မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် သက်ဆိုင်သည့်ပြည်သူများ ထိခိုက်နစ်နာမှုမရှိရန်နှင့် ရသင့်ရထိုက်သည့်မြေယာများ လက်ဝယ်ပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန် ကတိပေး

မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် သက်ဆိုင်သည့်ပြည်သူများ ထိခိုက်နစ်နာမှုမရှိရန်နှင့် ရသင့်ရထိုက်သည့်မြေယာများ လက်ဝယ်ပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန် ကတိပေး
Published 1 January 2015
ကျော်ဇင်ဝင်း

ပြည်ထောင်စု အစိုးရအနေဖြင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို အတွေ့အကြုံများအဖြစ် မှတ်ယူပြီး ၂ဝ၁၅ ခုနှစ်တွင် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် ထိထိရောက်ရောက်ရှိရန်၊ သက်ဆိုင်သည့်ပြည်သူများ ထိခိုက်နစ်နာမှုမရှိရန်နှင့် ရသင့်ရထိုက်သည့် မြေယာများ လက်ဝယ်ပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်မည်ဟု သမ္မတဦးသိန်းစိန်က ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က ၂ဝ၁၄ ခုနှစ် နိုင်ငံတော်အခြေအနေနှင့် ပတ်သက်၍ ပြည်သူသို့ အစီရင်ခံတင်ပြချက်တွင် ကတိပေး ပြောကြားသည်။
မြေယာပြဿနာများသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကိစ္စကို ဆောင်ရွက်ရသည့် နိုင်ငံတိုင်းသည် အခက်အခဲကြီးမားစွာ ကြုံတွေ့ရလေ့ရှိပြီး အထူးသဖြင့် နိုင်ငံရေးအသွင် ကူးပြောင်းမှုကို ဆောင်ရွက်ရသည့် နိုင်ငံများမှာ ပိုမိုခက်ခဲကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။
“စနစ်ဟောင်းအရ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးခြင်း၊ ပိုင်ဆိုင်မှု အထောက်အထားပုံစံများ စစ်ဆေးရန်ခက်ခဲခြင်း၊ ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် လုပ်ထုံးလုပ်နည်း ဟောင်းများ၊ ဥပဒေဟောင်းများရဲ့အားနည်းမှုကို အခွင့်ကောင်းယူပြီး စီမံကိန်းများ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒေသခံများ၏ သဘောထားများကို လျစ်လျူရှုခြင်းများကြောင့် ပေါ်ပေါက်ခဲ့ရသည့် မြေယာပြဿနာများကို ကျွန်တော်တို့နိုင်ငံမှာ ကြီးမားစွာ ကြုံတွေ့ခဲ့ရပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
အဆိုပါ မြေယာပြဿနာများကို ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲရန်အတွက် ဒုတိယသမ္မတဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်သည့် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းပေးခဲ့သည့်အပြင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် အောက်ခြေအထိ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကျေးရွာအုပ်စုမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းပေးခဲ့ကြောင်း သမ္မတက ဆိုသည်။
ထို့ပြင် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ဖြေရှင်းရမည့် မြေယာအငြင်းပွားမှုများ များစွာရှိသည့်အတွက် လုပ်ငန်းဆောင်ရွက်မှု အပိုင်းများမှာ နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်ကိုလည်း ပိုမိုလွယ်ကူ ရှင်းလင်းမည့် လုပ်ငန်းစဉ်များနှင့် ဖြည့်စွက်သွားမည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ မြေယာကဏ္ဍနှင့် ပတ်သက်၍ သုံးသပ်ပြောကြားချက်တွင် လက်တလောတွင် ဖြစ်ပွားနေသည့် လက်ပံ တောင်းတောင်စီမံကိန်း မြေယာကိစ္စရပ်များအား မည်သို့ဖြေရှင်းမည်ကို သီးခြားပြောကြား ထားခြင်းမရှိပေ။
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ ပြည်သူများထံသို့ ပြန်လည်စွန့်လွှတ်မည့် မြေဧက ၃ဝ၂၂ဝ၁ ဒသမ ၇၆၂ ဧကရှိသည့်အနက် ၁၆၁ဝ၄၇ ဒသမ ၁၆ ဧကအား လွှဲအပ်ရန် ကျန်ရှိနေသေးကြောင်း မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၉  ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအနေဖြင့် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၃ဝ ရက်အထိ စိစစ်ချက်အရ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအပိုင်း (၁)၊ (၂)၊ (၃)၊ (၄)နှင့် (၅)ပါ မြေကိစ္စများနှင့် ပတ်သက်၍ ပြန်လည်စွန့်လွှတ်မြေ ၉၈၁၁၂ ဒသမ ၈၁၂ ဧက ရှိပြီး လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်းများတွင် ပါဝင်ခြင်း မရှိသော်လည်း သီးခြားပြန်လည် စွန့်လွှတ်မြေ ၂ဝ၄ဝ၈၈ ဒသမ ၉၅ ဧကကို သက်ဆိုင်သူများထံ ပြန်လည်စွန့်လွှတ်မည် ဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် နေပြည်တော်တို့တွင် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီအသီးသီးမှ  ၂ဝ၁၄ ခုနှစ် အောက်တိုဘာလအထိ စိစစ်ပြီးဖြစ်သည့် ပြန်လည်စွန့်လွှတ်မည့် မြေကိစ္စအမှုတွဲများအနက် သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲ ပြောင်းပြီးစီးမှုအခြေအနေမှာ တောင်သူလယ်သမား ၂၃၂၁၁ ဦးထံသို့ မြေဧက ၁၄၁၁၅၄ ဒသမ ၆ဝ၂ ဧက လွှဲပြောင်းပေးအပ်ထား ကြောင်း ထုတ်ပြန်မှုအရ သိရသည်။
မြေကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ဘဝင်မကျမှုများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး ပြည်နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီများသို့ အကြံပြုချက်များ ပေးပို့နိုင်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင်က ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ပေးပို့ထားသော အစီရင်ခံစာ အပိုင်း (၁)၊ (၂)၊ (၃) ပါ မြေကိစ္စများနှင့် ပတ် သက်၍ ၁ဝဝ ရာခိုင်နှုန်း စိစစ်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း (၄)၊ (၅)၊ (၆)၊ (၇) ပါ မြေကိစ္စအမှုပေါင်း ၆၈၇ဝ ကို ကော်မရှင်အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ထပ်မံပေးပို့ထားကြောင်း သတင်းရရှိသည်။
အစိုးရဌာနများအနေဖြင့် လိုအပ်ချက်ထက် ပိုမိုသိမ်းဆည်းပြီး အသုံးမပြုသော မြေကို သီးစားအငှားချထား၍ ဝန်ထမ်းသက်သာကို အကြောင်းပြကာ ကိုယ်ကျိုးရှာနေမှုများလည်း တွေ့ရှိရကြောင်း လယ်ယာမြေစုံစမ်းရေး ကော်မရှင်က လွှတ်တော်တွင် တင်ပြထားသည်။
အစိုးရအဖွဲ့အစည်းများအနေဖြင့် မြေယာပြဿနာ ဖြေရှင်းပေးမှု အရေအတွက်မှာ လွန်စွာနည်းပါးနေပြီး လက်ရှိဖြေရှင်းမှုနှုန်းနှင့်ဆိုလျှင် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည့် အခြေအနေ မရှိနိုင်ကြောင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်က သုံးသပ်တင်ပြထားသည်။
 
 
 

Most Read

Most Recent