၂၀၁၅ ဇန်နဝါရီလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

၂၀၁၅ ဇန်နဝါရီလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 1 January 2015

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်သို့ အပြောင်းတွင် သန်းပေါင်းများစွာသော ကမ္ဘာသူ ကမ္ဘာသားများ နှစ်သစ်ကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ဆစ်ဒနီမြို့မှသည် နယူးယောက်မြို့အထိ ပျော်ရွှင်ဖွယ် အခမ်းအနားများ ကျင်းပကာ နှစ်သစ်သို့ ကူးပြောင်းချိန်၌ ဝမ်းသာအားရ ဟစ်ကြွေးခဲ့ကြသည်။
ဆစ်ဒနီမြို့၌ ဆိုလျှင် မီးရှူးမီးပန်းများ လှပစွာ ပစ်ဖောက်လျက် လူပေါင်းတစ်သန်းခန့် နှစ်သစ်ကို ကြိုခဲ့ကြသည်။ နှစ်မကုန်မီ မကြာသေးမီ ရက်များကမှ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တစ်ဆိုင်ကို အီရန်နိုင်ငံဖွား သေနတ်သမားတစ်ဦးက ဝင်ရောက်စီးနင်းကာ လူပေါင်း ၁၇ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ဆစ်ဒနီသားများက ကြေကွဲဖွယ်နှစ်ဟောင်းကို ထားခဲ့ကာ မျှော်လင့်ခြင်းဖြင့် နှစ်သစ်ကို ကြိုခဲ့ကြသည်။ နှစ်သစ်ကူးမိန့်ခွန်း၌ ဆစ်ဒနီမြို့တော်ဝန် ကလော်ဗာမိုးက “ကျွန်တော်တို့ဟာ ယဉ်ကျေးမှုပေါင်းစုံနဲ့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ကြောင်း အခု ကျွန်တော်တို့ အခမ်းအနားတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ ဘာဖြစ်ခဲ့သလဲ ဆိုတာကိုလည်း ကျွန်တော်တို့ တွေးမိကြပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
အရာရာကို ရောင့်ရဲတင်းတိမ်ကာ အလွန်ပျော်တတ်ကြသော မြန်မာတို့သည်လည်း ကမ္ဘာ့ယဉ်ကျေးမှုနှင့် ရင်ပေါင်တန်းနိုင်ကြောင်း “ဟက်ပီး နယူးရီးယား”ဟု အော်ဟစ်ကာ နှစ်သစ်ကို တပျော်တပါး ကြိုဆိုခဲ့ကြသည်။ နှစ်သစ်ကူးည မတိုင်မီက စားသောက်ဆိုင်များကို ၁၁ နာရီမတိုင်မီပိတ်ရန် ကြေညာထားသော်လည်း အမှန်တကယ် ပိတ်ခဲ့ခြင်း မရှိသောကြောင့် ရန်ကုန်မြို့သူ မြို့သားများ မူးယစ်ပျော်ရွှင်ခွင့် ရခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသည်လည်း ဩစတြေးလျနည်းတူ နှစ်သစ်သို့ ကူးခါနီးတွင် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးနှင့် ကြုံခဲ့ရသည်။ တအုံနွေးနွေးဖြင့် ယခုတိုင် ပြဿနာ ပြေလည်နိုင်ခြင်း မရှိသေးသည့် လက်ပံတောင်းတောင် အရေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားပြီး အသက် ၅ဝ ကျော်အရွယ် အမျိုးသမီးကြီး ဒေါ်ခင်ဝင်း သေဆုံးကာ ဒေသခံ ၄ဝ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။
စိတ်ပျက်ဖွယ် နှစ်ဟောင်းကို ချန်ထားကာ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသူများထဲတွင် ဟောင်ကောင်မြို့သူ မြို့သားများလည်း ပါဝင်ခဲ့သည်။ ဟောင်ကောင်တွင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများကြောင့် နှစ်ကုန်ခါနီး၌ လပေါင်းအတန်ကြာအောင် လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည်။ သို့သော် သိန်းနှင့်ချီသော လူအုပ်ကြီးသည် ကမ်းခြေတွင် စုဝေးလျက် ပစ်ဖောက်နေကြသော မီးရှူးမီးပန်းများ၏ အလှကို ရှုစားကာ နှစ်သစ်ကို ကြိုကြသည်။ ဟောင်ကောင်သား တစ်ဦးက ပို၍ငြိမ်းချမ်းသော နှစ်တစ်နှစ် ဖြစ်လာလျှင် အားလုံးအတွက် ပို၍ကောင်းကြောင်း ပြောကြားခဲ့သည်။
ခရိုင်းမီးယားကျွန်းဆွယ်ကို ပိုင်နက်အတွင်း သွတ်သွင်းခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသူပုန်များကို အားပေးအားမြှောက် ပြုခဲ့သောကြောင့် အနောက်တိုင်း၏ ပိတ်ဆို့မှုခံထားရသော ရုရှားနိုင်ငံ မော်စကိုမြို့သည် ဥရောပတိုက်တွင် နှစ်သစ်ကို ပထမဆုံး ကြိုခွင့်ရသည့် ကမ္ဘာ့မြို့ကြီးဖြစ်ခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတ ဘာရက်အိုဘားမားထံ နှုတ်ခွန်းဆက်လွှာတစ်ရပ် ပေးပို့ရာတွင် စစ်အေးခေတ်ကာလနောက်ပိုင်း ရုရှားနှင့် အနောက်တိုင်းတို့အကြား ဆက်ဆံရေး အဆိုးရွားဆုံး အနေအထားသို့ ရောက်ရှိခဲ့သည့် နှစ်တစ်နှစ် ကုန်ဆုံးပြီးနောက် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အာမခံချက်ရရှိစေရန် ၎င်းတို့ နှစ်ဦးနှစ်ဖက်စလုံး၌ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း နိုင်ငံတိုင်း နှစ်ဟောင်းမှ ပဋိပက္ခများကို နှစ်သစ်သို့ ယူဆောင်မလာဘဲ နှစ်သစ်၌ ကမ္ဘာသူကမ္ဘာသားအပေါင်း ငြိမ်းချမ်းနိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
 
 

Most Read

Most Recent