ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးနှစ် ဖြစ်ဖို့ ရှေးရှုကြ

ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးနှစ် ဖြစ်ဖို့ ရှေးရှုကြ
Published 2 January 2015
ဒေါက်တာရန်မျိုးသိမ်း

နှစ်သစ်ကူးကာလတွင် ဆုတောင်းတိုင်း ပြည့်နိုင်မည်ဆိုလျှင် တိုင်းရင်းသား ပြည်သူလူထု အနေဖြင့် လွတ်လပ်မှု တရားမျှတမှု၊ တန်းတူရည်တူမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာလွန်ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အာမခံချက်ပြည့်ဝသော ပညာရေးစနစ် အရိပ်အာဝါသတို့ အပြည့်အ၀ ရရှိနိုင်ရေးကို နှစ်သစ်ကူး တောင်းဆုပြုမိမည် ဖြစ်သည်။ ဆင်းရဲမွဲတေမှုနွံ နစ်နေဆဲ တိုင်းရင်းသား ပြည်သူလူထုကို မျက်နှာမူလျက်၊ စာနာထောက်ထား၊ တန်ဖိုးထားသည်ဆိုလျှင် အစိုးရ၊ အာဏာရပါတီနှင့် မြန်မာ့တပ်မတော်တို့၏ ဦးဆောင်မှုနှင့်အတူ သော့ချက်ပုဂ္ဂိုလ်များအကြား ယုံကြည်မှုတည်ဆောက်ရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး အသံများကို တရစပ် ပြုရုံမျှမက လက်တွေ့ကျကျ ဖော်ဆောင်ကြရေး မျက်မှောက်ပြုရမည် ဖြစ်သည်။၂၀၁၅ ခုနှစ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှစ် အဖြစ် သတ်မှတ်သင့်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းကို ပြန်ပြောင်းလေ့လာလျှင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးကတည်းက အမျိုးသား သွေးစည်းညီညွတ်ရေးသည် တတိတိ တိုက်စားခံခဲ့ရပြီး ကျိုးပဲ့ပျက်စီးခဲ့ရသည်။ တိုင်းပြည်ခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များသည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို သူနိုင်ကိုယ်နိုင် ချဉ်းကပ်ဖြေရှင်းနိုင်ရန် အဆက်ဆက် ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် တိုင်းပြည်သည် လွတ်လပ်ရေးရပြီးကတည်းက ငြိမ်းချမ်းရေး ဆုံးရှုံးခဲ့ရသည်။ ပြည်တွင်းငြိမ်းချမ်းရေး ယိုယွင်းပျက်စီးခြင်းနှင့်အတူ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု တန်းတူရည်တူ ဖြစ်ရေးနှင့် ညီမျှရေး အပိုင်းတို့တွင်လည်း အလွန်အမင်း ချွတ်ခြုံကျခဲ့သည်။အမျိုးသား ပြန်လည်သင့်မြတ်ရေးသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အစဉ်တစိုက် စိန်ခေါ်မှုကြီးဖြစ်လျက် ရှိသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် ၂၀၁၁ ခုနှစ် ပြည်ထောင်စုအစိုးရသစ် ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသို့ ဦးတည်သည့် ခြေလှမ်းများနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် မရှိမဖြစ် လိုအပ်ချက်ကြီး ဖြစ်လာခဲ့သည်။ အမျိုးသားသွေးစည်းညီညွတ်မှု လျော့ပါးခြင်းနှင့် ပြည်တွင်းစစ်သည် တိုင်းပြည်၏ တန်းတူရည်တူ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်ဟု သုံးသပ်မှုများ ပိုမိုခိုင်မာ ကျယ်လောင်လာခဲ့သည်။ယုံကြည်မှု တည်ဆောက်ရေးသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အသက်လမ်းကြောင်းပင် ဖြစ်သည်။ ယုံကြည်မှုတည်ဆောက်ရေး အားနည်းလျှင် ချွတ်ချော်လျှင် ပြန်လည်သင့်မြတ်ရေးသည် လမ်းချော်နိုင်၊ ရပ်တန့်နိုင် ဂငယ်ကွေ့ ကွေ့နိုင်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးသည် ချည့်နဲ့မည်ဆိုလျှင် တိုင်းပြည်နှင့် ပြည်သူလူထုသည် အနစ်နာဆုံးဖြစ်မည်မှာ မုချဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒေသတွင်း အဆင်းရဲဆုံးနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံအဆင့်အတန်းများသည် ပို၍ပို၍ နစ်မွန်းဦးမည်ဖြစ်သည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်သုံးရပ် ပဲ့ကိုင်သူများ အနေဖြင့် ဘယ်သူသေသေ ငတေမာရင်ပြီးရော ထုံး၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ထုံး၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ထုံးတို့ကို စနစ်တကျ ကျောခိုင်းနိုင်ရေး မျက်မှောက်ပြုသင့်သည်။
မြန်မာ့နိုင်ငံရေး သွေးနုသားနုကာလ၊ မြန်မာ့နိုင်ငံရေး လေဝမ်းမကွဲသော ကာလ၊ မြန်မာ့နိုင်ငံရေး ညီအစ်ကို မသိတသိကာလ ၂၀၁၅ ခုနှစ် နေ့ရက်များတွင် နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများကို မဖြစ်မနေ တရစပ် ပြိုင်တူတွန်းကြရမည် ဖြစ်သည် . . . . .

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် အစိုးရများနှင့် လွှတ်တော်များအနေဖြင့် ယုံကြည်မှုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို စိတ်ရှည်လက်ရှည် ဦးဆောင်မောင်းနှင်နိုင်ရန် ပဓာနကျသည်။ အစိုးရများ၊ လွှတ်တော်များနှင့်အတူ မြန်မာ့တပ်မတော်သည်လည်း အဆိုပါ လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးကြီးသည်။ အစိုးရများ၊ လွှတ်တော်များ၊ မြန်မာ့တပ်မတော်၊ အာဏာရပါတီ၊ အတိုက်အခံပါတီများ၊ တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ဘုံသဘောတူညီချက်၊ ဘုံလမ်းစဉ်နှင့် ဘုံလုပ်ငန်းစဉ်များ ရရှိသည်အထိ စိတ်ရှည်လက်ရှည် ဗျူဟာမြောက် ယုံကြည်မှုတည်ဆောက်ရေးကို အားကောင်းမောင်းသန် မောင်းနှင်မည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချမှတ်ထားသင့်သည်ဟု ထင်မြင်မိသည်။နိုင်ငံရေးပြဿနာများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကို တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းနာနှင့် ချဉ်းကပ်နိုင်ရန် လိုအပ်သည့်နည်းတူ အချိန်ကာလ သတ်မှတ်ချက်၊ အလျော့အတင်း၊ အပေးအယူ လုပ်နိုင်မည့် အကန့်အသတ်၊ ဘုံသဘောတူညီချက်တစ်ခု ရရှိသည်အထိ နေ့ညမအား ညှိနှိုင်းဆွေးနွေးမည်ဟူသော စိတ်ပိုင်းဖြတ်မှုကလည်း ပဓာနကျသည်။ အစိုးရနှင့် မြန်မာ့တပ်မတော် အနေဖြင့် သဘောထားကြီးကြီး၊ စိတ်ရှည်ရှည် ချဉ်းကပ်နိုင်ရေးကို ရှေးရှုသင့်သည်။ ပြည်တွင်းစစ် ပြန်ခေါင်းထောင်ထလျှင် ဖြစ်စေ၊ စစ်အာဏာသိမ်းလျှင် ဖြစ်စေ၊ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ကြီးကြီးမားမား အဟန့်အတား ဖြစ်စေနိုင်သည်ကို ဆင်းရဲမွဲတေမှု နွံနစ်နေဆဲ ပြည်သူလူထုကို မျက်နှာမူလျက်၊ ရင်ချင်းအပ်လျက် ဆန်းစစ်သင့်သည်။ သို့မှသာ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးသည် ဆင်းရဲမွဲတေမှုပေါင်းစုံ နွံတောမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။၂၀၁၅ ခုနှစ်တွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို စီမံချက်ရှိရှိ၊ အချိန်ဇယားနှင့်တကွ ကျင်းပနိုင်မှသာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှစ် အဖြစ် သတ်မှတ်နိုင်ရေးသည် ရုပ်လုံးပေါ်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတို့နှင့် နိုင်ငံရေးအရ လုံးလည်ချာလည် ဖြစ်ကောင်းဖြစ်နိုင်သည့် အခင်းအကျင်းတွင် နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ရှုထောင့်ဘက်မှ ကြည့်လျှင် မည်ကာမတ္တ အဆင့်ထက် မလွန်သော ၂၀၁၄ ခုနှစ်ထက် သိသိသာသာ သာလွန်ကောင်းမွန်သော ၂၀၁၅ ခုနှစ် ဖြစ်နိုင်မှသာ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲသည် နိုင်ငံရေးအရ လူတောတိုးမည် ဖြစ်သည်။ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်မှ အဆိုပြုသော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ခြေလှမ်းစိပ်စိပ်၊ ခပ်သွက်သွက် ဖော်ဆောင်သင့်ကြောင်း တိုက်တွန်းဆော်သြလိုသည်။ သော့ချက်ပုဂ္ဂိုလ်များအကြား နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများသည် နိုင်ငံရေး ခရီးရှည်ချီ တက်ပွဲအတွက် အုတ်မြစ်များ၊ အခြေခံကောင်းများကို ချမှတ်ရမည်ဖြစ်သည်။ ထို့နောက် အစိုးရ၊ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဖော်ဆောင်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် အဆင့်တစ်ခုတွင် မဖြစ်မနေ ပေါင်းစုံရမည် ဖြစ်သည်။ အဆိုပါ နိုင်ငံရေးဆုံမှတ်၊ လမ်းဆုံအလွန်တွင် ပိုမိုကျယ်ပြန့်သော ပြည်သူလူထုကို ကိုယ်စားပြုမှု စစ်စစ်မှန်မှန်နှင့် အတူ အားလုံးပါဝင်သော ၂၁ ရာစု ပင်လုံညီလာခံဟုပင် ဆိုနိုင်မည့် နိုင်ငံရေးညီလာခံကြီးကို ပုံဖော်နိုင်ရေး လမ်းခင်းကြရမည်ဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် မြန်မာ့နိုင်ငံရေး သွေးနုသားနုကာလ၊ မြန်မာ့နိုင်ငံရေး လေဝမ်းမကွဲသော ကာလ၊ မြန်မာ့နိုင်ငံရေး ညီအစ်ကို မသိတသိကာလ ၂၀၁၅ ခုနှစ် နေ့ရက်များတွင် နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများကို မဖြစ်မနေ တရစပ် ပြိုင်တူတွန်းကြရမည် ဖြစ်သည်။ ဆင်းရဲမွဲတေမှုနွံထဲ၌ လှည်းဘီးကျွံနေဆဲ မြန်မာနိုင်ငံကို အားလုံးဝိုင်းတွန်းမှသာ လွတ်မြောက်ရာလမ်း ပွင့်မည်ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၅ ခုနှစ်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးနှစ် အဖြစ် အသက်သွင်းနိုင်ရေးတွင် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးတို့ကို စဉ်ဆက်မပြတ်၊ တစိုက်မတ်မတ် ဖော်ဆောင်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။