အနုပညာလောကအတွင်းသို့ ဝင်ရောက်လာသည့် မျိုးဆက်သစ် အနုပညာရှင်များအနက် ပီပြင်သော သရုပ်ဆောင်မှု၊ ဖက်ရှင်ကျနမှုတို့ဖြင့် ပရိသတ်လက်ခံအားပေးမှု များပြားလာခဲ့သူ သရုပ်ဆောင်နန်းဆုဦးအား ထင်ရှားကျော်ကြားကဏ္ဍ၏ တက်သစ်စ အနုပညာရှင်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ နန်းဆုဦးသည် ဂီတလှုပ်ရှားမှုဖြင့် အနုပညာလောကအတွင်းသို့ စတင်ရောက်ရှိလာခဲ့သော်လည်း “ဘောင်” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ သရုပ်ဆောင်တစ်ဦးအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၄ ခုနှစ်အတွင်းတွင် နန်းဆုဦးသည် ဗီဒီယိုဇာတ်ကားအများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၎င်းသရုပ်ဆောင်ခဲ့သည့် ဇာတ်ကားများအား ပရိသတ်နှစ်သက်အားပေးမှု များပြားခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင်ပင် ပထမဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် “သင်္ကြန် ပြတိုက်” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။“နန်းဆုဦးကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေက လက်ခံခဲ့ကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ ဇာတ်ကားတွေ ရိုက်ခွင့်ရခဲ့သလို ဇာတ်ကားတိုင်းကို ပရိသတ်တွေက လက်ခံအားပေးကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်။ နန်းဆုဦးအနေနဲ့ လုပ်ခွင့်ရတဲ့ဇာတ်ကောင်စရိုက်တိုင်းကို အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိခဲ့တယ်ဆိုရင်လည်း နောက်ထပ်ရိုက်ကူးခွင့်ရမယ့် ဇာတ်ကားတွေ မှာ ပြင်ဆင်နိုင်ဖို့ကို ကြိုးစားနေပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေက လက်ခံနေကြတယ်ဆိုတော့ လောလောဆယ်တော့ သရုပ်ဆောင်အလုပ်ကိုပဲ အာရုံစိုက်ပြီးလုပ်ဦးမှာပါ။ ဂီတအလုပ်တွေ လုပ်ဖြစ်မှာ မဟုတ်သေးပါဘူး” ဟု သရုပ်ဆောင်နန်းဆုဦးက ဆိုသည်။သရုပ်ဆောင်နန်းဆုဦး၏ ဖက်ရှင်ကျနမှုအပေါ် ပရိသတ်စိတ်ဝင်စားအားပေးမှုနှင့် ပတ်သက်၍လည်း နန်းဆုဦးက “ဖက်ရှင်ကတော့ အရင်ကတည်းက စိတ်ဝင်စားတာ။ ဖက်ရှင်နဲ့ပတ်သက်ရင် အမြဲတမ်းလေ့လာဖြစ်တယ်။ ကိုယ်တိုင်စိတ်ဝင်စားတော့ အမြဲလိုလိုကြည့်ဖြစ် ဖန်တီးဖြစ်နေတာပေါ့လေ”ဟု ဆိုသည်။ နန်းဆုဦးသည် လတ်တလောတွင် ဗီဒီယိုဇာတ်ကားနှင့် ကြော်ငြာများ ရိုက်ကူးလျက်ရှိကြောင်း သိရသည်။
ပီပြင်သော သရုပ်ဆောင်မှု၊ ဖက်ရှင်ကျနမှုများဖြင့် ပရိသတ် လက်ခံအားပေးလာသည့် နန်းဆုဦး