မျိုးစောင့်ဥပဒေကြမ်းများအပါအဝင် ဥပဒေကြမ်း ၃၀ ခန့်ကို လာမည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးမည်

မျိုးစောင့်ဥပဒေကြမ်းများအပါအဝင် ဥပဒေကြမ်း ၃၀ ခန့်ကို လာမည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးမည်
Published 31 December 2014
မျိုးမင်းထက်

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မျိုးစောင့်ဥပဒေကြမ်းများအပါအဝင် ဥပဒေကြမ်း ၃၀ ခန့်အား  ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။မျိုးစောင့်ဥပဒေကြမ်းများတွင် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကြမ်းတို့ပါဝင်ပြီး လွှတ်တော်တွင်ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။"ဥပဒေကြမ်းကတော့ လက်ကျန် ၃၀ လောက်ရှိတယ်။ ဒီတစ်ပတ်ကတော့ ဘတ်ဂျက်အစည်းအဝေးဆိုတော့ အဓိကတော့ဘတ်ဂျက်ပေါ့။ နောက် မျိုးစောင့်ဥပဒေလေးခုရှိမယ်။ မျိုးစောင့်ဥပဒေတွေအပါအဝင် ဥပဒေကြမ်း ၃၀ လောက်ဆွေးနွေးဖို့ရှိတယ်" ဟု ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းကပြောကြားသည်။မျိုးစောင့်ဥပဒေကြမ်းများကို လာမည့် (၁၂) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ပြီး ယင်းဥပဒေကြမ်းများနှင့်ပတ်သက်၍ အကြံပြုချက်တင်ပြလိုပါက ဥပဒေကြမ်းကော်မတီသို့ တိုက်ရိုက်တင်ပြနိုင်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှ ဦးစောလှထွန်းက ပြောကြားသည်။မျိုးစောင့်ဥပဒေကြမ်းများရေးဆွဲရန် ပြင်ဆင်နေမှုအပေါ် ပြန်လည်သုံးသပ်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၉၇ ဖွဲ့က  အကြံပြုတင်ပြမှုများ ရှိခဲ့သည်။မျိုးစောင့်ဥပဒေကြမ်းများနှင့် ပတ်သက်၍ "အန်တီတို့ရဲ့ ဥပဒေထောက်ကူအဖွဲ့ကလည်း ဒီဟာတွေကိုလေ့လာမယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကလည်း ဒီဟာကိုလေ့လာပါမယ်။ လေ့လာပြီးမှ အန်တီတို့သုံးသပ်ချက်တွေထုတ်မှာဖြစ်ပါတယ်။ ဒီဟာမျိုးဆိုတာ အင်မတန်မှနက်နဲတယ်။ အင်မတန်မှ သိမ်မွေ့တယ်။ အမှားအယွင်း အတိမ်းအစောင်းမခံပါဘူး။ ဒါကို လက်လွှတ်စပယ်ပြောလို့မရပါဘူး။ ဥပဒေပိုင်းဆိုင်ရာကနေ စိစစ်လေ့လာပြီးတော့မှ အန်တီတို့ ပြောလို့ရပါမယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃၀ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးမူကြမ်းတင်သွင်းဆုံးဖြတ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက (၁၁) ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးသည့် ဥပဒေပေါင်း ၁၂၆ ခုရှိပြီး လက်ရှိတွင် ဥပဒေကြမ်း ၄၀ အား ဆက်လက်ဆွေးနွေးနေကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။(၁၂) ကြိမ်မြောက်လွှတ်တော် ပုံမှန်အစည်းအဝေးများကို ဇန်နဝါရီ  ၁၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။              

Most Read

Most Recent