အိပ်မက်မဟုတ်ခဲ့ပါ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် နေ့မှာ တပ်မတော်အာဏာသိမ်းမှု စတင်ခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေးတာဝန်ကို တပ်မတော်မှ ရယူလိုက်ပါတယ်။ ဒီနောက် စစ်အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေခမျာ အကြောက်တရားတွေ၊ ယုံကြည်မှုပျောက်ဆုံးမှုတွေနဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ ဘဝဟာ အိပ်မက်ထဲအထိ လွတ်လပ်ခွင့်ချုပ်ချယ်ခံရပြီး ပြည်သူတွေမှာ ကယ်တင်သူမဲ့ခဲ့ပါတယ်။ တစ်နေ့တော့။ အဲဒီတစ်နေ့တော့ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ပါ။ ပြည်သူတွေ အိပ်မက်မက်ခွင့်ရလိုက်သလိုပဲ။ ပထမအကြိမ်ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတင်ကျင်းပပါတယ်။ သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ဥက္ကဠ၊ ဦးခင်အောင်မြင့်ကို အမျိုးသားလွှတ်တော်ဥက္ကဠ အဖြစ် အသီးသီးရွေးချယ်ခဲ့ပါတယ်။၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ကျင်းပခဲ့ပြီး ဦးခင်အောင်မြင့်က နာယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ မတ်လ ၃ဝ ရက်နေ့မှာ ဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတ၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ ဒု-သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရကာ ကတိသစ္စာပြုကြပါတယ်။ထိုနေ့မှာပဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ကြောင်း ဥက္ကဠဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ၁၉၈၈ နောက်ပိုင်း အိပ်မက်ဆန်ဆန်ဖြစ်ပျက်နေသလို ပြည်သူတွေမှာ ခံစားနေရပါတယ်။ ဒါပေမဲ့ ဒါဟာ အိပ်မက်မဟုတ်ပါဘူး။ အိပ်မက်မက်ခွင့်အစ ဖြစ်မှာပါ။ ဒါပေမဲ့ စိတ်ချလက်ချ အိပ်ခွင့်မရသေးတဲ့ ပြည်သူတွေဆီမှာ အိပ်မက်မက်လို့ မရသေးပါဘူး။ ဒီလိုနဲ့ စိတ်ချလက်ချအိပ်ပျော်နိုင်ပြီး အိပ်မက်နိုင်ဖို့စောင့်ခဲ့တာ ၂ဝ၁၁၊ ၂ဝ၁၂၊ ၂ဝ၁၃ သုံးနှစ် ဖြတ်သန်းပြီးပါပြီ။ ခုဆို ၂ဝ၁၄ ကုန်ဆုံးတော့မှာပါ။၂ဝ၁၄ မြန်မာ့အရေး၂ဝ၁၄ ခုနှစ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှ လစဉ်မှန်မှန် ပြည်သူတွေကို မိန့်ခွန်းပြောပါတယ်။ တစ်လမိန့်ခွန်းပြောပြီးတိုင်း ပြည်သူတွေခမျာ မျှော်လင့်ချက်တွေ တိုးလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မိန့်ခွန်းဆိုတာ လေထဲမှာသာတိုက်အိမ်ဆောက်နေမှန်း သိလာလေတော့ မျှော်လင့်ချက်တွေ မှေးမှိန်ကုန်ပါတယ်။ ဒီလိုအချိန်မှာပဲ လွှတ်တော်တက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို မပြင်ဆင်သင့်ကြောင်း တင်ပြလာပါတယ်။ အဲဒီတပ်မတော်သားကိုယ်စားလှယ်တစ်ဦးဟာ တစ်သွေးတစ်သံတစ်မိန့်ဆိုတာ စစ်တပ်ရဲ့ကျင့်စဉ်အရ တပ်မတော်သားထုတစ်ရပ်လုံးရဲ့ သဘောထားဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေကို ကမ္ဘာသားတွေ နဲ့ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေလိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လမ်းခုလတ်မှာ ရပ်တန့်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်းကျော်လွှားနိုင်ဖို့ သမ္မတ၊ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေးဦးပါဝင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံကြဖို့ တရားဝင် ထုတ်ဖော်ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမဲ့ လေးပွင့်မဆိုင်ဘဲ ၁၄ ဦးတွေ့ဆုံပွဲကို မထင်မှတ်တဲ့အချိန်မှာ တွေ့ပေးလိုက်ပါတယ်။ နိုင်ငံရေးအရ ဘာမျှထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ပြည်ထောင်စုလွှတ်တော်က နိုင်ငံရေးဖြေရှင်းမှုတစ်ရပ်အဖြစ် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို တင်ပြလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ခြောက်ပွင့်အစား ၁၂ ပွင့် ဆိုလာပြန်ပါတယ်။ ဒီလိုနဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မလာနိုင်သေးဘဲ အပွင့်တွေ သတ်မှတ်ဆုံးဖြတ်ရေးမှာ ဇာတ်က မျောနေပြန်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဠ ဦးတင်အေးက တိုင်းပြည်မှာ ဆူဆူပူပူလုပ်လာမယ်ဆိုရင် တပ်မတော်က အာဏာသိမ်းနိုင်ကြောင်း ပြောကြားနေချိန်မှာပဲ လက်ပံတောင်းတောင်ပဋိပက္ခဟာ လူသေဆုံးသည်အထိ ကြီးထွားလာပြန်ပါတယ်။ တရုတ်အတွက် ကိုယ့်တိုင်းရင်းသားတွေကို သေဆုံးစေသည်အထိ ဖြေရှင်းတာဟာ ဖြစ်သင့်၊ မသင့် စဉ်းစားကြစေလိုပါတယ်။ ထိုသို့သော စိတ်မချမ်းသာစရာတွေနဲ့ ပြည့်နှက်နေတဲ့ ၂ဝ၁၄ ခုနှစ် ပြက္ခဒိန်ဟာ နံရံပေါ်မှ ဖြုတ်ချမခံရမီ ကမ္ဘာသားတွေနဲ့အတူ မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံသားများ ဂုဏ်သိက္ခာရှိရှိ မဖြတ်သန်းနိုင်တာကို ၂ဝ၁၄ က တောင်းပန်နေရှာပါတယ်။ ဘာတတ်နိုင်မှာလဲ ၂ဝ၁၄ ရယ်။၂ဝ၁၅ နဲ့ အကြောက်တရား၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ညသန်းခေါင်ယံ ၁၂ နာရီကို ၂ဝ၁၄ ခုနှစ်က နှစ်ဟောင်းကုန်တော့မယ်။ ၂ဝ၁၄ ခုနှစ်ရဲ့ နောက်ဆုံးနာရီတဲ့။ ပြီးဆုံးခဲ့ပြီလေ။ တားမရတဲ့တစ်နေ့ အဆုံးဆိုတာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့တာပဲ။ ၁၁း ၅၉း ၅၉ မှ တစ်စက္ကန့်ဟာ လျင်လျင်မြန်မြန်ပဲ ပြည့်သွားပါတယ်။ ၁၂း ဝဝး ဝဝ နာရီလို့ ၂ဝ၁၄ က ကြေကြေကွဲကွဲပြောလိုက်ပါတယ်။ ဒါ ၂ဝ၁၄ ခုနှစ်ဘက်က ကြည့်တဲ့အမြင်။ ၂ဝ၁၅ ခုနှစ်ကဆိုတယ် ဝဝးဝဝးဝဝ နာရီ။ နှစ်သစ်ကို ရောက်ပြီလို့ အားရပါးရ ဟစ်ကြွေးလိုက်တယ်။ ၂ဝ၁၄ ကတော့ သူ့တာဝန်ကျေလို့ လောကကိုနှုတ်ဆက်သွားခဲ့ပါပြီ။ ၂ဝ၁၄ ခုနှစ်ကာလထဲက လူသားများ မိမိလိပ်ပြာကို မိမိလုံခဲ့ကြရင် မိမိလုပ်ခဲ့သမျှပြန်ပြရဲကြမလားလို့ ၂ဝ၁၄ က နှုတ်ဆက်မထွက်ခွာမီ တိုးတိုးလေး မေးခွန်းထုက်သွားတာကိုတော့ သိလိုက်ကြပါလေစ။ဒါပေမဲ့ ၂ဝ၁၅ ခုနှစ်ဆိုတာ အရွေ့တစ်ခုဖြစ်နေလေတော့ ရောက်လိုသည်ဖြစ်စေ၊ မရောက်လိုသည်ဖြစ်စေ မလွဲမသွေ ရောက်လာမှာပါ။ ၂ဝ၁၄ ရဲ့ အမွေကောင်းအမွေဆိုးတွေဟာ ၂ဝ၁၅ အတွက် ဆက်ခံရမယ့်အကောင်းအဆိုးတွေပါပဲ။ ၂ဝ၁၅ မှာ ဒုတိယသက်တမ်း လွှတ်တော်အဆင့်ဆင့်နဲ့ အစိုးရ အဖွဲ့ကို ရွေးချယ်ပေးရမှာဟာ နိုင်ငံရေးအရ အကြီးမားဆုံးတာဝန်ကြီးပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဠ ဦးတင်အေးကလည်း ၂ဝ၁၅ ရွေးချယ်တင်မြှောက်ပွဲကို ပွင့်လင်းမျှတမှုအပြည့်နဲ့ ကျင်းပပေးမယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။ ထို့အတူ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ နည်းလမ်းကို တိတိကျကျပြတ်ပြတ်သားသား ရွေးချယ်သတ်မှတ်ရပါတော့မယ်။ လေးပွင့်ဆိုင်မလား။ ခြောက်ပွင့်ဆိုင်မလား။ ၁၂ ပွင့် ဆိုင်မလား။ ဒါမှမဟုတ် မသိကျိုးကျွန်ပြုပြီး အချိန်ဆွဲသီအိုရီနဲ့ တိုင်းပြည်ကိုဆင်းရဲတွင်းထဲ ဆွဲချမလား။၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ တပ်မတော်ရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို ဒီအတိုင်းဆက်ကျင့်သုံးနေမှာလား။ ဒါကိုမှ မကျေနပ်၊ အားမရသေးလို့ တိုင်းပြည်ဆူဆူပူပူဖြစ်အောင် ဖန်တီးပြီး တိုင်းပြည်ချောက်ထဲကျတော့မှာလို့ အကြောင်းပြကာ အာဏာသိမ်းလာလေဦးမလား။ ပြည်သူတွေခမျာ အကြောက်တရားတွေနဲ့ ၂ဝ၁၅ ကိုလှမ်းကြည့်နေကြရပါတယ်။Dream do come trueဒီလိုမဟုတ်ဘဲ ၂ဝ၁၅ ခုနှစ်မှာ ပြည်သူတွေရဲ့အိပ်မက်ဟာ တစ်ကယ်ဖြစ်လာပြီဆိုရင် လူမည်းခေါင်းဆောင် အမေရိကန်နိုင်ငံသား မာတင်လူသာကင်းရဲ့မိန့်ခွန်းစကားကို အမှတ်ရကြစေမှာပေါ့။ ၁၉၆၃ ခုနှစ် ဩဂုတ်၂၈ ရက်မှာ လူသားတွေရဲ့ နှလုံးသားကို ဆွဲဆောင်ယူလိုက်တဲ့ မာတင်လူသာကင်းရဲ့ စကားစုကတော့ I have a dream တဲ့။အကယ်၍ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲနိုင်တဲ့ ပုဂ္ဂိုလ်ရဲ့စိတ်စေတနာကောင်းတွေ ပေါ်ထွက်လာပြီး မထင်မှတ်တဲ့အပြောင်းအလဲတွေ ရုတ်တရက်လုပ်ဆောင်လိုက်ရင် ပြည်သူတွေရဲ့အပျော်ရေလှိုင်းဟာ တားမရဆီးမနိုင်ဖြစ်နေမှာ မြင်ယောင်ကြည့်စေချင်ပါဘိ။ ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်တဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးက နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဖို့ သဘောတူလက်ခံလိုက်ကြတယ်လို့ ၂ဝ၁၅ ထုတ် သတင်းစာ၊ ဂျာနယ်အသီးသီးမှာ ပါလာပါတယ်။ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့၊ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့ ပုဂ္ဂိုလ်ခြောက်ဦးစလုံးက သဘောတူလိုက်တဲ့သတင်း ဖော်ပြထားပါတယ်။ ရုတ်တရက် I have a dream ဆိုတဲ့ အသံက အတွေးထဲမှ လှုပ်နှိုးလိုက်ပါတယ်။ အော် ဒီနေ့မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ပဲ ရှိသေးကြောင်း သတိဝင်လာပြီး နေ့ခင်းကြောင်တောင် အိပ်မက်မက်နေမှန်း သတိဝင်လာပါတယ်။ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပါစေကြောင်း ဆုတောင်းရင်း ၂ဝ၁၅ ခုနှစ်ကို စိတ်လှုပ်ရှားစွာ ကြိုဆိုလိုက်ပါတယ်။ငြိမ်းချမ်းသာယာသော ၂ဝ၁၅ ဖြစ်ပါစေ။