ဆီးသီးဗန်းကို စောင့်ကြည့် စောင့်ရှောက်ပေးနေသူများဝန်ကြီးဌာနအချို့၏ ဆီးသီးဗန်းမှောက်သည့် ကိစ္စနှင့် ပတ်သက်၍ ရရှိထားသည့် အချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ် အချို့က လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၆ ရက် လွှတ်တော်အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများအပေါ် သုံးစွဲမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေများနှင့် ပတ်သက်၍ “ပွဲဈေးတန်းမှာ ဆီးသီးဗန်း မှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စား ဆီးသီးက တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ ဘတ်ဂျက်က အဲဒီလို ဖြစ်နေတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ထို့နောက် ဝန်ကြီးဌာနများ၏ ဆီးသီးဗန်းမှောက်သည့် ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း လေ့လာစုံစမ်းမှုများ ပြုလုပ်ကြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ဦးခင်အောင်မြင့်၏ ညွှန်ကြားချက်အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့သည် လေ့လာစုံစမ်းမှုများ ပြုလုပ်ကာ ဝန်ကြီးဌာနအချို့၏ စီမံကိန်းတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်နေခြင်း မရှိသည့် အချက်အလက်အချို့ကို ရရှိနေကြောင်း သိရသည်။အမှန်တကယ်၌ အဆိုပါ ဆီးသီးဗန်းသည် အခွန်အကောက်များမှ တစ်ဆင့်လည်းကောင်း၊ နိုင်ငံသယံဇာတများမှ တစ်ဆင့်လည်းကောင်း၊ ပြည်သူများ ထည့်ဝင်ထားသော သို့မဟုတ် ပြည်သူအားလုံးနှင့် ဆိုင်သော ဆီးသီးဗန်း ဖြစ်သည်။ ထို့ကြောင့် ဆီးသီးဗန်းကို မှောက်ကျအောင်ပြုလုပ်ပြီး မှောက်ကျသည့် ဆီးသီးများကို မရှက်မကြောက် ကောက်သွားသည့် သူများကို ဖော်ထုတ်ရန် လိုလာသည်။ ထိုသူများကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က မမြင်လိုက်သည့်အခါ သို့မဟုတ် မမြင်ချင်ယောင် ဆောင်လိုက်ကြသည့်အခါ ဆီးသီးခိုးသူများကို ဖော်ထုတ်ရန် စေတနာ့ဝန်ထမ်း ဝိုင်းဝန်းကူညီကြသူများမှာ မီဒီယာများ ဖြစ်ကြသည်။ ထို့ကြောင့်ပင်လျှင် မီဒီယာများကို နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။၂၀၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်ရှိ ဟူစတန်တက္ကသိုလ်မှ Lindita Camaj ဦးဆောင်သော အဖွဲ့က ခြစားမှုကို တိုက်ဖျက်ရာ၌ မီဒီယာများ၏ အခန်းကဏ္ဍကို လေ့လာချက်တစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ လေ့လာချက် ရလဒ်များအရ မီဒီယာလွတ်လပ်ခွင့်နှင့် ခြစားမှုတို့သည် အားကောင်းသော ဆက်နွှယ်ချက် ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ မီဒီယာလွတ်လပ်ခွင့် မြင့်မားလေလေ ခြစားမှု နိမ့်ပါးလေလေဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့၏ လေ့လာချက်၌ပင် မီဒီယာလွတ်လပ်ခွင့်သည် အင်စတီကျူးရှင်းများ အားကောင်းခြင်းနှင့် ပူးပေါင်းသွားပါက ခြစားမှုအပေါ် ပို၍အားကောင်းသော သွယ်ဝိုက်သက်ရောက်မှု ရှိကြောင်းလည်း သိရှိရသည်။ ၎င်းအပြင် သမ္မတစနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများထက်စာလျှင် ပါလီမန်စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများ၌ မီဒီယာလွတ်လပ်ခွင့်နှင့် ခြစားမှု ဆက်နွှယ်ချက် အားအကောင်းဆုံး ဖြစ်ကြောင်းလည်း တွေ့ရှိရသည်။ ယင်းသက်ရောက်မှုကို လွတ်လပ်သော တရားစီရင်မှု စနစ်ရှိခြင်းက ပို၍အားကောင်းစေနိုင်ကြောင်းလည်း တွေ့ရှိရသည်ဟု ဆိုသည်။ထို့ကြောင့် မီဒီယာများသည် ပြည်သူတစ်ရပ်လုံးနှင့်ဆိုင်သော ဆီးသီးဗန်းကို စေတနာ့ဝန်ထမ်း စောင့်ကြည့်စောင့်ရှောက်ပေးနေသူများ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Most Read
Most Recent
6 hours ago








