ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 29 December 2014

ပြည်သူအပေါ် တာဝန်သိသော အစိုးရနှင့် တာဝန်မသိသော အစိုးရပြည်သူအပေါ် တာဝန်မသိသည့်အစိုးရ တက်လာပါက ပြည်သူများပင် နစ်နာလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထို့အတွက် ပြည်သူအပေါ် တာဝန်သိသောအစိုးရဟူသည် ပြည်သူများနစ်နာရန် လုပ်ဆောင်မည်မဟုတ်ကြောင်း မှတ်ယူရမည်ဖြစ်သည်။ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အစိုးရတစ်ရပ်သည် ပြည်သူလူထုအပေါ် မည်မျှကောင်းမွန်အောင် သို့မဟုတ် နစ်နာအောင်လုပ်ဆောင်နေသည်ဆိုသည်ကို အဆိုပါနိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုအခြေအနေများဖြင့် တိုင်းတာနိုင်မည် ဖြစ်သည်။ ထိုအခြေအနေများကို နိုင်ငံသား ပြည်သူလူထုလူတန်းစားအားလုံးက အလွယ်တါကူ သိမြင်နိုင်မည်ဖြစ်သည်။ ထို့ပြင် စနစ်တကျ သုတေသနပြု စစ်တမ်းကောက်ယူမှုများဖြင့် တိုင်းတာမည်ဆိုပါက ပိုမိုတိကျသောအဖြေများ ရရှိအကဲဖြတ်နိုင်မည် ဖြစ်သည်။  သို့မှသာ ပြည်သူလူထုအတွက်၊ နိုင်ငံအတွက် စစ်မှန်သောအုပ်ချုပ်သူကောင်း၊ အစိုးရကောင်းကို ရွေးချယ်နိုင်မည် ဖြစ်သည်။သို့သော် လက်ရှိအခြေအနေမှန်နှင့် ကင်းကွာနေသော၊ ကွဲလွဲချက်များရှိနေသော စစ်တမ်းများကမူ အထောက်အကူပြုနိုင်မည် မဟုတ်ပေ။ ပစ္စုပ္ပန်အခြေအနေမှန်များကို အကဲဖြတ်သုံးသပ်နိုင်ခြင်းမရှိပါက အနာဂတ်စီမံမှုနှင့် ရွေးချယ်မှုများအတွက် လွဲမှားသွားနိုင်မှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဥပမာပြစရာ စစ်တမ်းနှစ်ခုရှိနေပြီး အဆိုပါစစ်တမ်းများမှာ လူထုအကြား ဝေဖန်မှုများရှိနေသော စစ်တမ်းများလည်း ဖြစ်သည်။ယင်းတို့မှာ မြန်မာနိုင်ငံနှင့်ပတ်သက်သော ဝိဝါဒကွဲပြားစရာ၊ ဝေဖန်စရာ စစ်တမ်းအချို့ဖြစ်သည့် IRI (International Republical Institute) နှင့် TAF (The Asia Foundation) တို့က ထုတ်ပြန်ခဲ့သည့် စစ်တမ်းများဖြစ်သည်။ TAF စစ်တမ်းတွင် ၂ဝ၁၅ ရွေးကောက်ပွဲအပေါ် အကောင်းမြင်မှုအပါအဝင် မြန်မာနိုင်ငံ၏အနာဂတ် ကောင်းမွန်နိုင်မည်ဟု ရာခိုင်နှုန်း ၇ဝ ကျော်က ဖြေဆိုခဲ့ကြောင်းအပါအဝင် မြန်မာနိုင်ငံအနေဖြင့် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေကြောင်း စသည့်အချက်များ ပါဝင်သည်။ အလားတူ IRI စစ်တမ်းတွင်လည်း ၈၅ ရာခိုင်နှုန်းက စီးပွားရေးကောင်းလာကြောင်းနှင့် ဖြေဆိုသူထက်ဝက်ခန့်က အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုမရှိကြောင်း ဖြေဆိုသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံရေးစနစ်တစ်ခု စတင်ခဲ့သည်ဟု လူထုက ယုံကြည်မျှော်လင့်ခဲ့မှုများသည် ၂ဝ၁၃ အကုန်မှစ၍ သံသယများ၊ မယုံကြည်မှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိကာလအထိဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်နှင့် နေ့စဉ်နှင့်အမျှ ပြည်သူလူထု တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲ၊ အကျပ်အတည်းများက မည်သည့်အတွက်ကြောင့်ဆိုသည်ကို အားလုံး အလွယ်တကူအကဲခတ်နိုင်မည် ဖြစ်ပါသည်။၂ဝ၁၄ ခုနှစ်သည် မကြာမီကုန်ဆုံးတော့မည် ဖြစ်သည်။ အလားတူ ၂ဝ၁၁ ခုနှစ်တွင် အစိုးရတာဝန် စတင်ထမ်းဆောင်ခဲ့သည့် လက်ရှိအစိုးရအဖွဲ့၏ သက်တမ်းငါးနှစ်မှာလည်း မကြာမီကုန်ဆုံးတော့မည် ဖြစ်သည်။သို့ပါ၍ အမှန်တကယ်လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများမှတစ်ဆင့် မိမိတို့တွေ့ကြုံခဲ့ရသည့် ငါးနှစ်တာကာလအခြေအနေများကို  သုံးသပ်ဆင်ခြင်၍ နောက်ထပ်အစိုးရသက်တမ်းသစ်အတွက် မိမိတို့နှင့် ထိုက်တန်သူများကို အစိုးရအဖွဲ့တာဝန်ရှိသူများအဖြစ် မှန်မှန်ကန်ကန် ရွေးချယ်ခွင့်ရရန် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent