၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်ထုတ်ပြန်

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်ထုတ်ပြန်
Published 1 January 2015
ကျော်ဇင်ဝင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာဖြင့် တရားဝင်အသိပေးaကြညာချက်ကို ဒီဇင်ဘာ ၃၁ ရက်တွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှတစ်ဆင့် ပုဂ္ဂလိကသတင်းမီဒီယာများသို့ ပေးပို့မှုအရသိရသည်။    အဆိုပါကြေညာချက်၌ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ပြည့်စုံမှန်ကန်သည့် မဲစာရင်းလိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုစုလျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း မဲပေးရွေးကောက်တင်မြှောက်ခွင့်ရှိပြီး အဆိုပါအခွင့်အရေးမဆုံးရှုံးစေရန် မဲစာရင်းတွင်ပါရန်လိုကြောင်း၊ နိုင်ငံသားတိုင်းမဲပေးနိုင်ရေးအတွက် မဲစာရင်းကြေညာသည့်အခါ သွားကြည့်ရန် တိုက်တွန်းချက်ဖော်ပြထားသည်။    ထို့ပြင် မဲစာရင်းတွင် မိမိအမည်မပါလျှင် ပုံစံ(၃)ဖြင့် တောင်းခံရမည်ဖြစ်ကြောင်း၊  အချက်အလက်များမှားနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ပေးရန်တောင်းဆိုရမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်မရှိသူများပါနေလျှင် ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။    ထို့အတူ မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်သည့်အခါ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)ကိုမပြောင်းဘဲထားပါက မဲဆန္ဒရှင်ပြည်သူများ၏အမည်သည် ယခင်နေထိုင်ခဲ့သည့် မြို့နယ်မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။    အခြေခံမဲဆန္ဒရှင်စာရင်းမှာ မိမိ၏အမည် သန်းခေါင်စာရင်းပေါက်သည့်မြို့နယ်တွင်သာ မိမိအမည်ပါဝင်မည်ဖြစ်ပြီး မိမိလက်ရှိနေထိုင်သည့်မြို့နယ်တွင် ရွေးကောက်ပွဲမဲပေးရန်မှာမူ ရွေးကောက်ပွဲရက်မတိုင်မီ ရက်ပေါင်း ၁၈၀ အနည်းဆုံးနေထိုင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထားရန်ဆိုလိုခြင်းဖြစ်သည်။        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပမည့် အနီးစပ်ဆုံးအချိန်ကာလအား နှုတ်အားဖြင့် ပြောကြားလေ့ရှိသော်လည်း ယခုအခါစာဖြင့်  တရားဝင်အသိပေးချက်ထုတ်ပြန်လာခြင်းဖြစ်သည်။                 

Most Read

Most Recent