ရာထူးဂုဏ်၊ အာဏာဂုဏ်များထက် အများလေးစားသည့် ဂုဏ်ကိုသာ ရည်မှန်းကြိုးစားကြရန် ပြည်သူများအား မိခင် ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း (၂၆) နှစ်ပြည့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရာထူးဂုဏ်၊ အာဏာဂုဏ်များထက် အများလေးစားသည့် ဂုဏ်ကိုသာ ရည်မှန်းကြိုးစားကြရန် ပြည်သူများအား မိခင် ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း (၂၆) နှစ်ပြည့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 29 December 2014
ကျော်ဇင်ဝင်း၊ မင်းသူဝင်းထွဋ်

ရာထူးဂုဏ်၊ အာဏာဂုဏ်၊ ပစ္စည်းဥစ္စာဂုဏ် ဆိုသည်မှာ အတိုင်းအတာ တစ်ခုအထိ လူသားများအနေဖြင့် မက်ကြသော်လည်း အမြင့်မားဆုံးနှင့် အတမ်းတရဆုံးဂုဏ်များ မဟုတ်သောကြောင့် အများလေးစားသည့် ဂုဏ်ကိုသာ ပြည်သူများအနေဖြင့် ရည်မှန်းကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ မဟာသီရိသုဓမ္မဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့် အမှတ်တရပွဲအား ဒီဇင်ဘာ ၂၈ ရက်  ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ စကြာသီဟစကြာ နန္ဒဘုရားဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာ၌ ထိုသို့ပြောကြားခြင်း ဖြစ်သည်။မိမိ၏ မိခင်အား မိခင်အနေဖြင့် မဟုတ်ဘဲ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးတစ်ယောက်အဖြစ် သိမြင်ခဲ့ဖူးကြောင်း၊ ထိုသို့ မြင်ခဲ့ရခြင်းမှာ မိခင်ဒေါ်ခင်ကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်းအပေါ် တာဝန်ကျေခဲ့၍သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“မေမေက ပေးဆပ်တဲ့သူ တစ်ယောက်ပါ။ ရယူတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင်တစ်ဦးရဲ့ ဇနီးဆိုတာ ဒီလိုပဲ ပေးဆပ်ခြင်းသာ ဖြစ်ရပါလိမ့်မယ်။ ရယူခြင်းစိတ်နဲ့ဆိုရင် ဒီနိုင်ငံအတွက် ကောင်းနိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။မိခင်ဒေါ်ခင်ကြည်သည် ကျောင်းဆရာမဘဝ၊ သူနာပြုဘဝ၊ ဗိုလ်ချုပ်ကတော်ဘ၀ အသီးသီးတို့တွင် တာဝန်ကျေခဲ့ပြီး ဖခင်၏ လုပ်ငန်းတွင် ပါဝင်နှောင့်ယှက်ခဲ့ခြင်း မရှိဘဲ ကိုယ့်နေရာကိုယ် မည်သို့နေရမည် မည်သို့ပံ့ပိုးရမည်ကို နားလည်ခဲ့ကာ တစ်သက်တာလုံး တာဝန်ကျေပွန်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိခင်အား ချီးမွမ်းပြောကြားသည်။“ဒါကြောင့်မို့ ကျွန်မတို့က မေမေ့ကို ဂုဏ်ပြုတဲ့အခါမှာ ကျွန်မမိခင်တစ်ယောက် အနေနဲ့ မဟုတ်ဘဲနဲ့ တာဝန်ကျေတဲ့ နိုင်ငံသူတစ်ယောက် အနေနဲ့ ဂုဏ်ပြုစေချင်ပါတယ်။ ကျွန်မတို့အားလုံးဟာ မေမေ့နည်းတူ တာဝန်ကျေတဲ့ နိုင်ငံသူ၊ နိုင်ငံသားများလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်လို့လည်း ဖြစ်စေချင်ပါတယ်။ အထိမ်းအမှတ်ပွဲ လုပ်တယ်ဆိုတာဟာ ကျွန်မတို့ပြည်သူတွေကို သတိပေးချင်လို့ပါ။ မှန်မှန်ကန်ကန် အလုပ်တစ်ခုကို လုပ်ခဲ့လို့ရှိရင် ဒီမှန်ကန်ခြင်းကို အသိအမှတ်ပြုကြမှာပဲ။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းက အသိအမှတ်ပြုကြမှာပဲ။ ဒီလို အသိအမှတ်ပြုခြင်း ခံရတဲ့ ဂုဏ်ကို တခြားဘယ်ဂုဏ်နဲ့မှ ယှဉ်လို့မရပါဘူး။ ရာထူးအာဏာ ပစ္စည်းဥစ္စာဂုဏ်နဲ့ ယှဉ်လို့မရပါဘူး။ အများကနေ လေးစားတဲ့ဂုဏ်၊ အများကနေ တန်ဖိုးထားတဲ့ဂုဏ်ဆိုတာ လူတစ်ယောက်အတွက် အမြင့်မားဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူ ပြည်သားများဟာ ဒီလို အမြင့်မားဆုံး ဂုဏ်ကိုသာ ရည်မှန်းစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။အဆိုပါ အခမ်းအနား၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက ပွဲကျင်းပရခြင်းအား ရှင်းလင်းပြောကြားခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးကလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်တို့၏ တိုင်းပြည်အပေါ် စွန့်လွတ်အနစ်နာခံမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့အတူ အဆိုတော်သျှီက ဒေါ်ခင်ကြည်၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်အား ဖတ်ကြားခြင်း၊ သရုပ်ဆောင် နေမင်း၊ ဇာတ်မင်းသမီး တင်ဇာမိုးဝင်းနှင့် အဖွဲ့တို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ ဆေးရုံ၌ စတင်တွေ့ဆုံမှုအား တေးသရုပ်ဖော်တင်ဆက်ခြင်း၊ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent