ဟန်

ဟန်
Published 1 January 2015
သဲသီရိကျော်

အခုတလော အသက်တစ်နှစ်ခွဲသာသာရှိသေးတဲ့ ကျွန်မ ညီမလေးက တီဗွီကလာတဲ့ ကြော်ငြာကိုကြည့်ပြီး အဲဒီထဲက မင်းသမီးလေးသရုပ်ဆောင်တဲ့အတိုင်း အိုက်တင်တွေမျိုးစုံကို လိုက်အတုခိုးလုပ်နေပါတယ်။ ဒီနေ့ခေတ်ကလေးတွေကလည်း ကျွန်မတို့တုန်းကထက် ပိုလည်၊ ပိုသွက်ပြီး တစ်ခုခုဆို သင်လွယ်၊ တတ်လွယ်၊ အတုခိုးလွယ်တယ်လို့ ကျွန်မမေမေက သူ့သမီးအငယ်ဆုံးလေး အိုက်တင်တွေလုပ်နေတာကို သဘောတကျနဲ့ ပြောပါတယ်။  မေမေပြောတာလည်း အမှန်ပါပဲ။ လူကြီးတွေက အလှအပပြင်တာတွေ့ရင် သူတို့ကိုလည်း အဲ့ဒီလိုပြင်ပေးမှ၊ လူကြီးတွေကတစ်ခုခုပြောရင် သူတို့လည်း အဲ့ဒီလိုလိုက်ပြောတတ်ကြတာမျိုးပါ။ သူတို့က သင်ယူနေတဲ့အရွယ်ကိုး။ သူတို့မျက်စိရှေ့မှာ တွေ့သမျှ၊ မြင်သမျှက လိုက်ပြီးအတုယူစရာတွေ ဖြစ်နေတော့တာပေါ့။ ဒါကြောင့်လည်း ကလေးတွေရှေ့မှာ  မှားယွင်းတဲ့နေထိုင်မှုပုံစံတွေ၊ ရိုင်းစိုင်းတဲ့ အပြောအဆိုတွေ မဖြစ်ဖို့ လူကြီးတွေက အတော်လေးဆင်ခြင် နေထိုင်ရပါတယ်။ဒါကလည်း တစ်ပိုင်းပေါ့။ ဒီအကြောင်းကနေ ဆက်စပ်စဉ်းစားပြီး ပြောရမယ်ဆိုရင် ပြောစရာအကြောင်းတွေက အများကြီးဖြစ်သွားလိမ့်မယ်။ ကျွန်မ အဓိကပြောချင်တဲ့ အကြောင်းအရာတစ်ခုကိုပဲ အစဆွဲထုတ်ပြောရရင်တော့ ဒီနေ့ခေတ်မှာ ကလေးတွေသာမဟုတ်ဘဲ လူကြီးတွေကအစ အစစအရာရာ အတုခိုးလွယ်နေတာကို တွေ့နေရတာပါပဲ။ကျွန်မတို့ကိုယ်တိုင်လည်း ကိုယ်ကြိုက်တဲ့အနုပညာရှင်တွေရှိရင် သူတို့ ဘယ်လိုဝတ်စားဆင်ယင်လဲ။ သူဝတ်တာလှရင် အဲ့ဒီပုံစံအတိုင်း အပ်ချုပ်ဆိုင်မှာပြပြီး လိုက်ချုပ်ဝတ်ကြတာမျိုး၊ ဘယ်ဇာတ်ကားမှာ၊ ဘယ်ဖျော် ဖြေပွဲမှာ၊ဘယ် MTV မှာ သူကတော့ ဘယ်လိုဝတ်တာဆိုပြီး ကိုယ့်စိတ်ထဲလှတယ်ထင်ရင် လိုက်ပြီးတုပဝတ်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်။ အခုခေတ်ကတော့ ဖက်ရှင်တွေ၊ အပြင်အဆင်တွေကလည်း လိုက်လို့ မမှီနိုင်အောင်ကို တစ်နေ့တစ်မျိုးမရိုးအောင် ထွက်ပေါ်နေတာပါ။ မင်းသား၊ မင်းသမီးမှ မဟုတ် အခုလိုပြောင်းလဲနေတဲ့ခေတ်ကြီးထဲ မှာ အပြင်က သာမန်မိန်းကလေး၊ ယောကျ်ားလေးတွေလည်း ကိုယ့် ကိုယ်ကိုယ် ပြင်တတ်၊ ဆင်တတ်၊ ဝတ်တတ်၊ စားတတ်လာတဲ့အခါကျတော့ ကျွန်မတို့တွေအတွက် အတုခိုးစရာတွေက အရမ်းကိုများပြားနေပြန်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ သူတို့ချစ်တဲ့အနုပညာရှင်တွေ၊ သူတို့နှစ်သက်အားကျရတဲ့ Idol သူ တွေရဲ့ ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံနဲ့ အောင်မြင်မှုတွေကို အားကျပြီး