ဘယ်နှပွင့်ဆိုင်ဆိုင် ပန်းတိုင်ရောက်ဖို့ အရေးကြီးတယ်

ဘယ်နှပွင့်ဆိုင်ဆိုင် ပန်းတိုင်ရောက်ဖို့ အရေးကြီးတယ်
Published 29 December 2014
မောင်တင်ဦး (မြောင်းမြ)

Dialogueမြန်မာ့နိုင်ငံရေး ပြဿနာကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။  နိုင်ငံရေးသဘောထားကွဲလွဲမှုကို အေးချမ်းစွာ မဖြေရှင်းနိုင်ခဲ့လို့ မြေပေါ်မှာ နိုင်ငံရေးအတူ လုပ်ဖော်ကိုင်ဖက်တွေ မြေအောက်ရောက်ပြီး UG တွေဖြစ်ကုန်ကြပါတယ်။ ပြည်တွင်းစစ်မီးတွေ တောက်လောင်ခဲ့ပါတယ်။ ယနေ့အထိ စစ်မီးလျှံဟာ ဟုန်းကနဲ ထတောက်လိုက်၊ ခေတ္တမီးညွန့်ကျိုးသွားလိုက်၊ အတွင်းလှိုက်လောင်ရာမှ မီးခိုတွေ အူတက်လိုက်၊ နောက်ဆုံး ထပေါက်ကွဲမှာ စိုးရိမ်ရတဲ့အထိ ဖြစ်လာပါတယ်။ စစ်ပြေးဒုက္ခသည်တွေတိုးနေတာဟာ လက်တွေ့သက်သေပါပဲ။ ဒီလိုအခြေအနေမှာ တိုင်းရင်းသားများ၊ တပ်မတော်နဲ့ ပြည်သူတို့ မပူးပေါင်းလို့ မရတော့ပါဘူး။ ပူးပေါင်းရာမှာလည်း ပူးပေါင်းကြမယ့် နည်းလမ်းကို ရှာဖွေဖို့ ဦးစွာပထမ တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့ အဆင့်မြင့်ယဉ်ကျေးသူ လူသားများရဲ့ ကျင့်စဉ်ကို သုံးရပါမယ်။ ဒါဟာ နိုင်ငံရေးရဲ့ထွက်ပေါက်ဖြစ်သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာဆက်လက် ဖွံ့ဖြိုးတိုးတက်ရှင်သန်ရေး ဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးအမြင်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးဖို့ (Dialogue) နည်းလမ်းကို အစဉ်တစိုက် တိုက်တွန်းလာတာ ကြာလှပါပြီ။ ဒါပေမဲ့ ဒီလိုတွေ့ဆုံဆွေးနွေးဖို့က သူ့မှာ တာဝန်ရှိနိုးနိုး၊ ကိုယ့်မှာတာဝန်ရှိနိုးနိုးဆိုကာ တာဝန်ရှောင်နေတာကြောင့် အကောင်အထည် မပေါ်ခဲ့ပါဘူး။ ဒါကြောင့် တာဝန်အရှိဆုံးပုဂ္ဂိုလ် သုံးဦးကို အတိအလင်းထုတ်ဖော်ပြလိုက်ပြီး သူမအပါအဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ရာမှစကာ လေးပွင့်ဆိုင်ဆိုသော အသုံးအနှုန်းဟာ တွင်ကျယ်လာခဲ့ပါတယ်။လေးပွင့်ဆိုင်၂ဝ၁ဝ ပြည့်နှစ်က အစပြုလာတဲ့သမ္မတ ဦးသိန်းစိန်အစိုးရဟာ Clean Government, Good Government  ဖြစ်ရမယ်ဆိုတဲ့ အဖွင့်မိန့်ခွန်းနဲ့ နိုင်ငံရေးကန့်လန့်ကာ ဖွင့်ခဲ့ပါတယ်။ အစကောင်းမှ အနှောင်း သေချာဆိုတဲ့ ဆိုရိုးစကားအတိုင်း အစကောင်းခဲ့လို့ ပြည်သူတွေက မယုံမရဲနဲ့ ဦးသိန်းစိန်အစိုးရကို စောင့်ကြည့်နေခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်ကိုလည်း