၂၀၁၅ ခုနှစ် မြန်မာ့နိုင်ငံရေးသည် တိမ်မယောင်နှင့်နက် လွယ်မယောင်နှင့်ခက်ဦးမည့် ပုံဝင်နေသည်။ နိုင်ငံရေးပြဿနာများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများသည် အပြိုင်အဆိုင်ရှုပ်ထွေး၊ လိမ်ကောက်၊ ကွေ့ပတ်နေသည့် အခင်းအကျင်းကြီးအောက်တွင် နိုင်ငံရေး စိန်ခေါ်သံများက ကျယ်လောင်အားကောင်း နေသော်လည်း နိုင်ငံရေး မျှော်လင့်ချက်များက ပါးလွှာနေဆဲ ဖြစ်သည်။ အစိုးရများနှင့် လွှတ်တော်များကို နိုင်ငံရေး ဇာတ်စီးနေသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အမြော်အမြင်ကြီးကြီး၊ ပြည်သူလူထုကို မျက်နှာမူလျက် စိန်ခေါ်သံများကို မျှော်လင့်ချက်များအဖြစ် မျှော်လင့်ချက်များကို လက်တွေ့ဘဝများအဖြစ် ပြောင်းလဲပုံဖော်နိုင်ရေး မဖြစ်မနေ မျက်မှောက်ပြုရမည်ဖြစ်သည်။မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ ၂၀၁၅ ခုနှစ် အလွန်နေ့ရက်များတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးတို့သည် အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် တိုက်ရိုက်ဆက်စပ်နေမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်များ အားလုံးသည် မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိကြီး အငြိမ်းစားများ ဖြစ်ခြင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ အစိုးရအဖွဲ့ဝင်ဟောင်းများ ဖြစ်ခြင်း၊ မြန်မာ့တပ်မတော်နှင့် အလွန်နီးစပ်သည့်အပြင် မြန်မာ့တပ်မတော်အပေါ် သြဇာကြီးမားနိုင်ခြင်း စသည့်အချက်များကို အခြေပြုလျက် ကောက်ချက်ပြုမည်ဆိုလျှင် သော့ချက်ပုဂ္ဂိုလ်များ၏ နိုင်ငံရေးဆွေးနွေးပွဲများ နှောင့်နှေးနေခြင်း၊ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး ပိုမိုအားကောင်းရေးကို ဦးတည်သည့် ပွင့်လင်းမြင်သာ၊ သူနိုင်ကိုယ်နိုင် ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းပေါ် ခြေမချနိုင်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး အစီအမံများ အံဝင်ခွင်ကျ မဖြစ်ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဟန်ချက်ပျက်နေခြင်းတို့သည် အာဏာရပြည်ခိုင်ဖြိုးပါတီ အပေါ်တွင် လုံးလုံးလျားလျား တာဝန်ရှိနေသည်ဟု သုံးသပ်နိုင်သည်။မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ရွေးကောက်ပွဲများသည် ပဓာနကျသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများနှင့်အတူ ဖွဲ့စည်းဖြစ်ပေါ်လာမည့် လွှတ်တော်များနှင့် အစိုးရများသည် မြန်မာ့ဒီမိုကရေစီရေး ရှေ့ခရီးလားရာကို ညွှန်ပြနေမည်ဖြစ်သည်။ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများသည် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကိုသာ ရွေးကောက်တင်မြှောက်နိုင်ခြင်းသည် သိသာမြင်သာသော အားနည်းချက်ဖြစ်သည်။ မတ်ခွက်ထဲတွင် နွားနို့တစ်ဝက် သို့မဟုတ် လေးပုံသုံးပုံရှိခြင်းသည် လုံးလုံးမရှိခြင်းထက် တော်သေး၏ဟု သုံးသပ်သူများ အနေဖြင့် နွားနို့ရှိခြင်းထက် နွားနို့စစ်၊ မစစ်၊ နွားနို့၏ အရည်အသွေးကို ဆန်းစစ်နိုင်ရန် ပိုမိုအရေးကြီးကြောင်း မျက်ခြည်မပြတ်သင့်ပါ။ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ လွတ်လပ်၍ တရားမျှတမှုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်များ၏ ကြားနေမှု၊ ဘက်မလိုက်မှု၊ အရောင်အသွေးကင်းစင်မှု၊ ကာလသုံးပါး သြဇာကင်းစင်မှုတို့နှင့် ဆက်စပ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်တွင် အငြိမ်းစားတပ်မတော် အရာရှိများကို ခန့်အပ်တာဝန်ပေးခြင်းသည် ကြောင်းကျိုးဆီလျော်မှု ကင်းလွတ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်ကို အရပ်သားများ၊ သမာသမတ်ကျသူများ၊ အများလေးစား ရိုသေသူများ ပါဝင်စေလျက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းနိုင်မည်ဆိုလျှင် လာမည့်ရွေးကောက်ပွဲများ၏ လွတ်လပ်၍ တရားမျှတနိုင်ခြေသည် မြင့်တက်လာနိုင်မည်ဖြစ်သည်။ တပ်မတော် အငြိမ်းစားအရာရှိကြီးများ ခေါင်းဆောင်သည့်ပါတီက အာဏာရပါတီ ဖြစ်နေပြီး လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ပါတီ ဖြစ်နေသည့် အခင်းအကျင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဆင့်ဆင့်နှင့် ကော်မရှင်ရုံးများတွင် တပ်မတော်အငြိမ်းစား အရာရှိများအား တာဝန်ပေး ခန့်ထားခြင်းသည် တစိုးတစိမျှ ကြောင်းကျိုးဆီလျော်မှု မရှိသော လုပ်ရပ်အဖြစ် ပြတ်ပြတ်သားသား တံဆိပ်ခတ်နှိပ်ရမည် ဖြစ်သည်။၂၀၁၅ ခုနှစ် နိုင်ငံရေး အခင်းအကျင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းနိုင်ရေးသည် ရွေးကောက်ပွဲများ၏ လွတ်လပ်၍ တရားမျှတနိုင်ခြေနှင့် ဆက်စပ်သော ဗျူဟာမြောက် စိန်ခေါ်မှုကြီးပင် ဖြစ်သည်။ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ပြင်ဆင်ဖွဲ့စည်းနိုင်ရေးသည် ၂၀၁၅ ခုနှစ်တွင် စောင့်ကြည့်ရမည့် နိုင်ငံရေးသဲလွန်စတစ်ခု ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထပ်တလဲလဲ မိုးမွှန်အောင်ပြောနေသော အစိုးရခေါင်းဆောင်များနှင့် လွှတ်တော်ခေါင်းဆောင်များ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကိစ္စကို မည်သို့မည်ပုံ ချဉ်းကပ်ဆောင်ရွက်မည်မှာ စိတ်ဝင်စားဖွယ် စိတ်လှုပ်ရှားဖွယ်ဖြစ်သည်ဟု မှတ်ချက်ပြုလိုပါသည်။အာဏာရပါတီ ခေါင်းဆောင်ဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဆောင်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ဇာတ်စီးကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်နိုင်စရာအကြောင်း တစိုးတစိမျှ မရှိနိုင်ဟု သုံးသပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကော်မရှင်အဆင့်ဆင့်နှင့် ကော်မရှင်ရုံး အဖွဲ့များတွင် အငြိမ်းစားတပ်မတော် အရာရှိများအစား ဘက်မလိုက်သော၊ ကြားနေသော၊ အရောင်အသွေးကင်းသော၊ အများလေးစားသော အရပ်သားများနှင့် အစားထိုး ဖွဲ့စည်းနိုင်ရေး တိုက်တွန်းဆော်သြရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ကြားနေမှု၊ သမာသမတ်ကျမှု၊ ဘက်မလိုက်မှု၊ အများကြည်ညို လေးစားမှုတို့အပေါ် အခြေခံလျက်၊ စရွေးကိုက် အသစ်ပြန်လည် ဖွဲ့စည်းနိုင်ရေး အစိုးရများနှင့် လွှတ်တော်များထံ ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းတောင်းဆို ကြရဦးမည်ဖြစ်သည်။၂၀၁၅ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ရွှေ့ဆိုင်းနိုင်ခြေရှိသည်ဟု