ဂီတပညာရှင်များ၏ အမှတ်ပေးရွေးချယ်မှု၊ ပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် စိတ်ဝင်စားအားပေးမှုများခဲ့သည့် မိုးရာသီ မြန်မာဂီတဆုပေးပွဲ

ဂီတပညာရှင်များ၏ အမှတ်ပေးရွေးချယ်မှု၊ ပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် စိတ်ဝင်စားအားပေးမှုများခဲ့သည့် မိုးရာသီ မြန်မာဂီတဆုပေးပွဲ
Published 28 December 2014
ပြည့်စုံနေဝင်း

ဂီတပညာရှင်များ၏ အမှတ်ပေးရွေးချယ်မှု၊ ပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် ပရိသတ်များ၏ အားပေးမှု၊ ဂီတလောကသားများ၏ စိတ်ဝင်စားမှုအများအပြားရရှိခဲ့သည့် မိုးရာသီမြန်မာဂီတဆုပေးပွဲကို ထင်ရှားသည့်ဖြစ်ရပ်အဖြစ် ရေးသားဖော်ပြအပ်ပါသည်။ မိုးရာသီမြန်မာဂီတဆုပေးပွဲကို တေးရေးရွှေဂျော်ဂျော်ဦးဆောင်သည့် Beautiful Noise အဖွဲ့က စီစဉ်ပြုလုပ်ခြင်းဖြစ်ကာ မိုးရာသီဂီတဆုအဖြစ် ရွေးချယ်ချီးမြှင့်ရန်အတွက် မေ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အတွင်း ထွက်ရှိခဲ့သည့် တေးစီးရီးအယ်လ်ဘမ် ၈ဝ ကျော်အနက်မှ ဂီတပညာရှင် ၄ဝ ကျော် က ဒိုင်အဖြစ် အမှတ်ပေး အကဲဖြတ်ရွေးချယ်ခြင်းဖြစ်သည်။ ပရိသတ်မဲပေးရွေးချယ်မှုကိုလည်း အဆိုပါ အယ်လ်ဘမ် ၈ဝ ကျော်မှ မဲပေးရွေးချယ်ခဲ့ခြင်း ဖြစ်သည်။မိုးရာသီဂီတဆုပေးပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်တွင်ပြုလုပ်ခဲ့ကာ စုစုပေါင်း ၁၄ ဆု ပေးအပ်ခဲ့သည်။ ဆုပေးပွဲတွင် ဂီတပညာရှင်များ မဲပေးရွေးချယ်သည့် ဆုများတွင်မိုးရာသီအကောင်းဆုံး Pop သီချင်းဆုကို နီနီခင်ဇော်၏ မျှော်လင့်ချက်တစ်စုံတစ်ရာ၊ မိုးရာသီအကောင်းဆုံးRock သီချင်းဆုကို ဝေလ၏ မိတ်ကပ်မကြိုက်သော သီချင်းများ၊ မိုးရာသီအကောင်းဆုံး Rap သီချင်းဆုကို လွှမ်းပိုင်၏ ကိုကို သီချင်းများက ရရှိခဲ့သည်။ ထို့ပြင် ပွဲတက်ရောက်လာသည့် ဂီတပညာရှင်များနှင့် ဂီတလောကသားများက အကောင်းဆုံးတေးသီချင်းဆုအဖြစ် နီနီခင်ဇော်၏ မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းကို ရွေးချယ်ခဲ့ကြသည်။ ဒိုင်များရွေးချယ်သည့် အထူးဆုများအဖြစ် အောင်ရင်၏“အိမ်အလွမ်းသီချင်း”၊  Big Bag ၏ “သည်းခံ”၊ အဆိုတော်ဆုအဖြစ် ဝေလနှင့် မိစန္ဒီ၊ တိုးတက်မှုအရှိဆုံး ဂီတတီးဝိုင်းအဖြစ် SARAH Band တို့က ရရှိခဲ့သည်။“မိုးရာသီဂီတဆုပေးပွဲအတွက်ကိုတော့ အားရကျေနပ်မှုရှိခဲ့ပါတယ်။ အဆိုတော်တွေ၊ ဂီတလောကသားတွေဘက်ကလည်း အပြုသဘောဆောင်တဲ့ ဝေဖန်အားပေးမှုတွေ ရရှိခဲ့ပါတယ်။ တကယ့် ဂီတလောကသားတွေအတွက် စီစဉ်တဲ့ပွဲစစ်စစ်ဖြစ်ခဲ့တဲ့အတွက် မိုးရာသီဂီတဆုပေးပွဲ ဖြစ်မြောက်အောင်စီစဉ်ခဲ့ရကြိုးနပ်ပါတယ်။ နောက်ပြီး ဂီတပညာရှင်တွေရဲ့တိုက်ရိုက် အမှတ်ပေးအကဲဖြတ်ထားတဲ့ဆု၊ ပရိသတ်က တိုက်ရိုက်မဲပေးထားတဲ့ဆုဖြစ်တဲ့အတွက် ဂီတလောကသားတွေအနေနဲ့လည်း တန်ဖိုးရှိတဲ့ ဆုဖြစ်ပါတယ်”ဟု တေးရေးရွှေဂျော်ဂျော်က ဆိုသည်။   

Most Read

Most Recent