နိုင်ငံတော်အတွက် ဗိုလ်ချုပ်၏ ကြိုးပမ်းချက်များ

နိုင်ငံတော်အတွက် ဗိုလ်ချုပ်၏ ကြိုးပမ်းချက်များ
Published 31 December 2014
ရွှေဒါးမောင်လေးရည်

သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
(၄-၁-၁၉၃၈)
“သပြေညို” ကဗျာကို လွတ်လပ်ရေးအကြိုအဖြစ် ၁၉၃၈ ခုနှစ်ဆီကပင် ကြိုတင်ရေးစပ်ခဲ့ပြီး ၁ဝ နှစ်တိတိ စောခဲ့ပေသည်။ ဒီစဉ်က ကဗျာကို ရေးစပ်ခဲ့သူ ဆရာမင်းသုဝဏ်မှာ စာသင်သားတစ်ဦးအဖြစ်ဖြင့် အင်္ဂလန်နိုင်ငံသို့ ရောက်ရှိနေခဲ့ချိန်ဖြစ်သည်။ ရေးစပ်သည့်နေရာမှာ Chester မြို့အနီး Hawarden ရွာ St Deimiot စာကြည့်တိုက်၌ဖြစ်ပြီး ၄-၁-၁၉၃၈ နေ့စွဲတွင် ဖြစ်ပါသည်။ ဒီစဉ်က မြန်မာပြည်လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့တစ်တွေ သက်စွန့်ကြိုးပမ်း နေကြချိန်ဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရရှိသည့် ရက်စွဲနှင့် ၁ဝ နှစ်တိတိ ကြိုတင်၍ ရေးဖွဲ့ခဲ့သည်ကို ခြေရာကောက်၍ ရနိုင်ခဲ့ပေသည်။ လွတ်လပ်ရေးနေ့ ဝန်းကျင်သို့ ရောက်ရှိလေတိုင်း အဆိုပါသပြေညိုကဗျာလေးက မြန်မာပြည်သားအပေါင်းတို့၏ နှလုံးသည်းပွတ်ဆီသို့ ရွက်လွှင့်ပျံသန်း လာနေကျပင် မဟုတ်ပါလား။
“လွတ်လပ်ရေး”။ စကားလုံးအားဖြင့် သုံးလုံးမျှသာ ဖွဲ့စည်းပါဝင်လျက် ရှိသော်လည်း အဓိပ္ပာယ် အလျားအနံမှာ ကျယ်ဝန်းလှဘိသည်။ ထိုလွတ်လပ်ရေးဆိုသည့် စကားစုအတွက် နိုင်ငံတစ်ဝန်းမှ အမျိုးသားကောင်းများစွာတို့ အသက်စတေး ခဲ့ကြရသည်။ နိုင်ငံပိုင် သယံဇာတများစွာကို အုပ်စိုးသူတိုင်း တစ်ပါးသားတို့က ထင်သလိုစိုးမိုး ခြယ်လှယ်ခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလတစ်လျှောက် သားပျို၊ သမီးပျိုတို့ ဥပဒေမဲ့ သိက္ခာမဲ့စွာ အနိုင်ကျင့် စော်ကားခံရမှုတို့ဖြင့် ဒူးနှင့် မျက်ရည်သုတ်ခဲ့ ကြရသည်။ နိုင်ငံနှင့် လူမျိုးတို့၏ ပုံရိပ်များ မြောင်းထဲလွင့်ကျကာ မရှုမလှ နင်းပြားဘဝများဖြင့် အရုပ်ဆိုးခဲ့ကြရသည်။ အကျည်းတန်မှု အပေါင်းဖြင့် မချစ်ပေမင့် အောင့်ကာနမ်းရှိုက် ခဲ့ကြရသည်။ ထိုသို့သော အနိဋ္ဌာရုံဘဝများဖြင့် ကျောကော့ခံစားရမှုအပေါင်းမှ လွတ်ရာလွတ်ကြောင်းသို့ ကြိုးပမ်းဖော်ဆောင်ပေးသူ တစ်ဦးကို တက္ကသိုလ်ဝန်းကျင်မှ မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုသူမှာ ကိုအောင်ဆန်းဆိုသည့် တက္ကသိုလ်ကျောင်းသား တစ်ဦးပါပေ။ နတ်မောက်မြို့မှ ရှေ့နေဦးဖာနှင့် မိခင်ဒေါ်စုတို့၏ ရင်သွေးဖြစ်ပြီး လူရိုးလူဖြောင့် လူ့ခွစာတစ်ဦးအဖြစ် တက္ကသိုလ်ဝန်းကျင် ကျောင်းသားထုကြား၌ အသိအမှတ်ပြုခံရသူ တစ်ဦးလည်း ဖြစ်ပေသည်။ ကိုအောင်ဆန်း၏ စိတ်အစဉ်၌ အချိန်ရှိသမျှ တိုင်းပြည်လွတ်လပ်ရေး ရရှိရန် နိုင်ငံအား ကိုယ့်အမျိုးသားများ ကိုယ်တိုင်အုပ်ချုပ်ခွင့် ရနိုင်ရေးအတွက်ကိုသာ အစဉ်သဖြင့် နှလုံးသွင်းထားပြီးဖြစ်သည်။ သို့အတွက် သူ့နှလုံးအိမ်၌ အခြားသော အကြောင်းအရာများ ခေါင်းစဉ်များဖြင့် ဦးနှောက်စားစရာ နေရာလပ်မရှိခဲ့ပေ။ မည်မျှအတွေးနက်လှသနည်းဆိုလျှင် တစ်ခါတစ်ရံ အပေါင်းအသင်းများက လမ်း၌တွေ့၍ နှုတ်ခွန်းဆက်စကားဆိုသည့်တိုင် အတွေးကွန်ရက်၌ ပိတ်လှောင်နေသူ ကိုအောင်ဆန်းအဖို့ ခေါ်မကြား၊ အော်မကြား ဖြစ်ခဲ့သည်များက အကြိမ်ကြိမ်အခါခါဟုပင် ဆိုပါသည်။ ဒီအခါ သူ့အပေါ် လူကြောင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်ဟု ဆိုပါသည်။
ကိုအောင်ဆန်းအပေါ် ခံစားရသည့် ခံစားချက်ကို ဆရာဒဂုန်တာရာက သူ၏ရုပ်ပုံလွှာ အဖွဲ့အနွဲ့တွင် ဤသို့စုတ်ချက် သခဲ့ပေသည်။ “သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးကိုသာ တစ်ခုတည်းလုပ်သော လူတစ်ဦးဖြစ်၏။ သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ လုပ်သော နိုင်ငံရေး သတ္တဝါဖြစ်၏” ဟု ဆိုခဲ့ပေသည်။ ဆိုခဲ့သည့်အတိုင်းပင် တက္ကသိုလ်ကျောင်းသား ဘဝမှစတင်ကာ နိုင်ငံလွတ်လပ်ရေးအတွက် သူ၏စိတ်အာရုံမှန်သမျှကို နှစ်မြှုပ်ထားခဲ့ပေသည်။ ၁၉၃၇-၃၈ မှစတင်ကာ တကသ၊ ဗကသ ဥက္ကဋ္ဌတာဝန်များကို စတင်ထမ်းဆောင် ခဲ့ပေသည်။ တကသ၏ အမှုဆောင်ပြန်ကြားရေး တာဝန်ခံ အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာအဖြစ် ၁၉၃၅-၃၆ တွင် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ ၁၉၃၆ ခု နှစ်တွင် သမဂ္ဂဥက္ကဋ္ဌ ကိုနုနှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်းတို့ ကျောင်းထုတ်ခံခဲ့ရသဖြင့် ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်အထိ ရှိခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် အိန္ဒိယကွန်ဂရက် ပါတီခေါင်းဆောင် ဂျဝါဟလာနေရူးနှင့် သမီးအင်ဒီရာတို့၏ ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၃၈ စက်တင်ဘာတွင် တိုင်းပြည်အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကိုအောင်ဆန်းတက္ကသိုလ်မှ ထွက်ခဲ့သည်။ ထိုနှစ် အောက်တိုဘာတွင် ကိုနုနှင့်အတူ တို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်း၏ လမ်းညွှန်မှုဖြင့် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်နှင့် ဝါဒဖြန့်ချိရေး တာဝန်ခံ ဖြစ်လာသည်။ နိုဝင်ဘာသို့ရောက်သော် တကသနှင့် ဗကသဥက္ကဋ္ဌ နှစ်နေရာလုံးကို စွန့်လွှတ်ခဲ့ပေသည်။
၁၉၃၉ ခု ဩဂုတ် ၁၅ ရက်တွင် သခင်လှဖေ၊ ကိုဗဟိန်း၊ ရဲဘော်နတ်(ဂ်)၊ သခင်စိုးတို့နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီ လျှို့ဝှက်ဖွဲ့စည်းကာ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့သည်။ အောက်တိုဘာ ၁ ရက်တွင် ဗမာ့ထွက်ရပ်ဂိုဏ်း အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ပြီး နိုဝင်ဘာ ၁၈ တွင် မြေအောက်တော်လှန်ရေး အဖွဲ့၏ နိုင်ငံခြား ဆက်သွယ်ရေး တာဝန်ခံဖြစ်ခဲ့သည်။ ၁၉၄ဝ မတ်လ ၁၂ ရက်တွင် အိန္ဒိယကွန်ဂရက်ပါတီ၏ ဖိတ်ကြားချက်ဖြင့် တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လျက် အိန္ဒိယနိုင်ငံ ရမ်းဂါညီလာခံသို့ တက်ရောက်ခဲ့သည်။ ထိုနှစ်ဇွန်လ၌ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွင် ကျောင်းသားကိုယ်စားလှယ်အဖြစ် ပထမဦးဆုံး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ဩဂုတ်လရောက်သော် တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားအကူအညီရှာဖွေရန် သခင်လှမြိုင်နှင့်အတူ တရုတ်နိုင်ငံ အမွိုင်သို့ လျှို့ဝှက်ထွက်ခွာခဲ့သည်။ နိုဝင်ဘာတွင် ဂျပန်စစ်ဌာနချုပ်နှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံ တိုကျိုသို့ရောက်ရှိခဲ့သည်။ လွတ်လပ်သော “မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး စီမံကိန်း” ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်တို့နှင့် ညှိနှိုင်းခဲ့သည်။ ၁၉၄၁ ဧပြီလ၌ တို့ဗမာအစည်းအရုံးမှ လူငယ် ၂၇ ဦးကို ဦးဆောင်ကာ ဟိုင်နန်ကျွန်း၌ စစ်ပညာ သင်ယူခဲ့ကြသည်။
၁၉၄၂ သို့ ရောက်သော် မြောင်းမြသူ သူနာပြုဆရာမ မခင်ကြည်နှင့် လက်ထပ်ထိမ်းမြားခဲ့သည်။ သားသမီး သုံးဦးထွန်းကားခဲ့သည်။ ၁၉၄၄ တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော်၏ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းတို့နှင့် လျှို့ဝှက်ဆွေးနွေးပြီး ဂျပန်ဖက်ဆစ်တို့အား မောင်းထုတ်ရေး ကြေညာစာတမ်းကို အတည်ပြုခဲ့သည်။ ဩဂုတ် ၂၃ တွင်ဖက် ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ် (ဖတလ) အဖွဲ့၏ ဥက္ကဋ္ဌဖြစ်လာခဲ့ရသည်။ ၁၉၄၅ တွင် ဖတလခေါင်းဆောင်များ တွေ့ဆုံပြီး ဖက်ဆစ်တိုက်ဖျက်ရေး အဖွဲ့ချုပ်ကို “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်” (ဖတပလ)အဖြစ် ပြောင်းလဲခဲ့သည်။ ထိုနှစ် မတ်လ ၂၇ ရက်တွင် နိုင်ငံတဝန်းလုံး၌ ဖက်ဆစ်တော်လှန်ရေး စတင်ခဲ့ပေသည်။ စက်တင်ဘာ ၇ တွင် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့၌ ကန္ဒီသဘောတူညီစာချုပ်ကို ဦးဆောင်ကာ လက်မှတ်ရေးထိုးခဲ့သည်။ ဒီဇင်ဘာသို့ ရောက်သော် “ဖတပလ” အဖွဲ့ချုပ်အမည်မှ “ဖဆပလ” ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်သို့ အမည်ပြောင်းခဲ့သည်။ ၁၉၄၆ ရောက်သော် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ ဖဆပလ အဖွဲ့ချုပ်ကြီး၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံကျင်းပပြီး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ဇန်နဝါရီ၌ အောင်ဆန်း-အက်တလီ စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ်ပင်လုံမြို့၌ သမိုင်းဝင် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ချုပ်ဆိုနိုင်ခဲ့ပေသည်။ စာချုပ်၌ ပါဝင်၍ လက်မှတ်ရေးထိုးခဲ့သူများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွဋ်၊ ဆာမောင်ကြီး ဦးအောင်ဇံဝေ၊ ဖဆပလမှ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်သိမ်းဆွေ၊ ဦးဖေခင်၊ သခင်ဝတင်၊ ဗိုလ်ထွန်းလှတို့ ပါဝင်ခဲ့ပေသည်။ နယ်ခြားဒေသမှ ခေါင်းဆောင်များဖြစ်သည့် ညောင်ရွှေစော်ဘွား၊ ကချင်ဒေသမှ ဆမားဒူဝါ၊ ချင်းဒေသမှ ဦးဝမ်ကိုဟော၊ ကချင်ဒေသမှ ဒူဝါဇော်လွန်းနှင့် မိုင်းပွန်စော်ဘွားကြီးတို့ ပါဝင်ခဲ့ကြသည်။ အခြားခေါင်းဆောင်များ ဖြစ်သည့် လဘန်ဂရောင်း၊ ဒူဝါဇော်ရစ်၊ ဦးဂျီးထိန်နန်း၊ ဦးကျော်မန့်၊ ဦးလှိုင်းမှုံ၊ ဦးထောင်ဇခုပ်၊ ရှမ်းပြည်တောင်ပိုင်းစော်ဘွား၊ သမန်းစော်ဘွားနှင့် ဦးထွန်းမြင့် စသည့် ပုဂ္ဂိုလ် ၂၃ တို့ဖြစ်ပေသည်။
ထိုနှစ် ဇွန်လ ၁ဝ ရက်မှ ၁၈ ရက်ထိ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ စတင်ကျင်းပနိုင်ခဲ့ပြီး အနိုင်ရခဲ့သည်။ ပထမအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာ၌ ပါဝင်ရမည့် အခြေခံမူများကို ကိုယ်တိုင်ပါဝင် ရေးဆွဲခဲ့ပေသည်။ ဗိုလ်ချုပ်၏ စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့မှုကြောင့်ပင် နှစ်ကာလကြာမြင့်စွာ သွေးကွဲလျက်ရှိကြသည့် တိုင်းရင်းသား မျိုးနွယ်စုများနှင့် ပြည်မတောင်တန်းမခွဲခြားဘဲ တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း နိုင်ငံလွတ်လပ်ရေး ရရှိပြီးချိန်မှစတင်ကာ လက်နက်ကိုင်လမ်းစဉ်ဖြင့် တစ်ဦးအပေါ်တစ်ဦး မယုံကြည်နိုင်မှုများ အသာစီးရလိုမှုများဖြင့် တစ်ယောက်တစ်လမ်းခွဲကာ သူတစ်လူ ငါတစ်မင်း ပြုခဲ့ကြသည်။ သည့်အတွက်ကြောင့်ပင် အကျိုးဆက်များအဖြစ် တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူ အပေါင်းတို့ ဆင်းရဲမွဲတေမှု အပေါင်းတို့ဖြင့် ရင်ဆိုင်သတ်ပုတ်ကြရကာ တိုင်းပြည်၏ အနေအထားသည်လည်း အောက်ဆုံးအခြေထိ ထိုးစိုက်ကျဆင်း ခဲ့ရပေသည်။ ထိုထိုသော အကြောင်းခြင်းရာ များစွာတို့ကို ချင့်ချိန်တွက်ချက်ကြလျက် တစ်နည်းအားဖြင့် ကျဆုံးခဲ့ပြီးသော ခေါင်းဆောင်အပေါင်းတို့၏ မွန်မြတ်နှလုံးသားများအပေါ် အလေးဂရုပြုကြလျက်ဖြင့် ယနေ့လက်တွေ့ ကြိုးပမ်းလျက်ရှိသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လမ်းစဉ်အား အောင်မြင်စွာ အကောင်အထည်ဖော်လျက် နိုင်ငံတော်ပုံရိပ်များ လင်းလက်တောက်ပစေရေး အလေးထားပုံဖော် နိုင်ပါစေကြောင်းဖြင့်...။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး...။
 

Most Read

Most Recent