မြန်မာ့ဇာတ်သဘင်လောကတွင် ၂ဝ၁၄ ခုနှစ်အတွင်း နာမည်ကျော် ဇာတ်သဘင်အနုပညာရှင်များ ပါဝင်သည့် မြန်မာ့ဇာတ်သဘင်၏ ခမ်းနားသည့် ဆက်တင်အပြင်အဆင်များနှင့်အတူ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အနုပညာတင်ဆက်မှုများကို အဓိကထား တင်ဆက်သည့် အနုပညာဖျော်ဖြေပွဲများကျင်းပခဲ့သည်။ သို့အတွက် Weekly Eleven News Journal ၏ ၂ဝ၁၄ ခုနှစ်အတွက် ထင်ရှားကျော်ကြားကဏ္ဍတွင် ယင်းဖျော်ဖြေပွဲများကို ထည့်သွင်းတင်ပြအပ်ပါသည်။အဆိုပါဖျော်ဖြေပွဲများအနက် တစ်ခုမှာမြန်မာ့ဇာတ်သဘင်လောကတွင် ပထမဆုံးအကြိမ်အဖြစ် တင်ဆက်ခဲ့သည့် “ ပါတော်မူ” ဇာတ်တော်ကြီး တင်ဆက်မှုဖြစ်ပါသည်။ “ပါတော်မူ” ဇာတ်တော်ကြီးတင်ဆက်မှုကို ဩဂုတ် ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ “ပါတော်မူ” ဇာတ်တော်ကြီးတစ်ခုတည်းအား နိုင်ငံတကာပြဇာတ်ကဏ္ဍကဲ့သို့ တင်ဆက်မှုကို အနော်မာသုခုမအနုပညာအဖွဲ့က စီစဉ်တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ယင်းဇာတ်တော်ကြီး သီးသန့်တင်ဆက်မှုကို မြန်မာ့ဇာတ်သဘင်တွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဆို၊ ငို၊ ပြော အနုပညာအား ပြန်လည်ဖော်ထုတ်ကာ ဇာတ်သဘင်မျိုးဆက်သစ်များ၏ ဆို၊ ငို၊ ပြော တင်ဆက်မှုအားပြသရန်နှင့် လူငယ်များအား ဇာတ်သဘင်၏ ရိုးရာတင်ဆက်မှုများကို ပြသနိုင်ရန်ရည်ရွယ်ကာ ငွေကြေးအကျိုးအမြတ်ထက် အနုပညာကိုရှေ့တန်းထားက တင်ဆက်ကပြခဲ့ခြင်းဖြစ်ကြောင်း အနော်မာသုခုမ အနုပညာအဖွဲ့သားများက ဆိုသည်။မင်းသားဖိုးချစ်ကလည်း မြန်မာ့ဇာတ်သဘင်လောကတွင် တစ်ချိန်က နာမည်ကျော်ခဲ့သည့် မြို့တော်မောင်ယဉ်အောင်၏ နာမည်ကျော်ပြဇာတ်များကို ဩဂုတ် ၇ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကပြသည့်ပွဲတွင် အဓိကထား တင်ဆက်ခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ ဦးစီးကာ သဘင်ညီလာခံကျင်းပနိုင်ရေး ရန်ပုံငွေဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၉ ရက်နှင့် ၂ဝ ရက်များတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ တင်ဆက်ကပြခဲ့သည်။ ယင်းပွဲတွင် မြန်မာ့ဇာတ်သဘင်၏ အနှစ်သာရစစ်ဖြစ်ကာ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဆို၊ ငို၊ ပြော တင်ဆက်မှု ကောက်နုတ်ချက်အား တင်ဆက်ခြင်း၊ နှစ်ပါးသွားအစီအစဉ်၏ အသိမ်းကို ရိုးရာသမားစဉ်အတိုင်း တင်ဆက်ခြင်းတို့အပြင် ခမ်းနားသည့် ဆက်တင်အပြင်အဆင်များဖြင့် အော်ပရာနှင့်ပြဇာတ်များကိုလည်း တင်ဆက်ခဲ့သည်။၂ဝ၁၄ ခုနှစ်အတွင်း တင်ဆက်ခဲ့သည့် ယင်းဖျော်ဖြေပွဲများသည် မြန်မာ့ဇာတ်သဘင်လောကအတွက် အဖိုးတန်ပြီး တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရိုးရာတင်ဆက်မှုများကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ဇာတ်သဘင်ပရိသတ်များကလည်း အသိအမှတ်ပြုခဲ့ကြသည်။
ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးများ ဖော်ထုတ် ကပြခြင်းနှင့်အတူ ဇာတ်သဘင်စင်မြင့် ကားလိပ်ပြန်ဖွင့်နိုင်ခဲ့သည့် နှစ်