သူတို့ပုံစံအတိုင်း လိုက်လံအတုခိုး နေထိုင်ကြတာက သိပ်ပြဿနာမရှိပေမယ့် နာမည်ကျော်ပြီးသား အနုပညာရှင်တစ်ယောက်က အခြားနာမည်ကျော် Celebrity တစ်ယောက်ရဲ့ပုံစံကိုလိုက်ပြီး တစ်ပုံစံတည်းအတုခိုးတဲ့အခါ ပရိသတ်တွေအနေနဲ့ ဝေဖန်စရာတစ်ခု ဖြစ်သွားတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူနှစ်သက်အားကျရတဲ့ လူတစ်ယောက်ရဲ့ လွှမ်းမိုးမှုက သူ့ဆီမှာရှိနေလို့ပါ။ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲ ဒီလူရဲ့ပုံစံကို တစ်ပုံစံတည်း ပုံတူကူးချတာမျိုး ပျောက်သွားပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်တစ်ခုဖြစ်လာတဲ့အချိန်မှာ သူကလည်း အနုပညာလောကမှာ သူ့နေရာနဲ့သူ၊ သူ့ပုံစံနဲ့သူ ပရိသတ်ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ ဒီလိုပါပဲ။ ပြည်တွင်းက အနုပညာရှင်အချို့က ပြည်ပက သူတို့ အားကျရတဲ့ အနုပညာရှင်တွေရဲ့ လွှမ်းမိုးမှုကိုခံရပြီး သူတို့ပုံစံမျိုးတွေကို လိုက်လံတုပတဲ့အခါ အရာအားလုံးကို ပုံစံတူကူးချလိုက်ပြီဆိုရင်တော့ နာမည်မရှိသေးတဲ့လူတစ်ယောက်အတွက် ဘာမှမဖြစ်ပေမယ့် နာမည်ရတဲ့ အနုပညာရှင်ဆိုရင်တော့ ပရိသတ်အတွက် ဝေဖန်စရာဖြစ်သွားပါပြီ။ လူအများက ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်နိုင်တဲ့သူတွေကို သဘောကျနှစ်သက်ကြတာပါ။ ကိုယ်တိုင်ကသာ ကိုယ်ကြိုက်တဲ့လူရဲ့ပုံစံကို ပုံစံတူကူးချချင်ပေမယ့် တကယ်တမ်းလောကမှာ ကိုယ်သဘောကျ စံထားရတဲ့ပုဂ္ဂိုလ်ကိုတော့ ကိုယ်ပိုင်ဟန်နဲ့  ကိုယ်ပိုင်အရည်အချင်းရှိတဲ့သူကိုပဲ အားကျကြတာပါ။ဘဝမှာ အောင်မြင်သူအားလုံးနီးပါးက ကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်ဟန်တွေနဲ့ ရပ်တည်နေကြတာပါ။ ကျွန်မက အားကျရတဲ့ စာရေးဆရာတွေ၊ ဆရာမတွေ များစွာရှိပါတယ်။ တချို့အရေးအသားတွေဆိုရင် သူတို့ရဲ့ လွှမ်းမိုးမှုရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်တည်းရဲ့ ပုံစံကို ကျွန်မ ဘယ်တော့မှ ပုံစံတူမကူးချမိဖို့ သတိထားပါတယ်။ဘာလို့လဲဆိုတော့ ကျွန်မ ဒုတိယလူဖြစ်မှာ အရမ်းကြောက်ပါတယ်။ ကိုယ်ပိုင်ဟန်မရှိဘဲ အောင်မြင်ပြီးသားလူတစ်ယောက် ရဲ့ အရေးအသားမျိုးကို အမြဲတုပတဲ့အခါ သူများပြောစရာဖြစ်သလို ကျွန်မရဲ့ ကိုယ်ပိုင်အရည်အသွေးတစ်ခုလည်း ပျောက်ဆုံးသွားသလို ခံစားရလို့ပါ။ ကျွန်မစာတွေစရေးခါစတုန်းက အရမ်းအားကျရတဲ့ စာရေးဆရာတစ်ယောက် ရှိခဲ့ပါတယ်။ ကျွန်မလည်း သူ့လိုအရေးအသားမျိုး ရေးတတ်ချင်လိုက်တာဆိုပြီး သူနဲ့ပုံစံခပ်ဆင်ဆင်တူတဲ့ ဝတ္ထုတိုလေးတွေရေးပြီး