ပစ္စုပ္ပန်နှင့် အနာဂတ်

ပစ္စုပ္ပန်နှင့် အနာဂတ်
Published 26 December 2014
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေများသည် မည်မျှပင် အကောင်းမြင်သော်လည်း ကြိုတင်ခန့်မှန်းရန် ခက်ခဲနေသေးသော အခြေအနေများ ဖြစ်သည်ဟု ယူဆသည်။စီးပွားရေးနှင့် နိုင်ငံရေး ဆက်စပ်ကာ (အခြေပြုကာ) ဖြစ်ပေါ်လာသော ယနေ့ကာလ အခြေအနေများသည် အနာဂတ်ကာလ၏ အခြေအနေများနှင့် မည်သို့မည်ပုံ ဆက်စပ်တည်ရှိ စေနိုင်မည်နည်းဟူသော ပဟေဠိပင် ဖြစ်သည်။အခြေခံ လူတန်းစား အများစုရှိသော နိုင်ငံ၊ လူတစ်ဦးချင်းဝင်ငွေ နိမ့်ကျသော နိုင်ငံ၊ ဆင်းရဲချမ်းသာ ကွာဟမှု တစ်စပြီးတစ်စ ကြီးမားလာနေသော နိုင်ငံ၊ ပြည်တွင်းပဋိပက္ခများ မပြီးဆုံးသေးသော နိုင်ငံ၊ ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) နှင့် လုပ်ခလစာနှုန်းထား (Wage Rate) တို့အကြား ဝိရောဓိပြဿနာရှိနေသော နိုင်ငံ၊ မည်သည့်စီးပွားရေး ကဏ္ဍကို ဗဟိုပြုကာ စက်မှုနိုင်ငံ ထူထောင်ရန် အဖြေရှာနေရဆဲရှိသော နိုင်ငံ အနေဖြင့် အနာဂတ် ဟောစာတမ်းကို ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲနေခြင်းပင် ဖြစ်သည်။အထူးသဖြင့် မူဝါဒများ အကြားတွင် တည်ရှိလေ့ရှိသော မည်သည့်အတွက် (Why)၊ မည်သူ့အတွက် (For Whom) နှင့် မည်သည့်အချိန် (When) တွင် မည်သို့သော (Which)၊ မူဝါဒများ (Policies) ကို ရေးဆွဲချမှတ် ပေးရမည်နည်းဟူသော အချက်များကို မည်သူက (Who) ရုပ်လုံးဖော်ရသနည်းဆိုသည့် အချက်ငါးချက်သည် လွန်စွာ အရေးပါလှသည်။
မူဝါဒများ အကြားတွင် တည်ရှိလေ့ရှိသော မည်သည့်အတွက် (Why)၊ မည်သူ့အတွက် (For Whom) နှင့် မည်သည့်အချိန် (When) တွင် မည်သို့သော (Which)၊ မူဝါဒများ (Policies) ကို ရေးဆွဲချမှတ် ပေးရမည်နည်းဟူသော အချက်များကို . . . . .

ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ခြင်းနှင့်အတူ အသွင်မတူ အမြင်မတူမှုများဖြင့် ယနေ့ ရင်ဆိုင်နေရသော လူမှုစီးပွားရေး အခြေအနေများကို ကျော်လွှားနိုင်သော်လည်း မလိုလားအပ်သော အတ္တများနှင့် မာနများကို ရှေ့တန်းတင် စဉ်းစားကြလျှင်မူ တိုင်းပြည်ကံကြမ္မာသည် ခန့်မှန်းရန် ပိုမို၍ ခက်ခဲသွားပေမည်။ သဘာဝဘေးဒုက္ခ အန္တရာယ်သည် အခြားအခြားသော အာရှနိုင်ငံများကဲ့သို့ မများပြားသော်လည်း ကျန်းမာရေး (အထူးသဖြင့် လေမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ၊ ခြင်၊ ယင်၊ ကြွက် စသည်တို့မှ ကူးစက်နိုင်သော ရောဂါများ အစရှိသည့်) အခြေအနေမှာ လွန်စွာစိုးရိမ်ဖွယ် ဖြစ်နေသည်ကိုလည်း တွေ့မြင်ရသည်။နိုင်ငံ၏ လိုအပ်သော ဘဏ္ဍာရေးကို ဖြည့်ဆည်းပေးနိုင်သော ပုဂ္ဂလိက စီးပွားရေးကဏ္ဍ နည်းမှန်လမ်းမှန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့်တကွ ယင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အပံ့ပြုပေးမည့် ဗျူရိုကရက် ယန္တရားများ၏ ပူးပေါင်းဆောင်ရွက်ပေးမှု၊ အခွန်ကောက်ခံမှုနှင့် အခွန်သုံးစွဲမှုတို့ကို ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို မထိခိုက်စေဘဲ ယင်းပုဂ္ဂလိကကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရန် အထောက်အပံ့အဖြစ် ပံ့ပိုးဆောင်ရွက်မှုတို့သည်လည်း အရေးပါလှသည်။ယနေ့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အရင်းအမြစ်တွင် ပြည်ပနိုင်ငံများ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ (FDI) ပြည်ပနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဘဏ္ဍာရေး အကူအညီများ အပေါ်တွင် များစွာ မှီခိုနေရပြီး ယင်းတို့ကို ဘဏ္ဍာရေး လိုအပ်ချက်များအတွက် အစားထိုးနေရဆဲပင် ဖြစ်သော်လည်း ပြည်တွင်းအသားတင် အရင်းအနှီး တည်ဆောက်မှု ပမာဏကို နိုင်ငံသားများ၏ စုဆောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် တစ်စတစ်စ တိုးတက်မြင့်မားလာပြီး ပြည်ပနိုင်ငံများ၏ ဘဏ္ဍာရေး အရင်းအမြစ်များ ဘဏ္ဍာရေးလိုအပ်ချက် ဖြည့်ဆည်းမှုများကို တစ်စတစ်စ လျှော့ချနိုင်ရန် လိုအပ်ပေမည်။စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဟန်ချက်ညီညီ ရှိစေခြင်းဖြင့် ယင်းပြုပြင်ပြောင်းလဲမှုများသည် ယနေ့ရင်ဆိုင်နေရဆဲ အခြေအနေများကို ကျော်လွှားသွားနိုင်ပေလိမ့်မည်။ တစ်နည်းအားဖြင့် ၂၀၁၅ ခုနှစ်လွန် (၂၀၁၅ ခုနှစ် နောက်ပိုင်း) မြန်မာ့စီးပွားရေးသည် မည်သည့် အခြေအနေတွင် ရှိသင့်သနည်း ဆိုသည်ကို သိရှိရန် လိုအပ်ပေလိမ့်မည်။

Most Read

Most Recent