သုံးသပ်မှုများကိုလည်း မျက်ကွယ်ပြု၍ မဖြစ်နိုင်ပေ။ လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများကို နှစ်ကုန်ပိုင်း၌ ကျင်းပပေးမည်ဟု ကတိကဝတ်ပြု၊ လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ၌ ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကျင်းပတော့မည် မဟုတ်ကြောင်း လွယ်လင့်တကူ အတည်ပြုပြောကြားခဲ့ခြင်းကို ထောက်ရှုလျှင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေသည် စိုးရိမ်ရေမှတ် အထက်တွင် ရှိနေသည်ဟု ယေဘုယျ ကောက်ချက်ပြုနိုင်သည်။ လွှတ်တော်ထဲတွင် ကတိကဝတ်ပြုခဲ့သော ကြားဖြတ်ရွေးကောက်ပွဲကို ကြက်ကလေးငှက်ကလေးသဖွယ် ဖျက်သိမ်းနိုင်ခဲ့သည်ဆိုလျှင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းသည်လည်း ထမင်းစား၊ ရေသောက် သက်သက်မျှသာ ဖြစ်နိုင်သည်။တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မဲဆန္ဒနယ်မြေ အသီးသီး၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပနိုင်ခဲ့မည်ဆိုလျှင် ရွေးကောက်ပွဲရလဒ်သည် တိုင်းရင်းသားပြည်သူလူထု အများစု၏ ဆန္ဒသဘောထားကို ထင်ဟပ်နိုင်ခြေရှိသည်။ ပြည်သူလူထု အများစု၏ ဆန္ဒနှင့် အမြီးအမောက် မတည့်သော ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ကိုယ်စားမပြုနိုင်ပေ။ အကယ်၍ ပြည်သူအများစု ဆန္ဒနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သော ရွေးကောက်ပွဲရလဒ်သာ ထွက်ပေါ်လာမည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ဇာတ်နာစေမည်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ရွေးကောက်ပွဲများသည် ပဓာနကျသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများနှင့်အတူ ဖွဲ့စည်းဖြစ်ပေါ်လာမည့် လွှတ်တော်များနှင့် အစိုးရများသည် မြန်မာ့ဒီမိုကရေစီရေး ရှေ့ခရီးလားရာကို ညွှန်ပြနေမည်ဖြစ်သည်။ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများသည် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကိုသာ ရွေးကောက်တင်မြှောက်နိုင်ခြင်းသည် သိသာမြင်သာသော အားနည်းချက်ဖြစ် . . . . .
အစိုးရများ၊ လွှတ်တော်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာ့တပ်မတော်တို့သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးမည်ဟု လည်းကောင်း၊ ရွေးကောက်ပွဲအလွန် ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူလူထု အများစုက ဆန္ဒမဲပေးရွေးချယ်သည့် အနိုင်ရပါတီကို အာဏာလွှဲပြောင်းနိုင်ရေးကို မလွဲမသွေ ဖော်ဆောင်မည်ဟု လည်းကောင်း၊ လူသိရှင်ကြား၊ လွှတ်တော်၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တိုင်းရင်းသား မြန်မာပြည်သူ လူထုရှေ့မှောက်၊ ကတိကဝတ်ပြုနိုင်ရန် အရေးကြီးသည်။ ရွေးကောက်ပွဲအပြီး ကာလတွင် ကတိကဝတ်ကို မပျက်မကွက် လိုက်နာနိုင်ရေးကို အလေးအနက် ရှေးရှုနိုင်ရန် လိုအပ်မည်ဖြစ်သည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၅ ခုနှစ်၊ နှစ်ဦးပိုင်း ဗျူဟာမြောက် စိန်ခေါ်မှုကြီး ဖြစ်လာနိုင်ခြေ မြင့်မားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် တိုင်းရင်းသား ပြည်သူလူထု အများစု၏ ဆန္ဒသဘောထားကို