ျားနဲ့ မိန်းမတို့ အိမ်ထောင်ပြုကြတယ်။ ယောက်ျား ပိုက်ဆံရှာ၊ မိန်းမ ထမင်းချက် အဝတ်လျှော်။ တချို့မိန်းမတွေက ထမင်းချက် အဝတ်လျှော် မတတ်ကြဘူး။ အလှပဲ ပြင်တတ်တယ်။ ကျွန်မက အိမ်မှာ ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် နေလာခဲ့ရတာ ဆိုပဲ။ ယောက်ျားတွေက ပိုက်ဆံရှာရင်း မိန်းမတွေက ထမင်းချက်ရင်း တချို့လည်း အလှပြင်ရင်း . . . ရှင်သေမင်းဆီ။ သားသမီးမြေးမြစ်တွေကို ခြေရာတွေလို ချန်ရစ်ခဲ့ကြတယ်။ “ကျွန်မကတော့ ဘာခြေရာမှ မချန်ချင်ဘူး” တဲ့။ “အပျိုကြီး တကယ် လုပ်မှာလား” ဆိုတော့လည်း “ဟင့်အင်း” တဲ့။ဘဝအဓိပ္ပာယ်က ဘာလဲ။ နန္ဒာသိန်းဇံ စာအုပ်ကြီးက ထူလွန်းတယ်။ သူကတော့ ‘ဘဝဆိုတာ အိပ်မက်ရှည်ကြီးတစ်ခုနဲ့ တူတယ်’ ဆိုလားပဲ။ အိန္ဒိယ ဇာတ်ကားလို နေမှာ။ ပျင်းစရာကြီး “သူငယ်ချင်းတစ်ယောက်က ဝန်ခံဖူးတယ်။ သူရယ်၊ သူ့မိန်းမရယ်၊ ရည်းစားဘဝက အိန္ဒိယကားတွေပဲ ရွေးကြည့်တယ်” တဲ့။ “အိန္ဒိယကားတွေက ဇာတ်လမ်းရှည်တော့ ပြသချိန် ကြာတယ်လေ” တဲ့။ သူက ကျွန်တော့်ကို နလပိန်းတုံးတစ်ယောက်လို ရှင်းပြတယ်။ “အခုတော့ရော” လို့ ကျွန်တော်က မေးတော့ သူက ကျွန်တော့်ကို ပြန်မေးတယ်။ “ဟေ့ကောင် ဘယ်ကားမျိုးက အတိုဆုံးလဲ။ ဟောင်ကောင်အက်ရှင်ကားတွေဆို ဘယ့်နှယ့်လဲ” တဲ့။ကျွန်တော်က ပြန်လည်းပြောပြရသေးတယ်။ ချစ်သူက နှုတ်ခမ်းစူပြီးမေးတယ်။ “ရှင်တို့ ယောက်ျားတွေအားလုံး ဒီလိုချည်းပဲလား” တဲ့။ “သူ တကယ်မချစ်လို့ နေပါလိမ့်မယ်ကွာ” လို့ ပြောလိုက်တော့လည်း “တကယ် ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ” တဲ့။ စကားပြောတတ်ခါစ ကလေးတစ်ယောက်လို မေးတယ်။ “ကျွန်မက ကလေးပဲ” တဲ့။ (ဖြစ်ရပြန်ပြီ) “တို့ပြောလို့ကတော့ မသိတဲ့သူက မတတ်တဲ့သူကို ရှင်းပြသလိုပဲ နေမှာပေါ့” ဆိုတော့ “ရှင် မသိဘဲ ဘာလို့ပြောသေးလဲ” တဲ့။ “အိမ်စာလိုပဲ သဘောထားပြီး ပေးလိုက်ပါတော့။ အိမ်ရောက်ရင် ရှိသမျှ အဘိဓာန်တွေ လှန်ပြီး အဲဒီ အဓိပ္ပာယ်ကို ရှာမယ်” လို့ ပြောလိုက်မိတယ်။ “ဒီမယ် ဆရာကြီး မသေမချင်း မှတ်ထား၊ အဲဒီစကားကို အဘိဓာန် လှန်ရှာလို့ကတော့ ဘယ်တော့မှ အဓိပ္ပာယ်အမှန် ရမှာမဟုတ်ဘူး။ အဲဒါက မော်ဒန်ကဗျာတွေလိုပဲ။ ခံစားကြည့်မှပဲ သိနိုင်တာ” ဆိုပါလား။ ကထိက လေသံမျိုးနဲ့။ Lecture တွေကို မုန်းတဲ့ ကျွန်တော်၊ ဆရာလုပ်တဲ့ လေသံကို မုန်းတဲ့ ကျွန်တော်။ ဒီ Lecture နဲ့ ဒီလေသံကိုကျမှ ဘာလို့ သဘောကျနေရတာလဲ။ ဟာ...