၂၀၁၅ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

၂၀၁၅ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 1 January 2015

၂၀၁၅ နှစ်သစ် (သို့မဟုတ်) ရှစ်ဂဏန်းနှစ်
၂ဝ၁၅ နှစ်သစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ်သည် နှစ်ဟောင်းအဖြစ် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ နှစ်တစ်နှစ်ကုန်ဆုံးတိုင်း ကုန်လွန်ခဲ့ပြီးသော နှစ်အတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ကျေနပ်နှစ်သိမ့်မှုများ၊ မိမိတို့၏ မချင့်မရဲမှုများရှိခဲ့ပါက လာမည့်နှစ်သစ်တွင် ထပ်မံမျှော်လင့်တတ်ကြသည်မှာ ဓမ္မတာဖြစ်သည်။
၂ဝ၁၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အရေးပါသော နှစ်တစ်နှစ်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်အား ကိန်းဂဏန်း တစ်ခုအနေဖြင့် ကြည့်မည်ဆိုပါက ရှစ်ဂဏန်းနှစ်အဖြစ်လည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ကိန်းဂဏန်းများ၏ လွှမ်းမိုးမှုကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်းက သက်ဆိုင်သူများ၏ ပုဂ္ဂလခံစားချက်များသာ ဖြစ်ပါသည်။
သို့သော် ကိန်းဂဏန်းများအပေါ် အယူအဆနှင့် ယုံကြည်မှုများ၊ တိုက်ဆိုင်မှုဟုပဲဆိုဆို ဖြစ်ပျက်ခဲ့ဖူးသော အဖြစ်အပျက်များကတော့ ရှိခဲ့ပြီးဖြစ်သည်။ ဤသို့ဆိုလျှင်  ရှစ်ဂဏန်းနှစ်တစ်နှစ်ဖြစ်သည့် ၁၉၈၈ ခုနှစ်သည် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် မည်မျှအရေးပါခဲ့သည်၊ မည်ကဲ့သို့သော ကံကြမ္မာအလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့သည် ဆိုသည်ကို အားလုံးအမှတ်ရကြဦးမည် ဖြစ်ပါသည်။
တစ်ပါတီအာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းလိုသော တစ်နိုင်ငံလုံးမှ ပြည်သူများအပါအဝင် လူထုလူတန်းစား အလွှာအသီးသီး ပါဝင်သော လူထုအရေးတော်ပုံကြီး တစ်ခုဖြစ်သည်ကို မည်သူမျှ မေ့ပျောက်နိုင်မည်  မဟုတ်ပါ။ သို့သော် ရှစ်ဂဏန်းကျရောက်တိုင်း ဤသို့ဖြစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ဤကဲ့သို့သော အဖြစ် အပျက်များသည် ရှစ်ဂဏန်း ဖြစ်သောနှစ်တွင် ဖြစ်ပေါ်တတ်သည်ကို အမှတ်ရသတိပြု စေလိုခြင်းသာဖြစ်သည်။
၂ဝ၁၅ ခုနှစ်အတွက် တာဝန်ကျေပွန်သည့် နိုင်ငံသားကောင်းတို့မှ ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်သလို၊ ကောင်းမွန်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ပြီဆိုသော အချက်အတိုင်း အမှန်တကယ် ဆောင်ရွက်နိုင်ရန် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အရေးပါသောနှစ်လည်း ဖြစ်ပါသည်။
ထို့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် အရေးပါနေသလို အဆိုပါ အရေးပါမှုအား ဖန်တီးဖော်ဆောင် ပေးနိုင်သူများ၏ အခန်းကဏ္ဍမှာလည်း အဓိကကျနေပါသည်။ ထို့အတွက် (၁) နိုင်ငံရေးကိစ္စများတွင် မဆိုင်သလိုနေကြ သူများ (တစ်နည်း) မိမိအကျိုးစီးပွားမှလွဲ၍ စိတ်ဝင်စားမှုမရှိသူများ၊ (၂) နိုင်ငံ့အရေးမျက်ခြည်မပြတ် လေ့လာသော်လည်း ပါဝင်ပတ်သက်မှု မရှိသူများ၊ (၃) နိုင်ငံ့အရေးကိစ္စများတွင် မိမိတို့တစ်နိုင် ပါဝင်နေကြသော နိုင်ငံသားများ၊ (၄) နိုင်ငံ့အရေးနှင့် နိုင်ငံတည်ဆောက်ရေးများတွင် တက်ကြွစွာပါဝင် လှုပ်ရှားနေကြသူများ (တစ်နည်း) မိမိအကျိုးစီးပွားထက် အများအကျိုးစီးပွားကို ဦးစားပေးသူများ၊ (၅) နိုင်ငံအတွက်ဆိုလျှင် မိမိအကျိုးစီးပွား သာမက အယူအဆ၊ အတွေးအခေါ်နှင့် အသက်ကိုပင် စွန့်လွှတ်စွန့်စားဝံ့သော နိုင်ငံသားများဟူ၍ အမျိုးအစား ခွဲခြားထားမှုများရှိရာ မည်သို့သော နိုင်ငံသား အမျိုးအစားများဖြင့် နိုင်ငံ့အနာဂတ် ပုံဖော်မည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကိန်းဂဏန်းများ၏ တိုက်ဆိုင်မှုအရဆိုလျှင် ယခု ၂ဝ၁၅ ခုနှစ်သည်လည်း ရှစ်ဂဏန်းနှစ်တစ်ခုပင် ဖြစ်ပါသည်။ သို့ပါ၍ ၂ဝ၁၅ ခုနှစ် မင်္ဂလာနှစ်သစ်အခါ သမယမှအစပြု၍ ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးအတွက် မျှော်လင့်ချက်များ ပြည့်ဝသော၊ အမှန်တကယ် ပျော်ရွှင်ရသော နှစ်သစ်ဖြစ်ပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။
 

Most Read

Most Recent