နောက်သို့ ပြန်လိမ့်နေသည့် မြန်မာနိုင်ငံ

နောက်သို့ ပြန်လိမ့်နေသည့် မြန်မာနိုင်ငံ
Published 29 December 2014
နေထွန်းနိုင်

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်အလွန် လေးနှစ်တာကာလ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ ပြုပြုင်ပြောင်းလဲမှုများ ရှေ့ဆက်မတက်နိုင်ဘဲ ဖြစ်နေသည်ကို  ပြည်တွင်း၊ ပြည်ပတွင် ကျယ်ကျယ်လောင်လောင် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံအတွက် နောက်ပြန်လိမ့်နေသော အခြေအနေ ဖြစ်ခဲ့ပြီး ထိုအခင်းအကျင်းကပင် ၂၀၁၄ ခုနှစ်အတွက် ထင်ရှားသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ကြောင်း Weekly Eleven News ဂျာနယ်က ဖော်ပြလိုက်သည်။၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်သော လမ်းစတစ်ခုဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လမ်းခုလတ်မှာပင် ရပ်တန့်နေခဲ့ခြင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကြွေးကြော်မှုဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် တိုက်တွန်းမှုများ ရှိခဲ့သည့်တိုင် အယောင်ပြနိုင်ငံရေး ထိပ်သီးတွေ့ဆုံ ထမင်းစားဝိုင်းသာ ဖြစ်ခဲ့ခြင်း၊ ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ်နိုင်ရန် ရည်မှန်းခဲ့သော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးမှု ဖြစ်မလာခဲ့ခြင်း၊ မရေရာသော နိုင်ငံရေး အခြေအနေများနှင့် အတူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ခိုင်မာသော ကတိကဝတ်များ မရရှိခြင်းတို့က မြန်မာနိုင်ငံ နောက်ပြန်လိမ့်ခြင်းကို ဖော်ညွှန်းနေခဲ့သည်။တရားဥပဒေ စိုးမိုးမှု လျော့ကျနေဆဲဖြစ်ပြီး မင်းမဲ့စရိုက်ဆန်သော အဖြစ်အပျက်များ၊ ပြစ်မှုပြစ်ဒဏ် မျှတမှု မရှိခြင်းများ အပါအဝင် တရားမျှတမှု ကင်းမဲ့လာသည်ဆိုသော စွပ်စွဲချက်များ ရှိလာသည့် တရားစီရင်ရေး မဏ္ဍိုင်အပေါ် မကျေနပ်မှုများ၊ လွှတ်တော်အစီရင်ခံစာက ထောက်ပြသည့်တိုင် အုပ်ချုပ်ရေးပိုင်းက ပြေလည်အောင် ဖြေရှင်းမပေးနိုင်သေးသည့် လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ၊ ဘာသာရေးအကြောင်းပြ လူမျိုးရေးပဋိပက္ခများ ဆက်ရှိနေခြင်း၊ လယ်သမားများစွာ တရားစွဲဆို ဖမ်းဆီးထောင်ချခံခဲ့ရခြင်းများ၊ ဂျာနယ်လစ်များကို အစိုးရအုပ်ချုပ်ရေးပိုင်းက တရားစွဲဆို၊ ဖမ်းဆီး၊ ထောင်ချခြင်းများ အစရှိသည်တို့ကလည်း ယခင်စစ်အစိုးရလက်ထက် ပုံစံများအတိုင်း ပြန်လည်ဖြစ်ပေါ်နေခဲ့သည်။ ထို့အပြင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများသည် သန်း ၆၀ သော မြန်မာလူထု အားလုံးအတွက် သိသာထင်ရှားသော အကျိုးခံစားခွင့်များ ဖြစ်မလာခဲ့ဘဲ အစိုးရ၏ နိုင်ငံတကာ မျက်နှာပန်းလှရုံသာ ဖော်ဆောင်မှုများ ဖြစ်သည်ဆိုသော ပြည်သူလူထု၏ ခါးသီးချက်များမှာလည်း ၂၀၁၄ ခုနှစ်အတွင်း သိသိသာသာ ပေါ်ပေါက်လာခဲ့သည်။၂၀၁၄ ခုနှစ်အတွင်း ဂျာနယ်လစ်များ ထောင်ချခံရမှု အဆိုးဆုံးနိုင်ငံများပြ ဇယား (Source:CPJ)
