ပရိသတ်အားပေးမှုများစွာ ရရှိအောင်မြင်ခဲ့သည့် “ဂီတစာဆို လွှမ်းပိုင်”

ပရိသတ်အားပေးမှုများစွာ ရရှိအောင်မြင်ခဲ့သည့် “ဂီတစာဆို လွှမ်းပိုင်”
Published 28 December 2014
သဲသီရိကျော်

၂ဝ၁၄ ခုနှစ်အတွင်း ပရိသတ်များရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တဲ့အထဲမှာ “ ဂီတစာဆိုလွှမ်းပိုင်” တေးစီးရီးကလည်း ထိပ်ဆုံးမှာပါဝင်ခဲ့ပါတယ်။ အဆိုပါတေးစီးရီးခွေကို အကောင်းဆုံးဖန်တီးတင်ဆက်ခဲ့တဲ့ လွှမ်းပိုင်က ၂ဝ၁၄ ခုနှစ်မှာ လူငယ်ပရိသတ်များစွာရဲ့ စိတ်ဝင်တစား ဂရုစိုက်အားပေးမှုကို အများဆုံးရခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။လွှမ်းပိုင်ရဲ့ “ဂီတစာဆိုလွှမ်းပိုင်”တးစီးရီးထဲမှာဆိုရင် လွှမ်းပိုင်ကိုယ်တိုင် ဖန်တီးရေးစပ်ထားတဲ့ တေးသီချင်းပုံစံအမျိုးမျိုးနဲ့ သူများနဲ့မတူတဲ့ တီထွင်ဆန်းသစ်တဲ့ သီဆိုမှုပုံစံတွေကြောင့်လည်း အောင်မြင်တဲ့တေးစီးရီးခွေ ဖြစ်ခဲ့ပါတယ်။ အဲဒီစီးရီးထဲက “မင်းရဲကျော်စွာ ဗိုလ်နေတိုး” တေးသီချင်းကလည်း ဗီဒီယိုဇာတ်ကားအဖြစ် ပြောင်းလဲဖန်တီးတဲ့အထိလူကြိုက်များ အောင်မြင်ခဲ့သလို ရဲရင့်အောင်နဲ့ တွဲဖက်သီဆိုခဲ့တဲ့ “Uptown Girl”၊ ဘန်နီဖြိုးနဲ့ တွဲဖက်သီဆိုခဲ့တဲ့ “ ကောင်လေးတစ်ယောက်ရဲ့ ကောင်မလေး”၊ လွှမ်းပိုင်တစ်ယောက်တည်း သီဆိုထားတဲ့ “သူငယ်ချင်းထံပေးစာ” စတဲ့ သီချင်းတွေကလည်း လူငယ်ပရိသတ်များရဲ့ ပါးစပ်ဖျားမှာ အထူးရေပန်းစားခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။ လွှမ်းပိုင်ရဲ့ “ ဂီတစာဆိုလွှမ်းပိုင်” တေးစီးရီးထဲက အိမ့်ချစ်၊ Bobby Soxer တို့နဲ့ တွဲဖက်သီဆိုထားတဲ့ “ကိုကို” သီချင်းကလည်း ပရိသတ်အားပေးမှုများစွာကို ရရှိခဲ့ရုံသာမက အဆိုပါ တေးသီချင်းအတွက် ရွှေ FM ကပေးတဲ့ ဂီတဆုနဲ့ မိုးရာသီဂီတဆုပေးပွဲမှာလည်း ဆုရရှိခဲ့တဲ့အထိ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြန်ပါတယ်။“ ဒီ ဂီတစာဆိုလွှမ်းပိုင် တေးစီးရီးကို Bobby Soxer  နဲ့ နှစ်ယောက်တွဲ “ဒုံးပျံ” တေးစီးရီးထွက်ပြီးကတည်းက သေချာစီစဉ်ဖြစ်ခဲ့တာပါ။တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးလောက် အချိန်ယူပြင်ဆင်ခဲ့တယ်။ ကျွန်တော်လုပ်ချင်တဲ့ Music ပုံစံတွေအတိုင်းပဲ လုပ်ခဲ့တာပါ။ အခုလည်း ဒီစီးရီးအတွက် MTV  တွေလည်း ရိုက်ကူးနေပါပြီ” လို့ လွှမ်းပိုင်က ပြောပါတယ်။လွှမ်းပိုင်က ၂ဝဝ၆ ခုနှစ်လောက်တည်းက ဂီတလောကထဲ ရောက်ရှိလာပြီး သူများနဲ့မတူတဲ့ တေးသီချင်းဖန်တီးမှု၊ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပြီး Rapping  တွေကို ခပ်မြန်မြန်ရွတ်ဆိုနိုင်မှုတို့ကြောင့် မြန်မာနိုင်ငံရဲ့ Twister တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရတဲ့အထိ အောင်မြင်လာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။          

Most Read

Most Recent