ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်တင်းကျပ်တော့မည်ဟု ထုတ်ပြန်ခဲ့သည့် ဆင်ဆာအဖွဲ့နှင့် လွတ်လပ်သည့်ဖန်တီးခွင့်အတွက် ကတိပေးတောင်းဆိုခဲ့ကြသည့် ရုပ်ရှင်လောကသားများအကြားမှ ထိပ်တိုက်တွေ့ဆုံမှုများကို ၂ဝ၁၄ ခုနှစ်အတွင်း ထင်ရှားသည့်ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။ ဆင်ဆာမူဝါဒများကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာမှ စတင်ကာ လေးချက်လျှော့ချခဲ့ပြီးနောက် လွတ်လပ်သည့်ဖန်တီးမှုများကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ၂ဝ၁၄ ခုနှစ်အတွင်း ဆင်ဆာမူဝါဒများအား ဇာတ်ကားအရည်အသွေး မြင့်မားရန်အတွက် ပြန်လည်တင်းကျပ်စွာ စိစစ်တော့မည်ဟု ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် ရုပ်ရှင်လောကသားများကလည်း လွတ်လပ်သည့် ဖန်တီးခွင့်အတွက် ပြန်လည်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ဆင်ဆာမူဝါဒများအပေါ် ဖြစ်ပွားနေသည့်အငြင်းပွားမှုများနှင့် ပတ်သက်၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် ဆင်ဆာထောက်ညွှန်ခဲ့သည့် ဇာတ်ကားအချို့၏ ဇာတ်ဝင်ခန်းအချို့အား ထုတ်နုတ်ပြသခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် ယဉ်ကျေးမှုနှင့် မသင့်လျော်သည့် ပြကွက်များ၊ လိင်အသားပေးပြကွက်များ၊ ရက်စက်ကြမ်းကြုတ်မှုကို အသားပေးပြကွက်များ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းကို ထိခိုက်စေနိုင်သည့်ပြကွက်များ၊ ဘာသာရေးကို ထိခိုက်စေသည့် ပြကွက်များ ပါဝင်နေခြင်းကြောင့် ယင်းသို့ပြကွက်များအပေါ်တွင် ထောက်ညွှန်ခဲ့ခြင်းဖြစ်ကြောင်း တင်ပြခဲ့သည်။ယင်းတင်ပြချက်အပေါ် ရုပ်ရှင်လောကသားများကိုယ်စား သရုပ်ဆောင် အကယ်ဒမီဇင်ဝိုင်းက “ဆင်ဆာပြန်လည်စိစစ်မယ်ဆိုတဲ့အခါမှာ မောင်နဲ့ နှမ၊ သားနဲ့အမိ ကြည့်လို့ မတင့်တယ်တာမျိုးတွေကို ဖြတ်တောက်တာကို ကျွန်တော်တို့လက်ခံပါတယ်။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး ထိခိုက်စေတာမျိုးတွေကို ထောက်ညွှန်ဖြတ်တောက်တာ လက်ခံပါတယ်။ ဘာသာတစ်ခုနဲ့ တစ်ခု အမုန်းပွားစေနိုင်တာမျိုးတွေကို ထောက်ညွှန်တာမျိုးတွေ လက်ခံပါတယ်။ ကျန်တဲ့အချက်တွေကို ပြန်လည်စိစစ်မယ်ဆိုတာကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ ရုပ်ရှင်လောကသားတွေအနေနဲ့ လွတ်လပ်စွာဖန်တီးခွင့်ရချင်ပါပြီ။ စတုတ္ထမဏ္ဍိုင်လို့ဆိုရမယ့် မီဒီယာတွေကတောင် အစိုးရတာဝန်ရှိသူတွေ၊ ပြင်ပလောကကအလွဲတွေကို တာဝန်သိစွာ ထောက်ပြနေချိန်မှာ ကျွန်တော်တို့ရုပ်ရှင်လောကသားတွေအနေနဲ့လည်း တာဝန်သိတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်နေပါပြီ။ တာဝန်ကျေပွန်ခွင့်ပေးပါလို့ ပြောချင်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။ယင်းသို့ ဆင်ဆာအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ရုပ်ရှင်လောကသားများ၏ တောင်းဆိုမှုတို့ ဆွေးနွေးခဲ့ကြပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တက်ရောက်သည့် ဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထပ်မံပြုလုပ်ခဲ့သည်။ယင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ယခင်ဖြေလျှော့ခဲ့ပြီးဖြစ်သည့် ဆင်ဆာမူဝါဒများကို ပြန်လည်တင်းကျပ်မည် မဟုတ်ကြောင်း၊ ယခု စိစစ်ထောက်ညွှန်မည်ဆိုရာတွင်လည်း ဖန်တီးသူများကိုယ်တိုင် မိမိတို့ဖန်တီးထားမှုများအပေါ် လာရောက်တွေ့ဆုံဖြေရှင်းခွင့် ရှိမည်ဖြစ်ကြောင်း၊ စိစစ်ထောက်ညွှန်ရာတွင်လည်း ဆင်ဆာအဖွဲ့ဝင်များ၏ လျှို့ဝှက်မဲစနစ်ဖြင့် ထောက်ညွှန်သွားမည်ဖြစ်ကြောင်း၊ ဆင်ဆာမူဝါဒများကိုနောက်ပြန်လှည့်ရန် အစီအစဉ်မရှိကြောင်း ကတိပေးပြောကြားသည်။ဆင်ဆာမူဝါဒများနှင့် ပတ်သက်၍ ဒါရိုက်တာဝိုင်းက “ဆန်အိတ် တစ်အိတ်မှာတော့ ဆန်ကောင်းလည်းပါသလို စပါးလုံးလည်းပါမှာပါပဲ။ စပါးလုံးပါတာနဲ့ပဲ အဲဒီဆန်တစ်အိတ်လုံးကို ပစ်လိုက်မယ်ဆိုတာကတော့ သဘာဝမကျပါဘူး။ ဒီလိုပဲ စပါးလုံးကိုဖယ်ထုတ်ပြီး ရှေ့ဆက်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့လောကသားတွေကို စိတ်ရှည်ပေးပါ။ လွတ်လပ်စွာဖန်တီးခွင့်ပေးပါလို့ ပြောချင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။ဆင်ဆာမူဝါဒများမှာ လက်ရှိတွင် အချက်ခြောက်ချက်အား ကျင့်သုံးနေခြင်းဖြစ်သည်။ ဆင်ဆာမူဝါဒများအား တင်းကျပ်တော့မည်ဟု ထုတ်ပြန်ချက်ထွက်ရှိအပြီး နောက်မကြာမီတွင် ဆင်ဆာတင်ပြခဲ့သည့် “အကြွေးတော်ပုံအောင်ရမည်” ဇာတ်ကားအား ၁၉ ချက်တိတိ ဆင်ဆာထောက်ညွှန်ခဲ့ပြီး ယင်း ၁၉ ချက်မှာလည်း ပြည်သူများကြားတွင် ပျံ့နှံ့ခဲ့ပြီးဖြစ်သည့် စကားစုများ၊ နိုင်ငံတော်၏ တာဝန်ရှိသူများကိုယ်တိုင် ပြောဆိုခဲ့သည့် စကားရပ်များအား ပြန်လည်ထည့်သွင်းပြောဆိုထားခြင်းများကို ထောက်ညွှန်ပြင်ဆင်စေခဲ့ခြင်းဖြစ်ကာ ယင်းဖြစ်ရပ်အပေါ် ရုပ်ရှင်လောကအတွင်း၌လည်း ဝေဖန်မှုများစွာထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ဆင်ဆာ ပြန်လည်တင်းကျပ်ခြင်း၊ လွတ်လပ်စွာ ဖန်တီးခွင့်များအတွက် စိန်ခေါ်မှုများကြားက ရုပ်ရှင်လောကသားများ