ကျွန်မရေးထားတာတွေကို ကျွန်မဖေဖေကို ဖတ်ကြည့်ခိုင်းတဲ့အခါ ဖေဖေက “ ဘာမှမသိသေး၊ မတတ်သေးတဲ့အချိန်မှာ သူများစာတွေကိုဖတ်ပြီး သူတို့ ဘယ်လိုရေးသလဲ။ ဇာတ်ကို ဘယ်လိုအချိတ်အဆက်မိမိ ရေးသွားသလဲ။ ဘယ်နေရာမှာ ဘယ်လိုစကားလုံးတွေကို ထိထိမိမိ သုံးသွားသလဲ ဒါတွေကိုလေ့လာအတုယူသင့်တယ်။ ဒါပေမဲ့ သူ့ရဲ့စာအုပ်တွေကိုပဲ သီးသန့်ဖတ်ပြီး သူ့ပုံစံအတိုင်း  အားလုံးတုပလိုက်ရေးနေရင် သမီးရဲ့ ကိုယ်ပိုင်ဟန်ဆိုတာ မရှိတော့ဘူး။တချို့ နာမည်ကျော်အနုပညာရှင် တော်တော်များများကလည်း သူတို့အားကျတဲ့သူတွေရဲ့ပုံစံကို တုပရေးသားရင်းနဲ့ နောက်ဆုံး ကိုယ်ပိုင်ဟန်ခွဲထွက်ပြီး အောင်မြင်သွားကြတဲ့သူတွေလည်း ရှိတာပဲ။ ဒါပေမဲ့ အဲ့သလိုမဟုတ်ဘဲ သူ့ပုံစံအတိုင်း တစ်ချိန်လုံးတုပနေမယ်။ သူ့ရဲ့လွှမ်းမိုးမှုက တစ်ချိန်လုံးရှိနေမယ်ဆိုရင် ကိုယ်ပိုင်ဟန်ပျောက်သွားပြီး အမြဲတမ်း ဒုတိယလူဖြစ်သွားလိမ့်မယ်။ မြဲမြဲမှတ်ထား၊ ဒုတိယလူနေရာမှာပဲ ကိုယ့်ကိုယ်ကိုယ်နေမယ်ဆိုရင် ဒီတစ်သက် အဲ့ဒီလူရဲ့ နောက်မှာပဲရှိနေလိမ့်မယ်တဲ့လေ။အဲ့ဒီအချိန်ကတည်းက ဒုတိယလူဆိုတာနေရာတစ်ခုမှာ အသားသေသွားမှာကြောက်တဲ့ကျွန်မ သူများဟန်၊ သူများရဲ့ လုပ်ထုံးတွေကို တစ်ဦးတစ်ယောက်တည်းဆီကပဲ ပုံစံတူမတုပတော့ပါဘူး။ရှေ့လူလုပ်ခဲ့တဲ့ပုံစံ၊ ရှေ့ကလူရဲ့ဟန်၊ ရှေ့ကလူရဲ့လုပ်ထုံးတွေကို အချိန်တိုင်း အတုယူကျင့်သုံးမိရင်တော့ လူအများပြောစရာဖြစ်ကုန်ပါလိမ့်မယ်။ ကောင်းတာကိုပဲ အတုယူ၊မကောင်းတာကို အတုမယူဘဲ တစ်ဦးတစ်ယောက်ရဲ့ ပုံစံတူမကူးချဘဲ ကိုယ်ပိုင်စဉ်းစားတွေးခေါ်တတ်တဲ့ အသိဉာဏ်နဲ့ ကိုယ်ပိုင်ဟန်တစ်ခုတည်ဆောက်ပြီး ဘဝကိုအောင်မြင်စွာနဲ့ ဖြတ်သန်းနိုင်ဖို့လိုပါတယ်။ ဘဝမှာ တစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှု၊ သူများရဲ့ လွှမ်းမိုးမှုကိုခံရတာနဲ့ ကိုယ်ပိုင်ပုံရိပ်ဆိုတာ ပျောက်ဆုံးသွားပါပြီ။ ကိုယ်ပိုင်ဟန်တစ်ခု ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စဉ်းစားချင့်ချိန်နိုင်မှု ပျောက်ဆုံးသွားတဲ့သူက လူအများကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာဖြစ်သလို၊ အမြဲတမ်း ဒုတိယလူနေရာနဲ့ ဘဝကို နိဂုံးချုပ်သွားရတတ်ပါတယ်။ဒါကြောင့် ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်အားကျရသူတွေဆီက၊ ရှေ့ကလူတွေဆီက ကောင်းတဲ့အချက်တွေကို အတုယူချင်ယူပါ။ သို့သော် ကိုယ်ပိုင်ဟန်တစ်ခု ပျောက်လောက်တဲ့အထိတော့ ပုံစံတူ မကူးချကြပါနဲ့လို့ ပြောချင်ပါတယ်။

Most Read

Most Recent