မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကျေမှု အများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ တတိယအဆင့် ရပ်တည်နေပြီး နိုင်ငံတစ်ဝန်း မြို့နယ် ၅၀ ကျော်တွင် မြေမြှုပ်မိုင်းအန္တရာယ် ရှိနေဆဲဖြစ်

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကျေမှု အများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ တတိယအဆင့် ရပ်တည်နေပြီး နိုင်ငံတစ်ဝန်း မြို့နယ် ၅၀ ကျော်တွင် မြေမြှုပ်မိုင်းအန္တရာယ် ရှိနေဆဲဖြစ်
Published 30 December 2014
ဇာလီမြင့်ဦး

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကျေမှု အများဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် တတိယအဆင့် ရပ်တည်နေပြီး နိုင်ငံတစ်ဝန်း မြို့နယ် ၅ဝ ကျော်တွင် မြေမြှုပ်မိုင်းအန္တရာယ် ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးသုတေသီ  Dr.Yeshua Moser Puangsuwan က မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်လေ့လာရေး အစီရင်ခံစာထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။Dr. Yeshua Moser Puangsuwan က “ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာက  မြေမြှုပ်မိုင်းကြောင့် အသက်သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုနှုန်းထားမှာ အာဖဂန်နစ္စတန်၊ ကိုလံဘီယာနိုင်ငံတို့နောက်မှာ တတိယနေရာလိုက်နေပါတယ်။ အရင်တုန်းကဆိုရင်တော့ မြန်မာက အသေအပျောက်စာရင်းမှာ မြန်မာက နံပါတ် ၁ဝ လောက် ရှိပါတယ်။ စာရင်းဇယား အတိအကျမရှိတဲ့အတွက် အသေအပျောက်စာရင်းရော အခြားသောအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေကိုပါ စုစည်းပြီး ၂ဝဝ၆ ခုနှစ်ကနေ လက်ရှိအခြေအနေတွေကို တွက်ကြည့်တဲ့အခါမှာတော့ တတိယလိုက်နေတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်” ဟု ဒီဇင်ဘာ ၂၉ ရက်က ပြောကြားသည်။မြန်မာနိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် ထိခိုက်သေကျေမှု အများဆုံးနိုင်ငံစာရင်းတွင် ၂ဝ၁၂ ခုနှစ်မှ စတင်ကာ တတိယနေရာတွင် ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ  မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံတစ်ဝန်း မိုင်းပျံ့နှံ့မှုပမာဏ အတိအကျကို ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း ကယားပြည်နယ်တွင်း မြို့နယ် ခုနစ်ခု၊ ကရင်ပြည်နယ်တွင်း မြို့နယ် ခုနစ်ခု၊ ကချင်ပြည်နယ် မြစ်ကြီးနားအပါအဝင် မြို့နယ်ခုနစ်မြို့နယ် နှင့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်များမှာ သံသယရှိဖွယ် အန္တရာယ်များသော ဒေသများဖြစ်ကြောင်း ဖော်ပြထားသည်။Dr. Yeshua Moser Puangsuwan က “ မြဝတီ၊ ဘားအံ၊ ကျောက်ကြီး၊ ရွှေကျင် စတဲ့မြို့တွေမှာ   မြေမြှုပ်မိုင်းအန္တရာယ် ဆိုးဝါးစွာရှိနေတယ်။ နောက်  မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကျေ အသက်ဆုံးရှုံးမှုတွေကလည်း ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ  မြေမြှုပ်မိုင်းအန္တရာယ်တွေ ဘယ်လောက်ထူပြောနေတယ်ဆိုတာကို ဘယ်သူမှလည်း မသိပါဘူး။ ဒီမှာ မိုင်းအန္တရာယ်ကြောင့် သေဆုံးထားသူ စာရင်းအတိအကျကို အစိုးရက ကောက်ယူထားမှုလည်း မရှိပါဘူး။ အခုအထိ ကျွန်တော်တို့ ကောက်ယူရရှိထားတာက လူပေါင်း ၃၄ဝဝ ကျော် မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီး သိရတယ်။ ဒါပေမဲ့ တကယ့်စာရင်းဇယားအရဆိုရင်တော့ ဒီထက်များနိုင်ပါသေးတယ်။ မိုင်းရှင်းလင်းရေးဟာ အချိန်များစွာယူရမှာဖြစ်ပေမယ့် အစိုးရအနေနဲ့ ခုကတည်းက စတင်လုပ်ကိုင်မှု မရှိသေးတာကလည်း ထောက်ပြစရာတစ်ခုပါပဲ”ဟု ဆက်လက်ပြောကြားသည်။ထို့အပြင် ယနေ့အထိ  မြေမြှုပ်မိုင်းများ ထုတ်လုပ်ဖြန့်ဝေအသုံးပြုနေဆဲ မိုင်းထိသေကျေ ဒဏ်ရာရမှုများရှိနေဆဲနိုင်ငံများတွင် မြန်မာနိုင်ငံသည် ထိပ်ပိုင်းမှ ပါဝင်နေပြီး လက်ရှိတွင်လည်း မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြု မိုင်းဖော်လုပ်ငန်း ဆောင်ရွက်နေသော မည်သည့်အဖွဲ့အစည်းကမှ မိုင်းရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ယခုထုတ်ပြန်သည့် အစီရင်ခံစာသည်  မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (LCM) ၏ (၁၆) ကြိမ်မြောက် အစီရင်ခံစာဖြစ်သည်။၁၉၉၉ ခုနှစ် ပထမအကြိမ်အစီရင်ခံစာ စတင်ထုတ်ပြီးနောက်ပိုင်း ၂ဝ၁၃ နှစ်လယ်ပိုင်းနှင့် ၂ဝ၁၄ ပထမနှစ်လယ်ပိုင်းတို့တွင် မြေမြှုပ်မိုင်းအသုံးပြုမှု ဆက်လက်ရှိခဲ့သည်ဟု  မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ မှ ကောက်ယူရရှိသော သတင်းအချက်အလက်များအရ သိခဲ့ရသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတပ်ဖွဲ့များ၏ မိုင်းအသစ်အသုံးပြုမှု နိမ့်ကျခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မိုင်းအသစ် အသုံးပြုမှုအချို့ ထွက်ပေါ်ခဲ့သော်လည်း အစိုးရ မဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ၏ မိုင်းအသုံးပြုမှုသည်လည်း ယခုအစီရင်ခံစာ ကာလအတွင်း လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားသည်။  ထို့အပြင် တပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ကချင်ဒေသမှအပ ကျန်တိုင်းနှင့်ပြည်နယ်များတွင် မြေမြှုပ်မိုင်းသုံးစွဲမှု မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုသည် ၂ဝ၁၁ နောက်ပိုင်းတွင် လျော့နည်းလာကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။အစီရင်ခံစာသည် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ ပြဿနာ၏ အခြေအနေကို ပိုမိုသိလာစေရန်သာ ရည်ရွယ်ပြီး အစီရင်ခံစာပါအချက်များမှ ဒေသခံအဖွဲ့အစည်းများ၏ အစီရင်ခံစာများ၊ ကောက်နုတ်ချက်များနှင့် သတင်းအချက်အလက်များကို အခြေခံကာ ထုတ်နုတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

Most Read

Most Recent