အပြန်အလှန်အငြင်းပွားမှုများနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများ၏ နောက်ကွယ်မှ ရှုပ်ထွေးမှုများကို မီးမောင်းထိုးပြခဲ့သူ မြန်မာအလှမယ် မေမြတ်နိုး

အပြန်အလှန်အငြင်းပွားမှုများနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲများ၏ နောက်ကွယ်မှ ရှုပ်ထွေးမှုများကို မီးမောင်းထိုးပြခဲ့သူ မြန်မာအလှမယ် မေမြတ်နိုး
Published 28 December 2014
လင်းလင်းခိုင်

နိုင်ငံတကာအလှမယ်ပြိုင်ပွဲများ၏ နောက်ကွယ်မှ ရှုပ်ထွေးမှုများကို မီးမောင်းထိုးပြနိုင်ခဲ့သည့် မြန်မာအလှမယ် မေမြတ်နိုးနှင့် Miss Asia Pacific World Organization တို့၏ အပြန်အလှန်အငြင်းပွားမှုများကို ၂ဝ၁၄ ခုနှစ်အတွင်း ထင်ရှားခဲ့သည့်ဖြစ်ရပ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။Miss Asia Pacific World ပြိုင်ပွဲတွင် မြန်မာအလှမယ် မေမြတ်နိုးသည် နိုင်ငံတကာအလှမယ်များကိုကျော်ဖြတ်ကာ သရဖူရယူခဲ့ပြီးနောက် ကိုရီးယားနိုင်ငံရှိ K Pop Girl Band တွင် ပါဝင်သီဆိုရန်၊ သရုပ်ဆောင်လုပ်ငန်းများလုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ်ပါ သဘောတူညီချက်အတိုင်း မြန်မာအလှမယ် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့သည် ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ Miss Asia Pacific World Organization  ၏ သရဖူ ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာချက်ထွက်ပေါ်လာခဲ့သည်။ ယင်းကြေညာချက်နှင့် ပတ်သက်၍ မြန်မာအလှမယ် မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ရာ၌ ကိုရီးယားနိုင်ငံသို့ အနုပညာလုပ်ငန်းများလုပ်ကိုင်ရန် သွားရောက်ခဲ့ရာတွင် လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ အဖော်အဖြစ်နေပေးရန်၊ စပွန်ဆာရရန်အတွက် ဧည့်ခံပေးရန် အတင်းအကျပ်ပြောဆို သိမ်းသွင်းမှုများရှိခဲ့ကြောင်း၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပလတ်စတစ်ဆာဂျရီလုပ်ရန် တိုက်တွန်းမှုများ ရှိခဲ့ကြောင်း၊ မိခင်ဖြစ်သူကိုလည်း မြန်မာနိုင်ငံသို့ပြန်ရန် အတင်းအကျပ်ပြောဆိုခဲ့ကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် Miss Asia Pacific World Organization မှတောင်းပန်မှသာ သရဖူကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။သတင်းစာရှင်းလင်းပွဲအပြီးတွင် Miss Asia Pacific World  ပြိုင်ပွဲအတွက် စပွန်ဆာပေးခဲ့သူ လောရင့်ချွိုင်က မေမြတ်နိုးအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ မေမြတ်နိုးကလည်း ၎င်း၏အမှန်တရားအတွက် ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းသို့ အပြန်အလှန်အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုများပြုလုပ်ရန် စေခိုင်းခဲ့ပြီး ယင်းသို့ခွဲစိတ်ပြုပြင်ရန်လိုအပ်သည့် စရိတ်များရှာဖွေရန် စပွန်ဆာပေးမည့်သူများနှင့် အတူနေရန်ခိုင်းစေခဲ့သည်မှာ မှန်ကန်ကြောင်း ကိုရီးယားအလှမယ်ပြိုင်ပွဲစီစဉ်သူက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Korea Bizwire သတင်းဝက်ဘ်ဆိုက် အပါအဝင် ကိုရီးယားအခြေစိုက် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။Asia Pacific  Supertalent of the World  ကျင်းပရေးကော်မတီ၏ ဥက္ကဠဂျန်ဝမ်ယန်းသည်ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးဆောင်ရွက်စေခဲ့ပြီးနောက် မေမြတ်နိုးသည် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုဆောင်ရွက်ရန် တောင်းဆိုခံခဲ့ရသည်မှာ မှန်ကန်ကြောင်း နောက်ဆုံးတွင် စစ်ဆေးတွေ့ရှိခဲ့သည်။ လောရင့်ချွိုင်သည် Supertalent of the World  ပြိုင်ပွဲ၏ အစီအစဉ်များကို ပိုင်ဆိုင်ထားပြီး News Networks Korea ကို ကိုယ်စားပြုသူ ဖြစ်သည်။စုံစမ်းစစ်ဆေးရေးအဖွဲ့က ချွိုင်၏ News Networks Korea သည် ရုံးခန်း မရှိ၊ ရုံးဝန်ထမ်းမရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ချွိုင်သည် ယခင်အလှမယ်ပြိုင်ပွဲများ၌လည်း မလျော်မကန် ဆောင်ရွက်မှုများရှိခဲ့ပြီး အလွဲသုံးစားမှုများရှိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် လိမ်လည်မှုအတွက် ချွိုင်သည် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ခံဝန်ချုပ်ဖြင့် နေထိုင်နေရသူဖြစ်သည်။ Asia Pacific  Supertalent of the World  ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဠသည် ချွိုင်ကို နစ်နာသူများအားလုံးကိုယ်စား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။“အခုလို တကယ့်အမှန်တရားကို အားလုံးက ရှင်းရှင်းလင်းလင်းသိမြင်သွားကြပြီဖြစ်လို့ အရမ်းကိုကျေနပ်ရပါတယ်။ ဒီသရဖူကို တကယ်ထိုက်တန်လို့ရခဲ့တာပါ” ဟု မေမြတ်နိုးက ဆိုသည်။         

Most Read

Most Recent