လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီး ဆန္ဒပြ

လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီး ဆန္ဒပြ
Published 27 December 2014
ငြိမ်းဇော်လင်း၊ အောင်သူ

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ မန္တလေးမြို့တွင် နိုင်ငံရေးအင်အားစုများ၊ ရဟန်းရှင်လူများနှင့် ကျောင်းသားများ စုပေါင်း၍ ဒီဇင်ဘာ ၂၇ ရက်က တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုကို ၇၃ လမ်းနှင့် လမ်း ၃ဝ ထောင့်မှ စတင်ခဲ့ပြီး လမ်း ၃ဝ အတိုင်း ၃၅ လမ်းအထိ၊ ထို့နောက် တရုတ်ကောင်စစ်ဝန်ရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး လက်ပံတောင်းတောင်တွင် ဒေါ်ခင်ခင်ဝင်းအသတ် ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးရန်တောင်း ဆိုခဲ့ကြပြီး ဦးပိုင်၊ ဝမ်ပေါင်တို့ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
ကောင်စစ်ဝန်ရုံး လမ်းအတွင်း၌ ရဲတပ်ဖွဲ့ဝင်များက သံဆူးကြိုး အကာအရံများဖြင့် တားဆီးခဲ့မှုကြောင့် ကောင်စစ်ဝန်ရုံးရှေ့မှ ဖြတ်လျှောက်ဆန္ဒပြခွင့် မရရှိဘဲ အနီး၌သာ ဟောပြောတောင်းဆိုမှုများကို အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
“ဒေါ်ခင်ဝင်းကိုပစ်လိုက်တာဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ ရင်ဘတ်ကို ပစ်လိုက်တာပါပဲ။ တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးဟာ အရေးကြီးလား၊ လက်ပံတောင်း စီမံကိန်းက အရေးကြီးလားဆိုတာ မေးခွန်းထုတ်ချင်ပါတယ်။ ကျွန်တော်တို့ တရုတ်ဆန့်ကျင်ရေးလုပ်နေတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက ဝမ်ပေါင်ကုမ္ပဏီရဲ့ နှိပ်စက်မှုတွေကြောင့် တောင်သူတွေ သေကျေဒဏ်ရာရတဲ့ အထိဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဖြေရှင်းပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုနေခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြရာတွင်ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးသိန်းအောင်မြင့်က ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခဲ့သော စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ အဆင်အခြင်မဲ့သော အစိုးရ၏ ညွှန်ကြားချက်များကြောင့် ပဋိပက္ခများ ဖြစ်ပေါ်ကာ ပြည်သူတစ်ဦးဖြစ်သော ဒေါ်ခင်ဝင်း သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းများအတွက် ဦးသိန်းစိန်အစိုးရတွင်သာ လုံးဝတာဝန်ရှိကြောင်း၊ ၄၃၆ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေးတို့ကဲ့သို့ ကြေးနီစီမံကိန်း အရေးသည်လည်း တိုင်းရင်းသား တစ်ရပ်လုံးနှင့် သက်ဆိုင်သည့် အရေးဖြစ်ကြောင်း၊ လက်ပံတောင်းတောင် သတင်းများကို အသုံးချကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်နေသယောင် မြန်မာ့ဒီမိုကရေစီအရေးကို ဝေဝါးလမ်းလွဲအောင် အကောက်ကြံမှုများကိုလည်း သတိရှိရန်နှိုးဆော်ကြောင်း ရွှေဝါရောင်သံဃာ့ကွန်ရက် (အထက်မြန်မာပြည်)က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်ကို ဆန္ဒပြသူများက တရုတ်ကောင်စစ်ဝန်ရုံးသို့ပေးရန် ရဲတပ်ဖွဲ့ဝင်များမှတစ်ဆင့် ကမ်းလှမ်းခဲ့သော်လည်း ကောင်စစ်ဝန်ရုံးက ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဘဝအလင်းဆရာတော် ဦးသောဘိတက “တိုင်းပြည်ကို သစ္စာဖောက်နေတဲ့သူတွေက လက်နက်မဲ့ပြည်သူတွေလား၊ လက်နက်ကိုင်တွေလား၊ အာဏာမဲ့တဲ့သူတွေလား၊ အာဏာရှိတဲ့သူတွေလားဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။
ထိုသို့ဆန္ဒပြမှုကို တရားဝင်လျှောက်ထားကာ ပြုလုပ်ခဲ့ခြင်း မဟုတ်သော်လည်း ၎င်းတို့အား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုသွားမည် မဟုတ်ကြောင်း မန္တလေးခရိုင် ဒုရဲမှူးကြီး ဦးစိန်ထွန်းက ပြောကြားသည်။
“တရားစွဲဖို့မရှိပါဘူး။ လက်ရှိအနေအထားမှာ ပြည်သူတွေရဲ့ ရင်ထဲမှာဖြစ်နေတဲ့ ဆန္ဒအနေအထားအရ လတ်တလောမှာတော့ သူတို့လမ်းလျှောက်တဲ့ အချိန်မှာ တားတာဆီးတာ မလုပ်ဘူး။ ဒီနေရာကတော့ ကန့်သတ်နယ်မြေ ဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ့်မြန်မာပြည်ကို ပြောတာဆိုတာ ရှိလာမှာစိုးတဲ့အတွက် လုံခြုံရေး တာဝန်ယူ ဆောင်ရွက်တာပါ” ဟု မန္တလေးခရိုင် ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
 
 

Most Read

Most Recent