သွန်းဆက် - သရုပ်ဆောင် ပီပြင်ခြင်း၊ ဇာတ်ကောင်စရိုက်ကွဲပြားခြင်းနှင့် ပရိသတ်ရှေ့ ရောက်ရှိလာသူ

သွန်းဆက် - သရုပ်ဆောင် ပီပြင်ခြင်း၊ ဇာတ်ကောင်စရိုက်ကွဲပြားခြင်းနှင့် ပရိသတ်ရှေ့ ရောက်ရှိလာသူ
Published 28 December 2014
စုမှူးနိုင်

၂ဝ၁၄ ခုနှစ်အတွင်းတွင် လူငယ်ကြိုက် ဇာတ်ကောင်စရိုက်များအပြင်  ဗီဒီယိုဇာတ်ကားများအလိုက် မတူညီသည့်ဇာတ်ကောင်စရိုက်များကို အကောင်းဆုံးသရုပ်ဆောင်မှုနှင့်အတူ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သည့် သရုပ်ဆောင်သစ် သွန်းဆက်အား တက်သစ်စ အမျိုးသမီးသရုပ်ဆောင်တစ်ဦးအဖြစ် Weekly Eleven News Journal  ၏ ၂ဝ၁၄ ခုနှစ် ထင်ရှားကျော်ကြားကဏ္ဍတွင် ရွေးချယ်ဖော်ပြအပ်ပါသည်။သွန်းဆက်သည် ၂ဝ၁၂ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီဗန်းကိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရရှိရာမှ သရုပ်ဆောင်လောကအတွင်းသို့ စတင်ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ ယခင်ကမူ သွန်းဆက်သည့် မော်ဒယ်တစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်မှုများ ရှိခဲ့သည်။“ ညီမနေနဲ့ မော်ဒယ်လုပ်တုန်းကတော့ တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၂ ခုနှစ် အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်ခွင့်ရပြီးတော့ ဒီသရုပ်ဆောင်လောကကို စတင်ဝင်ရောက်ချိန်မှာတော့ အရမ်းကြီးခက်ခဲတာမျိုး မကြုံရပါဘူး။အသစ်တစ်ယောက်ကို ကိုယ့်ရဲ့စီနီယာအစ်ကိုတွေ၊ အစ်မတွေကရော ဒါရိုက်တာတွေကပါ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြသလို သိသင့်တာတွေအားလုံးကိုပါ သင်ပေးတဲ့အတွက် အခက်အခဲဆိုတာမျိုး သိပ်မရှိခဲ့ပါဘူး။ သွန်းဆက်ကိုယ်တိုင်အနေနဲ့လည်း ဒီအနုပညာကို ငယ်ငယ်လေးတည်းက ဝါသနာပါတယ်။ ဇာတ်ကားတွေလည်းကြည့်ပြီး သူတို့ရဲ့ သရုပ်ဆောင်မှုတွေကို အမြဲလေ့လာသင်ယူတယ်။ လိုက်ပြီးလေ့ကျင့်တယ်။ အခုလို သွန်းဆက်ရဲ့အနုပညာကြိုးစားလုပ်ဆောင်မှုတွေကို ပရိသတ်တွေကရော မီဒီယာတွေကပါ အသိအမှတ်ပြုအားပေးတဲ့အတွက် ဝမ်းသာရပါတယ်။ ဒီထက်ပိုပြီး ကြိုးစားသွားမှာပါ” ဟု သွန်းဆက်က ဆိုသည်။သွန်းဆက်သည် ၂ဝ၁၃ ခုနှစ်မှစတင်ကာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သူဖြစ်သည်။ စတင်ရိုက်ကူးစဉ်က ဒုတိယမင်းသမီးအဖြစ် ပါဝင်ခဲ့ရာမှ အချိန်တိုအတွင်း အဓိကဇာတ်ဆောင်မင်းသမီးအဖြစ် ဇာတ်ကားများတွင် ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ သွန်းဆက်၏ ပထမဆုံး ဗီဒီယိုဇာတ်ကားမှာ  ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးသည့် “နမ်းသူ့သမိုင်း”တွင် စိုင်းစိုင်းခမ်းလှိုင်၊ သင်ဇာဝင့်ကျော်တို့နှင့် ပါဝင်ခဲ့ပြီး ဒုတိယမြောက်ဇာတ်ကားဖြစ်သည့်  မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ် ဇာတ်ကားသည် ပထမဆုံးဖြန့်ချိခဲ့သည့် ဇာတ်ကားဖြစ်သည်။သွန်းဆက်သည် ၂ဝ၁၄ ခုနှစ်အတွင်း အောင်သီရိ၊ စိန်ဌေး၊ သင်္ကေတ၊ ခရေဖြူ စသည့် ထုတ်လုပ်ရေးများနှင့် ဗီဒီယိုဇာတ်ကား ၃ဝ ကျော် ရိုက်ကူးခဲ့သည်။ ယင်းတို့အနက် ၁၅ ကားကို ၂ဝ၁၄ ခုနှစ်အတွင်းဖြန့်ချိနိုင်ခဲ့သည်။ ယင်းဇာတ်ကားများအနက် ဒါရိုက်တာသားကြီး ရိုက်ကူးသည့် “ ဘဲကွဲ”၊ ဒါရိုက်တာဗန်းကြီး ရိုက်ကူးသည့် “အဖေမဟုတ်သော အဖေ”နှင့် ဒါရိုက်တာဟိန်းစိုးရိုက်ကူးသည့် “အာဒမ်မခူးဖြစ်လိုက်တဲ့ပန်းသီး” ဇာတ်ကားများမှာ ပရိသတ်အားပေးမှုအများဆုံး ဖြစ်ခဲ့သည်။     

Most Read

Most Recent