ဒီမိုကရေစီ အခြေတည်ခိုင်မာရေးနှင့် အသွင်ကူးပြောင်းမှု အောင်မြင်ရေးတို့အတွက် အင်အားစုအားလုံး အပြန်အလှန် နားလည်ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှုများ အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရန် သမ္မတတိုက်တွန်း

ဒီမိုကရေစီ အခြေတည်ခိုင်မာရေးနှင့် အသွင်ကူးပြောင်းမှု အောင်မြင်ရေးတို့အတွက် အင်အားစုအားလုံး အပြန်အလှန် နားလည်ယုံကြည်မှု၊ စိတ်ရှည်သည်းခံမှုများ အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရန် သမ္မတတိုက်တွန်း
Published 1 January 2015

ဒီမိုကရေစီ အခြေတည်ခိုင်မာရေးနှင့် အသွင်ကူးပြောင်းရေး အောင်မြင်ရေးတို့အတွက် အင်အားစုအားလုံးအနေဖြင့် အချင်းချင်းနားလည်မှု၊ ယုံကြည်မှု၊ စိတ်ရှည်သည်း ခံမှုများကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်ကြရန် သမ္မတဦးသိန်းစိန်က တိုက်တွန်း ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ၂ဝ၁၄ ခုနှစ် နိုင်ငံတော် အခြေအနေနှင့်ပတ်သက်၍ ပြည်သူသို့ အစီရင်ခံတင်ပြချက်အား ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က ပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
၂ဝ၁၅ ခုနှစ်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် အရေးပါဆုံး အဆင့်တစ်ဆင့်ဖြစ်သည့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းတွင် သမိုင်းဝင်မည့် နှစ်တစ်နှစ် အဖြစ်သာမက သမိုင်းတွင်မည့် လုပ်ငန်းစဉ်များ အခြေတည်မည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ သမိုင်းဝင် သမိုင်းတွင်မည့် နှစ်တွင် တိုင်းပြည်၏ အသီးသီးသော အင်အားစုများဟာ မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မဏ္ဍိုင်သုံးရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှုသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်း၊ မဏ္ဍိုင်ကြီးသုံးရပ်သည် မိမိတို့၏ မူဘောင်များထဲမှ တိုင်းပြည်၏ လက်ရှိအခြေအနေနှင့်ကိုက်ညီပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားကောင်းစေမည့် ထိန်းကျောင်းမှုများကို ပြုလုပ်သွားကြရမည်ဖြစ်ပြီး တစ်ဆက်တည်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအပါအဝင် ၅၁ ဒသမ ၄ သန်းသော ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်း၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း သမ္မတက တိုက်တွန်းပြောကြားသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ အားလုံးတွင် အဓိကကျသည့် နိုင်ငံရေးအင်အားစုတစ်ရပ်၏ ဆန့်ကျင်မှု၊ မပါဝင်မှု အမြဲတစေကြုံတွေ့ခဲ့ရပြီး နိုင်ငံရေးအင်အားစု အားလုံးပါဝင်နိုင်သည့် အခြေအနေကို ဖန်တီးနိုင်ခြင်း မရှိကြောင်း၊ သို့ရာတွင် နိုင်ငံရေးအင်အားစု အားလုံး အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲနည်းလမ်းနှင့်သာ နိုင်ငံရေးအဖြေကိုရှာဖွေကာ မှန်ကန်သည့် နိုင်ငံရေးရွေးချယ် မှုတွေပြုလုပ်ရန် ကြိုးပမ်းနေသည့် အခြေအနေများကြောင့် ၂ဝ၁၅ သည် နိုင်ငံရေးအရ ထူးခြားသည့် နှစ်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဆိုသည်။
“၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ ကနေပေါ်ပေါက်လာမယ့် ပင်မနိုင်ငံရေးဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုပေါင်းစပ်နိုင်တဲ့နေ့ဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးတကြီး လိုအပ်လျက်ရှိတဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံသစ်ကို ထူထောင်နိုင်မယ့် နေ့ပဲဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း မိမိတို့ အစိုးရလက်ထက်တွင် ကမ်းလှမ်းခဲ့သည့်     ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် နိုင်ငံရေးအရ အဖြေရှာခြင်း လုပ်ငန်းစဉ်များထဲတွင် ထဲထဲဝင်ဝင် ပါဝင်လာနေသည့် အချိန်အခါဖြစ်ကြောင်း၊ လက်ရှိပေါ်ပေါက်နေသည့် နိုင်ငံရေးဖြစ်စဉ်သည် နိုင်ငံရေး အင်အားစုအားလုံး ပါဝင်နိုင်သည့် အခွင့်အလမ်းများ ဖြစ်သကဲ့သို့ လက်နက်ကိုင်အင်အားစုများ အနေဖြင့် အနာဂတ်ကာလတွင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲမှတစ်ဆင့် ပင်မနိုင်ငံရေးဖြစ်စဉ်အတွင်း တိုက်ရိုက်ပါဝင် ပတ်သက်လာရန် အခြေအနေကောင်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကြောင်း သမ္မတက သုံးသပ်ပြောကြားသည်။
၂ဝ၁၅ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ အပြိုင်ပေါ်ပေါက်ရေးသည် မိမိတို့အားလုံးအတွက် အလွန်အရေးကြီးသည့် နိုင်ငံရေးဖြစ်စဉ်များဖြစ်ကြောင်း သမ္မတက ပြောကြားသည်။
အလားတူ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃ဝ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စီစဉ်ထားသည့်အတိုင်း ၂ဝ၁၅ ရွေးကောက်ပွဲကို အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတ ပွင့်လင်းမြင်သာစွာဖြင့် ကျင်းပနိုင်ရန် အားလုံးလက်တွဲ ဆောင်ရွက်ရမည်ဟု ပြောကြားထားသည်။
 

Most Read

Most Recent