ဟုတ်ပြီ။ ချစ်တယ်ဆိုတာ ဒါမျိုးလား။“ဒါဟာ အချစ်ဗိမာန်လို့ ကိုယ်ထင်ပေမယ့် အလွမ်းအဆွေးများရဲ့ ထောင်ချောက်ပဲ။ ထုံပျံသင်းပျံ့သော ချစ်ရနံ့များဟာ အဆိပ်ငွေ့များလို သတ်နေပြီ”“သချုႋင်းက အမှန်တရားများ”“ညင်သာနူးညံ့လွန်းတဲ့ ကြင်နာသူအသည်း အခုတော့ သိပ်မာ သံမဏိပဲ”“ကိုယ်သေရင် ဟန်ဆောင်ဒီလို ဘယ်သူ ငိုမလဲ”လက်ဖက်ရည်ဆိုင်နှစ်ဆိုင်က နီးကပ်လွန်းတယ်။ ဇော်ဝင်းထွဋ်နဲ့ ကျော်ဟိန်းကို သူတို့ အပြိုင် အော်ခိုင်းနေပုံက ကြက်တိုက်နေကြတဲ့ အတိုင်းပဲ။ ချစ်သူက နားနှစ်ဖက်လုံးကို လက်ညှိုးထိုးထည့်ပြီး ပိတ်ထားတယ်။ တစ်ယောက်အသံကို တစ်ယောက်မကြားရတော့မယ့် အတူတူ ကျွန်တော်တို့ ဘာမှမပြောဖြစ်ကြတော့ဘူး။ ညနေက တအားကြီး စောင်းလာတယ်။ တစ်ယောက်ကိုတစ်ယောက် ပြိုင်တူငေးကြည့်မိကြတယ်။ အဲဒီနေ့က နီးနီးကပ်ကပ် တည်ရှိနေတဲ့ လက်ဖက်ရည်ဆိုင်ထဲက ထိုင်ခုံပုလေးနှစ်လုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာ ကျွန်တော်တို့နှစ်ယောက် အကြောက်ကြီး ကြောက်ခဲ့ကြတယ်။ ဆရာ နန္ဒာသိန်းဇံရေ... ဒီလိုကျတော့လည်း အိပ်မက်တွေက တိုလွန်းပြန်ရော။ကားတိုက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်က ဟင်းလင်းပွင့်နေတဲ့ သူ့ဗိုက်ထဲက အူတွေ လျှာနဲ့ပြန်လျက်နေပုံမျိုး၊ ကျွန်တော့်အတိတ်ကို ကျွန်တော့်ဘာသာ ကျွန်တော် မကြာခဏ ပွတ်သပ်ကြည့်နေမိတယ်။ မှန်ထဲက ကိုယ့်ပုံရိပ် ကိုယ်ပြန်ကြည့်ရင်း “မင်းထိုးရက်တဲ့ ဓားကို ငါမနမ်းပါဘူး” လို့ စိမ်းစိမ်းကားကား ပြောလိုက်ရဲ့။ ဘဝက ကျွန်တော့် ဘယ်ဘက်ပါးကို နမ်းပြီး ညာဘက်ပါးကို ရိုက်သွားတယ်။ အပန်းဖြေပန်းခြံထဲမှာ တနင်္ဂနွေနေ့ တစ်နေ့တည်း အသက်ရှင်တဲ့ လိပ်ပြာလေးတစ်ကောင် ကျွန်တော်ဖြစ်ချင်တယ်။ ဘဝသာ စီဒီတစ်ခွေဆိုရင် ကြည့်ချင်တဲ့ အပိုင်းတွေချည်း ရစ်ကြည့်လို့ ရမှာပဲ။