ကိုယ်စားပြုနိုင်ရန် ပဓာနကျသည်။ လွှတ်တော်တွင်း ဆွေးနွေးမှုများကို ဆန်းစစ်လျှင် ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉ အပါအဝင် အဓိကပုဒ်မများ ပြင်ဆင်နိုင်ရေးသည် ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု သုံးသပ်နိုင်သည်။ ပုဒ်မ ၄၃၆ ကို မပြင်ဆင်နိုင်သရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရများ၊ လွှတ်တော်များ ဖွဲ့စည်းရေးတို့တွင် ပြည်သူလူထု၏ဆန္ဒ လွှမ်းမိုးနိုင်ခြေသည် နည်းပါးမည်ဖြစ်သည်။သို့ဖြစ်၍ ၂၀၁၅ ခုနှစ်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပလျက် ပြည်သူလူထုထောက်ခံမှု အစစ်အမှန်ကို ပြန်လည်စစ်တမ်း ရယူနိုင်မည့် ခြေလှမ်းကို စတင်သင့်သည်။ စစ်အစိုးရခေတ်၊ လွတ်လပ်မှုများ ရေတိမ်နစ်နေသောခေတ်၊ အမည်းရောင်များ လွှမ်းမိုးခဲ့သော ခေတ်၊ လွတ်လပ်ခွင့်များ ဆိတ်သုဉ်းခဲ့သော ခေတ်တွင် အတည်ပြုခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံမှု ရရှိခဲ့ခြင်းသည် ယုံတမ်းစကားပင် ဖြစ်သည်ဟု သံသယရှိသူများ ထုနှင့်ထည်နှင့် ရှိနေသည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ ကျင်းပပြီး လုထုထောက်ခံမှု ပြန်လည်ဆန်းစစ်ခြင်းအား ၂၀၁၅ ခုနှစ်အတွင်း ဖော်ဆောင်နိုင်ရေး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ တိုက်တွန်းဆော်သြ ကြရမည်ဖြစ်သည်။လာမည့် ၂၀၁၅ ခုနှစ်၏ နေ့ရက်များတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြန်မာ့တပ်မတော် အလိုကျ၊ တိုင်းရင်းသားပြည်သူလူထု အများစု၏ ဆန္ဒကျဲကျဲဖြင့် ပြင်ဆင်ခဲ့မည်ဆိုလျှင် ၂၀၁၅ ခုနှစ်သည် မြန်မာ့ဒီမိုကရေစီ ခယောင်းလမ်းကို စတင်ခြေချနင်းမိသည့် နှစ်တစ်နှစ် ဖြစ်လာနိုင်ဖွယ် ရှိနေသည်ကို သတိကြီးကြီး ထားသင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ပြည်သူလူထု အများစု၏ ဆန္ဒကို ကျောခိုင်းမှု ကဲနေသရွေ့ ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည်လည်း မီးကျိုးမောင်းပျက် ဖြစ်နေဦးမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံရေး အပေးအယူ၊ အလျော့အတင်းများနှင့် ဆက်စပ်နေသည့်အလျောက် သူ့ချည်းသက်သက် ဖော်ဆောင်ခြင်းထက် သော့ချက်ပုဂ္ဂိုလ်များအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများနှင့် ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ သော့ချက်ပုဂ္ဂိုလ်များအကြား နိုင်ငံရေး သဘောတူညီချက်များကို အခြေပြုလျက် ပိုမိုကျယ်ပြန့်သော၊ အားလုံးပါဝင် ကိုယ်စားပြုနိုင်သော တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မည့် နိုင်ငံရေးသဘောတူညီချက်များ ရရှိသည်အထိ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို မြဲမြဲမြံမြံ ကိုင်စွဲထားရန် လိုအပ်မည်ဖြစ်သည်။လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အားနည်းမည်ဆိုလျှင် သော့ချက်ပုဂ္ဂိုလ်များအကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ အထမမြောက်နိုင်လျှင် နိုင်ငံရေးအပြောင်းအလဲသည် အိတ်ပေါက်နှင့် ဖားကောက်နေရဆဲသာ ဖြစ်လိမ့်မည်ဟု သုံးသပ်နိုင်သည်။ တိုင်းရင်းသား ပြည်သူလူထု အများစု၏ ဆန္ဒသဘောထားကို လွှမ်းခြုံနိုင်သော နိုင်ငံရေး သဘောတူညီချက်များသည်လည်း အလှမ်းဝေးနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် နေ့ရက်များတွင် ပြည်သူလူထုကို မျက်နှာမူလျက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သော့ချက်ပုဂ္ဂိုလ်များအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနှင့် နိုင်ငံရေး သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးတို့ကို သတိမလစ်၊ မျက်ခြည်မပြတ်ရန် လိုအပ်မည်ဖြစ်သည်။ပြည်တွင်းငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသည်လည်း ၂၀၁၅ ခုနှစ်၏ ထိပ်တန်းစိန်ခေါ်မှုများပင် ဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် မရေရာ မသေချာမှုများနှင့်အတူ ၂၀၁၅ ခုနှစ်၊ နေ့ရက်များဆီ ကူးပြောင်းတော့မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် ထပ်မံအချိန်ယူ ပြင်ဆင်ရဦးမည် ဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်ရေးသည် အားနည်းချည့်နဲ့နေဆဲ ဖြစ်သည့်အလျောက် လာမည့်မြန်မာ့နှစ်သစ်ကူးကာလ မတိုင်မီ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေးမှာလည်း ပဲ့နင်းဦးထောင်၊ ဦးနင်းပဲ့ထောင် ဖြစ်နေဦးမည်ဟု သုံးသပ်နိုင်သည်။အကယ်၍ ပြည်ထောင်စုအစိုးရ အဖွဲ့သည် ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးကို တရားဝင်ထုတ်ပြန် ကြေညာမည်ဆိုလျှင် အကယ်၍ ပြည်ထောင်စုအစိုးရအဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ် သတ်မှတ်ကြေညာထားခြင်းအား တရားဝင်ဆိုင်းငံ့ သို့မဟုတ် ရုတ်သိမ်းနိုင်မည်ဆိုလျှင်၊ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့များ အကျူံးဝင်သည့် နိုင်ငံရေး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်နိုင်မည်ဆိုလျှင် အကယ်၍ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ အားလုံးကို တစ်စုတစ်ဝေးတည်း တွေ့ဆုံလျက် ဆွေးနွေးအဖြေရှာနိုင်မည်ဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေးသည် ၂၀၁၅ ခုနှစ်တွင် ခေါင်းကြီးသတင်းများ၊ ထိပ်တန်းသတင်းများ ဖြစ်လာနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။ သို့မဟုတ်ပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးသည် ၂၀၁၅ ခုနှစ် နေ့ရက်များအတွင်း မျက်စိဖွင့်ရင်း အိပ်ပျော်နေဦးမည်သာ ဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေးစိန်ခေါ်သံများသည် ကျယ်လောင်သထက် ကျယ်လောင်လာမည်ဆိုလျှင် နိုင်ငံရေး မျှော်လင့်ချက်များသည် မြင့်မားသထက် မြင့်မားလာမည်ဆိုလျှင် သူနိုင်ကိုယ်နိုင် နိုင်ငံရေးသဘောတူညီချက်များ ရရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စသည့် နိုင်ငံရေးစိန်ခေါ်သံများကို မျှော်လင့်ချက်များအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲပစ်နိုင်မည့် သော့ချက်ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးရေး၊ ပင်လုံညီလာခံကဲ့သို့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးတို့ကို ဗျူဟာမြောက် ဆုပ်ကိုင်ထားသင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းလိုက်ရပါသည်။