နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများ ယနေ့ပြုလုပ်မည်

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများ ယနေ့ပြုလုပ်မည်
Published 26 December 2014
ကျော်ထင်

နှစ်ပေါင်း ၆ဝ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် (ယနေ့) ပြုလုပ် မည်ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဆင့်ဟူ၍ သုံးမျိုးရွေးချယ် တင်မြှောက်မည်ဖြစ်သည်။ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်တွင် ရပ်မိရပ်ဖ (ဥက္ကဋ္ဌ)၊ အတတ်ပညာရှင်/အသိပညာရှင်၊ လူမှုရေး ပညာရှင်ဟူ၍ သုံးမျိုးခွဲထားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဆင့်တွင်လည်း အလားတူ သုံးမျိုးခွဲခြားထားသည်။
စုစုပေါင်းကိုယ်စားလှယ် ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်တွင် ကိုယ်စားလှယ်လောင်း ၃၈ ဦး၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်တွင် ကိုယ်စားလှယ်လောင်း ၄၂ ဦးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဆင့်တွင် ကိုယ်စားလှယ်လောင်း ၂၁၃  ဦးတို့ဖြစ်သည်။ ယင်း ၂၉၃ ဦးထဲမှ စုစုပေါင်းကိုယ်စားလှယ် ၁၁၅ ဦး ကို ရွေးချယ်မည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်၌ လေးဦး၊ ခရိုင်စည်ပင်သာယာရေး ကော်မတီအဆင့်၌ ၁၂ ဦးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဆင့်၌ ၉၉ ဦး တို့ဖြစ်သည်။
ယင်း ၁၁၅ ဦးထဲမှ ၃၉ ဦးမှာ ပြိုင်ဘက်မရှိခြင်းကြောင့် အလိုအလျောက် ရွေးချယ်ခံရမည်ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲများသည် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း ကျင်းပသည့် ရွေးကောက်ပွဲများဖြစ်ပြီး တစ်အိမ်ထောင်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တစ်ဦးနှုန်းဖြင့် စုစုပေါင်းမဲပေးမည့်သူ ၄ဝ၈ဝဝဝ ရှိသည်ဟု ရန်ကုန်မြို့တော်ကော်မရှင်က ထုတ်ပြန်ထားသည်။ ထိုသို့ တစ်အိမ်ထောင်လျှင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးရမည့်အချက်ကို များစွာဝေဖန်နေကြပြီး စည်ပင်နယ်နိမိတ်အတွင်း နေထိုင်သည့်လူဦးရေ ငါးသန်းကျော်အနက် မဲပေးပိုင်ခွင့်ရှိသူ ၄ဝ၈ဝဝဝ သာ ရှိခြင်းဖြစ်သည်။
မဲပေးနိုင်သည့် မဲရုံစုစုပေါင်း ၁ဝ၆၈ ရုံရှိမည်ဖြစ်ပြီး မဲရုံများကို စာသင်ကျောင်းများတွင် အများဆုံးပြုလုပ်မည်ဖြစ်ပြီး အချို့မဲရုံများကို ဓမ္မာရုံများတွင် ပြုလုပ်မည်ဖြစ်သလို အချို့နေရာများ၌ ယာယီမဲရုံသစ်များလည်း ဆောက်လုပ်ထားမည်ဖြစ်သည်။
မဲပေးချိန်ကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ထားပြီး မဲစာရင်း ပါရှိသူကိုယ်တိုင် မှတ်ပုံတင်ယူဆောင်၍ လာရောက်မဲပေး ရမည်ဖြစ်သည်။ မဲပေးမည့်သူများအနေဖြင့် စုစုပေါင်း ခုနစ်မဲပေးရမည်ဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အတွက်တစ်မဲ၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (ရပ်မိ ရပ်ဖ) အတွက်တစ်မဲ၊ ခရိုင်စည်ပင်သာယာရေး ကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်) အတွက် တစ်မဲ၊ ရိုင်စည်ပင်သာယာရေး ကော်မတီဝင် (လူမှုရေးအဖွဲ့အစည်း) အတွက် တစ်မဲ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ (ရပ်မိရပ်ဖ) အတွက် တစ်မဲ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် (အတတ်ပညာရှင်၊ အသိပညာရှင်) အတွက် တစ်မဲနှင့်  မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် (လူမှုရေးအဖွဲ့အစည်း) အတွက် တစ်မဲတို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများသည် နှစ်ပေါင်းများစွာကြာမှ ကျင်းပသည့် ရွေးကောက်ပွဲဖြစ်၍ ပြည်သူများ စိတ်ဝင်စားမှုနည်းပါးပြီး ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ်စည်းရုံမှုများစွာ ပြုလုပ်နေသော်လည်း မသိရှိသူများကလည်း မသိရှိကြသေးပေ။
“မဲစာရင်းမှာပါတဲ့သူတိုင်း မဲလာပေးဖို့ ပြောချင်ပါတယ်။ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာ ကျင်းပသွားမှာပါ” ဟု ရန်ကုန်မြို့တော်ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့အား ပြုပြင်ပြောင်းလဲရေးတွက် အဓိကအခန်းအနေဖြင့် ပါဝင်မည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ အခက်အခဲများအား အမှန်တကယ် လုပ်ဆောင်ပေးနိုင်မည့် သူကိုသာ ရွေးချယ်မဲပေးရန် အရေးကြီးလှသည်။
 
 
 

Most Read

Most Recent