စာပေလောကအတွက် ကြီးစွာသောဆုံးရှုံးမှု (သို့မဟုတ်) စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်ခြင်း

စာပေလောကအတွက် ကြီးစွာသောဆုံးရှုံးမှု (သို့မဟုတ်) စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်ခြင်း
Published 28 December 2014

အောက်တိုဘာ ၂၅ ရက်တွင် လူငယ်များ လိုက်နာဖွယ်ရာ လမ်းညွှန်စာပေအများအပြားရေးသားခဲ့သော စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်ခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် စာပေဆိုင်ရာ ကြယ်ပွင့်များအနက် စာရေးဆရာကြီး ဦးအောင်သင်းကွယ်လွန်ခြင်းသည်လည်း စာပေလောကအတွက် ဆုံးရှုံးမှုတစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။စာရေးဆရာကြီးဦးအောင်သင်းသည် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်အထိ စာပေရေးသားခြင်းများကို လုပ်ဆောင်ခဲ့သည့် စာရေးဆရာကြီးဖြစ်သည်။ ဆရာကြီးဦးအောင်သင်းသည် ဘုရားလောင်း သိဒ္ဓတ္ထအကြောင်း ရေးသားထားသည့် Light of Asia ကဗျာရှည်ကို ဘာသာပြန်ဆိုနေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်သော ဆရာကြီးဦးအောင် သင်းကို ၁၉၂၇ ခုနှစ် ဧပြီ ၁၇ ရက်တွင် တောင်တွင်းကြီးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၃၈ ခုနှစ် ဆဠမတန်းအရောက်တွင် ကျောင်းသားသပိတ်နှင့် ကြုံတွေ့ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး သရက်ထောင်ဖောက်၍ ထွက်ပြေးခဲ့သည်။ ထိုအတွေ့အကြုံသည် ဆရာကြီး ဦးအောင်သင်း၏ ပထမဆုံးစာပေလက်ရာအဖြစ် ၁၉၅၉ ခုနှစ် မေလ ထုတ် မြဝတီမဂ္ဂဇင်းတွင် “သရက်ထောင်ဖောက်ခဲ့စဉ်က”ဆာင်းပါး ပါဝင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် “ကံ့ကော်မြိုင်စာတမ်းများ”စာစုတွင် စာတမ်းသုံးပုဒ်ရေးသားခဲ့ပြီး နှစ်ပုဒ်မှာ ကျောင်းသုံးအဖြစ် ပြဠာန်းခံခဲ့ရသည်။ ဆရာကြီးဦးအောင်သင်းသည် ကွယ်လွန်ချိန်အထိ စာအုပ်ပေါင်း ၇ဝ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီး မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့၊ ပိဋကတ်မိတ်ဆက်၊ ဂန္ထဝင်မိတ်ဆက် အစရှိသည့်စာအုပ်များနှင့် သဘင်မဂ္ဂဇင်းတွင် ၂၅ လရေးသားခဲ့သည့် အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များသည် ထင်ရှားခဲ့သည်။ ၂ဝ၁၃ ခုနှစ် အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆုကိုလည်း ချီးမြှင့်ခံထားရသူဖြစ်သည်။

Most Read

Most Recent