အဖွင့်မိန့်ခွန်းနဲ့အညီ ဟန်မပျက် ခရီးဆက်နေခဲ့ပါတယ်။ ပြည်သူတွေအပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများကပါ စောင့်ကြည့်လာကြပါတယ်။ ဒါပေမဲ့ ကြာကြာဟန်မဆောင်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးအရ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ အီလယ်လယ်နိုင်ငံရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည် က လှုပ်နိုးလိုက်ပါတယ်။ ဒါက လေးပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်တို့ လေးဦး တွေ့ဆုံဖို့ အတိအလင်း တိုက်တွန်းလိုက်ပါတယ်။ ဒါပေမဲ့ ယနေ့စာရေးနေတဲ့အချိန်အထိ လေးပွင့်ဆိုင်တွေ့ဆုံရေးဆိုတာ အရိပ်အယောင်တောင်မှ မတွေ့ရသေးပါဘူး။၁၄ ဦးတွေ့ဆုံပွဲဒီလိုလေးပွင့်မဆိုင်နိုင်သေးဘဲ ရုတ်တရက် အမှတ်မထင်တဲ့တွေ့ဆုံပွဲလေး ပေါ်ပေါက်လာပါတယ်။ တိုက်ဆိုင်မှုတွေက တပုံတပင်းပါ။ တိုက်ပဲ တိုက်ဆိုင်လွန်းတယ်လို့ ဆိုရမှာက အမေရိကန်သမ္မတ အိုဘားမားလာခါနီး၊ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပခါနီး၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ပြည်သူတွေ ဆန္ဒထုတ်ဖော်လာချိန်၊ ပြည်တွင်းငြိမ်းချမ်းရေးပြန်လည်စတင်ခါနီး တိုက်တိုက်ဆိုင်ဆိုင် ၁၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ရုတ်ခြည်းတွေ့ဆုံကြပါတယ်။ သမ္မတ ဦးသိန်းစိန်၊သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးခင်မောင်ဆွေ စတဲ့ပုဂ္ဂိုလ် ၁၄ ဦး တက်ရောက်တွေ့ဆုံခဲ့ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးကို ၁ဝ မိနစ်စီ စကားပြောခွင့်ရခဲ့တယ်လို့ သိရပါတယ်။ တစ်ဦးချင်းစီ ဘာတွေပြောတယ်ဆိုတာ အတိအကျမသိရပါဘူး။ သတင်းထုတ်ပြန်ချက်မှရတဲ့ သတင်းအချက်အလက်နဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ မီဒီယာကို ပြန်ပြောပြချက်အချို့ကို ပဲ ပြည်သူတွေမှာ သိခွင့်ရကြတာဖြစ်ပါတယ်။ သိခွင့်ရသရွေ့ ပြည်သူတွေ သိလိုက်ရတာက ပြည်သူတွေလိုချင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း၊ ဆင်းရဲမွဲတေမှုအကြောင်း၊ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူများအကြောင်း စတဲ့ပြည်သူ့အကြောင်း ဘာမှ မယ်မယ်ရရ မပါတာကိုပဲ ကြားသိလိုက်ရပါတယ်။ ပြည်သူ ၅၁ သန်း ရောက်ချင်တဲ့ ပန်းတိုင်ကရေးရေးမှ ပေါ်မလာဘဲ ရွှေပြည်တော် မျှော်တိုင်းဝေးနေရဆဲပါ။ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲပြည်သူတွေရဲ့ လေးပွင့်ဆိုင်၊ ၁၄ ပွင့်ဆိုင်အကြောင်းတွေကို စိတ်ပါဝင်စားမှု အားကောင်းလာနေချိန်မှာ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် မြန်မာနိုင်ငံအနာဂတ်အတွက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရန် အရေးကြီးအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက နိုဝင်ဘာ ၂၅ ရက်က တင်သွင်းခဲ့ပါတယ်။ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ပါတယ်။ ထိုခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့မှ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ပါဝင်ရမှာဖြစ်ပါတယ်။ထိုသို့ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ ဆုံးဖြတ်ထားချက်အပေါ် သမ္မတရဲ့ သဘောထားကို လွှတ်တော်သို့ အကြောင်းမပြန်သေးပါဘူး။၁၂ ပွင့်ဆိုင်တွေ့ဆုံပွဲဒီလိုခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဟာမရေမရာဖြစ်နေချိန်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းမြင့်အောင်က ဒီဇင်ဘာ၉ရက်ကခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲအစား ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပေးရန် အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်အနက် တိုင်းရင်းသားအစုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်တစ်ဦးအစား တိုင်းရင်းသားပင်မမျိုးနွယ်စုကြီး ခုနစ်မျိုးဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ကိုယ်စားလှယ်တစ်ဦးစီ ထည့်သွင်းပြီး စုစုပေါင်း ၁၂ ပွင့်ဆိုင် ထည့်သွင်းပေးစေလိုကြောင်းအဆိုမှာ ဖော်ပြခဲ့ပါတယ်။ဘယ်နှပွင့်ဆိုင်ဆိုင်ခုဆိုတွေ့ဆုံပွဲက ပီပီပြင်ပြင် မလာသေးပါဘူး။ ဒါပေမဲ့ ဟန်ရေးပြင်နေတာက ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုခဲ့တဲ့ကာလမှ ယနေ့အထိ ကာလအတော်ကြာမြင့်ခဲ့ပါ ပြီ။ အခြေခံဥပဒေဖွဲ့စည်းပုံကိစ္စကို နည်းနည်းလေးမှ မဆွေးနွေးနိုင်သေးပါဘူး။အခြေခံဥပဒေအကြောင်း ဆွေးနွေးမယ့်အစား လမ်းလွှဲတွေ၊ အာရုံပြောင်းတွေနဲ့ အချိန်အတော်ကုန်နေပါပြီ။ စင်စစ် လေးပွင့်ပဲဖြစ်ဖြစ်၊ ၁၄ ပွင့်ပဲဖြစ်ဖြစ်၊ ခြောက်ပွင့်ပဲဖြစ်ဖြစ်၊ ၁၂ ပွင့်ပဲဖြစ်ဖြစ် ပန်းပွင့်နဲ့ တင်စားဥပမာပေးရရင် ခရေကုံး၊ စပယ်ကုံးလို အပွင့်လည်းညီညီ ရနံ့လည်းသင်းသင်း အဆင်းလည်း လှလှ၊ ပန်းတိုင်တူကြိုးတစ်ကုံးထဲမှာ သီကုံးစုရုံးကြဖို့ လိုပါတယ်။ အဲဒီပန်းတိုင်က ၂ဝဝ၈ခုနှစ် အခြေခံဥပဒေကို ညီညီညွတ်ညွတ်စုပေါင်း ပြင်ဆင်ရေးဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း စိတ်ဝမ်းမကွဲစတမ်း ချီတက်ရမယ့် ပန်းတိုင်ဖြစ်ရပါမယ်။မတွေ့ချင်လို့၊ မတွေ့နိုင်လို့ အချိန်ဆွဲ၊ အာရုံပြောင်းဆွေးနွေးဖက်များကို သွေးကွဲစေတာမျိုး မလုပ်သင့်တော့ပါဘူး။ စိတ်ရင်း စေတနာမှန်မှန်နဲ့ တိုင်းပြည်ကောင်းစားရေး၊ ပြည်သူအကျိုးဖြစ်ထွန်းရေး၊ နိုင်ငံတကာကို မိမိတို့နိုင်ငံရှိ တိုင်းသူပြည်သားများနဲ့ စစ်သည်များမကျန် ညီညွတ်စည်းလုံးမှုကို ပြသရေး၊ ဒီမိုကရေစီလမ်းကြောင်းကို ကိုယ်ရောစိတ်ပါ လျှောက်လှမ်းလိုသော ခိုင်မာတဲ့စိတ်ဓာတ်ပြသရေးတို့ အတွက် တွေ့ဆုံပွဲတစ်ရပ်မဖြစ်မနေ ဖော်ဆောင်ကြရပါမယ်။လေးပွင့်ပဲဆိုင်ဆိုင်၊ ခြောက်ပွင့်ပဲဆိုင်ဆိုင်၊ ၁၄ ပွင့်ပဲဆိုင်ဆိုင်၊ ၁၂ ပွင့်ပဲ ဆိုင်ဆိုင် ဘယ်နှပွင့်ဆိုင်ဆိုင် အရေးမကြီးလှပါဘူး။ တစ်ပွင့်တည်းနဲ့ ပြီးပြည့်စုံတဲ့ရနံ့၊ အလှ၊ ဂုဏ်ဒြပ်၊အရည်အချင်း၊ပြည်သူကို အမှန်တကယ်ချစ်တဲ့ စိတ်ထားကောင်း စိတ်ထားမြတ်တွေ ပြည့်စုံနေရင်လည်း ပြည်သူက လက်ခံမှာပါ။ အဓိက,က အခြေခံဥပဒေကို အမှန်တကယ်ပြင်ဆင်ရေး၊ ပြင်ဆင်ပေးနိုင်မယ့် ပုဂ္ဂိုလ်များပါဝင်ရေးဖြစ်ဖို့ ပြည်သူတွေက မျှော်လင့်နေတာပါ။မည်ကာမတ္တဟန်ရေးပြ (Form and Shape) ဒါမှမဟုတ် ( For Show)တွေ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ညောင်နှစ်ပင်ညီလာခံလို အချိန်မဆွဲဟန်ရေးပြပြီး ကိုယ့်ဖဲ ကိုယ်ချိုး ကိုယ့်ဘာသာဝေနေတာမျိုး ရပ်သင့်ပါပြီ။ ပြည်သူတွေခမျာ ရေငတ်ပန်းလိုနွမ်းလျနေပါပြီ။ တွေ့ဆုံပွဲ နှောင့်နှေးလေလေ၊ ရေငတ်ပန်း ပြည်သူတွေ ညှိလျော်နွမ်းလျ ပျော့ကျ လေလေဖြစ်နေမှာပါ။ နောက်ဆုံးကြွေမကျအောင် တွေ့ဆုံပွဲရေစင်နဲ့ အချိန်မီ ကယ်တင်ကြရပါမယ်။ ကယ်တင်နိုင်ခွင့် ကြုံကြိုက်နေပါလျက်နဲ့ မသိကျိုးကျွံပြုလိုက်တာဟာ နှမြောစရာ အလွန်ကောင်းလှပါတယ်။ မိမိကိုယ်ကိုယ် အရင်နှမြောပါ။ မိမိပါဝင်ပတ်သက်နေတဲ့သမိုင်းကို နှမြောပါ။ မိမိတိုင်းပြည် အမှန်တကယ်ဆို တိုးတက်နေရမှာ။ ခုနှယ် မတိုးတက်ဘဲဖြစ်နေတာကို နှမြောပါ။ မိမိပြည်သူတွေရဲ့ နိမ့်ကျ တဲ့ဘဝတွေကို နှမြောပါ။နှမြောတတ်ရင် နှမြောစရာတွေ အများကြီးပါ။ဒါကြောင့် ဘယ်နှပွင့်ဆိုင်ဆိုင် အခြေခံဥပဒေပြင်ဆင်ရေးပန်းတိုင် ရောက်ဖို့သာ ပဓာနဖြစ်တာကို အလေးအနက်သတိပြုကြဖို့ တိုက်တွန်းအပ်ပါကြောင်း ...။

Most Read

Most Recent