အမေရိကန်၊ ဥရောပသမဂ္ဂ (EU) အပါအဝင် အာရှပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက် ခဲ့သော်လည်း ထိုရင်းနှီး မြှုပ်နှံမှုများနှင့် အကျိုးခံစားခွင့်မှာ မြန်မာလူထုနှင့် ဝေးကွာခဲ့သည်။ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး ပြဿနာမှာ ၂၀၁၄ ခုနှစ်အတွင်း ပိုမိုဆိုးရွားခဲ့သည်။ အစိုးရက တရားဝင်ထုတ်ပြန်ခဲ့သော ညွှန်းကိန်းများအရပင် မြန်မာနိုင်ငံ၏ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ ယခင်ဘဏ္ဍာရေးနှစ် နှစ်နှစ်နှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး ကိန်းဂဏန်းသို့ ရောက်ရှိနေခဲ့သည်။ နေရာထိုင်ခင်းအတွက် အိမ်ခြံမြေ ဈေးနှုန်းများကို အစိုးရက တရားဝင် ဖော်ပြထားခြင်း မရှိသော်လည်း တရားဝင် ဖော်ပြခဲ့သည့် အိမ်ငှားရမ်းခ နှုန်းထားများပင်လျှင် ယခင်ဘဏ္ဍာရေးနှစ် နှစ်နှစ်ထက် မြင့်မားလာခဲ့သည်။ ထိုကိန်းဂဏန်းများကလည်း ၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်သူ လူထုများ ပိုမိုဆိုးရွားသော စားဝတ်နေရေး အကျပ်အတည်းအတွင်း ရောက်ရှိနေသည်ကို ဖော်ပြခဲ့သည်။၂၀၁၄ ခုနှစ်အတွင်းမှာပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ရပ်တန့်နေကြောင်း တရားဝင် ပြောကြားခဲ့သည်။ ထို့အတူ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ယခုထက်ပို၍ လုပ်ဆောင်ရန် အစီအစဉ် မရှိကြောင်း နိုင်ငံတကာမှ မြန်မာ့အရေး ကျွမ်းကျင်သူများက ထုတ်ဖော်ဝေဖန်ခဲ့ကြသည်။နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အကြားတွင်လည်း မြန်မာနိုင်ငံ၌ လုပ်ကိုင်ရသည့် အခြေအနေအပေါ် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး အခြေခံ အဆောက်အအုံ အပြည့်အစုံ မရှိခြင်း၊ စီမံခန့်ခွဲမှု အားနည်းချက်များနှင့် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသဖြင့် လုပ်ကိုင်ရန် အခက်အခဲ တွေ့နေကြောင်း ပြောကြားလာကြသည်။Transparency International အဖွဲ့က ဒီဇင်ဘာလ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ ခြစားမှုညွှန်းကိန်းမှာ စုစုပေါင်း ၁၇၄ နိုင်ငံ ရှိသည့်အနက် အဆင့် ၁၅၆ တွင် ရှိနေသည်။ထိုပမာဏသည် ယခင်နှစ် ညွှန်းကိန်းထက် တိုးတက်လာသည် ဆိုသော်လည်း အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံး ရောက်ရှိခဲ့သော အဆင့်ဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှာ အဆင့်တူအနေဖြင့် ခြစားမှုအဆိုးဆုံး နိုင်ငံများစာရင်း ဝင်ခဲ့သည်။Economic Freedom မှ ထုတ်ပြန်ခဲ့သော၂၀၁၄ ခုနှစ်တွင်း မြန်မာနိုင်ငံ၏ အခြေအနေ
ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ၂၀၁၄ ခုနှစ်အတွက် ဖော်ပြခဲ့သော စီးပွားရေးလုပ်ကိုင်ရန် အဆိုးဆုံး နိုင်ငံများ စာရင်း၌လည်း မြန်မာနိုင်ငံ ပါဝင်ခဲ့ပြီး ၁၄၆ နိုင်ငံစာရင်းတွင် အဆင့် ၁၄၃ ၌ ရှိနေခဲ့သည်။ထိုအချိန် မတိုင်မီက ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သော Economic Freedom ညွှန်းကိန်းများအရလည်း မြန်မာနိုင်ငံသည် အဆိုးဆုံးနေရာတွင် ရှိနေပြီး နိုင်ငံ ၁၆၅ နိုင်ငံအနက် အဆင့် ၁၆၂ တွင် ရှိနေခဲ့သည်။ထိုကိန်းဂဏန်းများကို တွက်ချက်ရာ၌ ပစ္စည်းပိုင်ဆိုင်ခွင့်၊ တီထွင်မှု၊ အခွန်၊ နည်းပညာ၊ ခြစားမှု၊ လွတ်လပ်မှုနှင့်အတူ ရင်းနှီးမြှုပ်နှံသူများအပေါ် အကာအကွယ် ပေးနိုင်မှုများကို မူတည်ပြီး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။အချက်တစ်ခု အနေဖြင့် နိုင်ငံတကာ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ၏ ညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွင်း ဂျာနယ်လစ်များကို ဖမ်းဆီးထောင်ချမှု အဆိုးဆုံး ဆယ်နိုင်ငံစာရင်းတွင် ပါဝင်နေခဲ့ပြီး အီဂျစ်နှင့် ဆီးရီးယားတို့အပြီး နံပါတ်(၈)နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent